နေပြည်တော် (မဇ္ဈိမ)။ ။ မျိုးစောင့်ဥပဒေများဟု လူသိများသော ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ ကြားနားပွဲကို ယနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အရပ်ဘက် လူ့အဖွဲ့အစည်းများမှ ဆွေးနွေးရာတွင် မည်သည့်အကြောင်းကြောင့် ဥပဒေ ပြဋ္ဌာန်းရန် လိုသည်၊ ဖြစ်နေသည့်ပြဿနာ၏ ပမာဏကို ဆန်းစစ်ရန်၊ မှတ်ပုံတင်မည့် အဖွဲ့အစည်းများ၏ သမာသမတ်ကျမှု၊ တရားဥပဒေ စိုးမိုးမှုဆိုင်ရာများကို ထောက်ပြခဲ့ကြသည်။
Myanmar Development and Research Institute မှ ဦးတင်မောင်သန်းက ‘‘ပွင့်ပွင့်လင်းလင်းပဲ ဒီပြဿနာကို ပြောပါမယ်။ ဗုဒ္ဒဘာသာနဲ့ အစ္စလာမ်ဘာသာ ဖြစ်နေတဲ့ပြဿနာပါ၊ ဒီပြဿနာ အတွက် တခြားဘာသာတွေကိုပါ ဆွဲသွင်းလိုက်သလား စဉ်းစားစရာပါ၊ လောလောဆယ် ဒါပထမဦးဆုံး ရှင်းဖို့လိုမယ်ထင်ပါတယ်’’ ဟု ပြောကြားသည်။
‘‘ဆိုလိုတာက အစ္စလာမ်ဘာသာ ထိုးဖောက်မှု အဲဒီဘာသာရဲ့ population (လူဦးရေ) ကြီးလာမှုကို စိုးရိမ်တာ ဖြစ်မယ်ထင်တယ်။ ဒါကို concern (စိုးရိမ်မှု) ဖြစ်တယ်ဆိုရင် ဒါကို ဘယ်လို address(ကိုင်တွယ်) မလဲ၊ နံပတ်တစ် ဘာကို စဉ်းစားဖို့လိုလဲ၊ ကျွန်တော်တို့က အဲဒါလေးကို ပြောရင် လူ့အခွင့်အရေးနဲ့ ဘာညာ ဖြစ်သွားမလား၊ ဒါမှမဟုတ် ငါတို့က တန်းတူညီမျှဖြစ်တဲ့ဆိုတဲ့ ဟန်ဆောင်မှုကြီးကြောင့်လား၊ ဒီလိုပဲ ကျွန်တော်တို့ သုံးသပ်လို့ရတယ်’’ ဟု ဖြည့်စွက်ပြောသည်။
ထို့ပြင် ဘူးသီးတောင်-မောင်တောတွင်ဖြစ်သည့် ကိစ္စရပ်ကို တစ်မျိုးသားလုံးကိစ္စအဖြစ် ကိုင်တွယ်ပါက တစ်မျိုးသားလုံးဆိုင်ရာ ပြဿနာ အကျိုးဆက်များကို တန်ပြန်ခံစားရဖြစ်သဖြင့် ပြဿနာကို ကိုယ်တွယ်နိုင်ရန် အရေးကြီးသည်ဟု ၎င်းက သတိပေးသည်။
၎င်းက ‘‘Local လား National လယ်ဗယ်လားဆိုတာ အရေးကြီးပါတယ်။ ဒါကို ယေဘုယျအားဖြင့် လေ့လာထားချက် မရှိပါဘူး၊ အထောက်အထား မရှိပါဘူး’’ ဟု ဆိုသည်။
၎င်းက အမျိုးသမီး ၂၀ အား ပတ်ဝန်းကျင်တွင် အခြားဘာသာဝင်များ အထူးသဖြင့် အစ္စလာမ် ဘာသာဝင်များနှင့် လက်ထပ်ထိမ်းမြားမှု ရှိ၊ မရှိမေးမြန်းရာ မရှိဟု ဖြေကြားခဲ့ပြီး အမျိုးသမီးတစ်ဦး၏ တွင် အခြားအမျိုးသမီး မိတ်ဆွေ ၅၀ ခန့်ရှိနိုင်သဖြင့် လူဦးရေ ၁၀၀၀ ကို မေးမြန်းခဲ့သည်ဟု ယူဆ၍ ရသည်ဟု ဆိုသည်။
‘‘ဆိုလိုတာက အဲဒီအမျိုးသမီး ၂၀ နဲ့ နောက်မှာ အမျိုးသမီး ၅၀ ရှိတယ်လို့ ယူဆပါတယ်။ မူဝါဒတွေ ရေးဆွဲတဲ့အခါ အစိုးရပိုင်းမှာလည်း ရှိပါတယ်၊ ဖြစ်ချင်တာတွေ လုပ်ပြီးတော့ တကယ်ဖြစ် နေတာကို ဖြေရှင်းတာ မဟုတ်ပါဘူး။ ပိုလွန်တုံ့ပြန် ဖြေရှင်းတာတွေ ဖြစ်သွားပါလိမ့်မယ်။ အများကြီး ဂယက်ရိုက်နိုင်ပါတယ်၊ မလေးရှားမှာ အသတ်ခံရတဲ့ကိစ္စတွေဟာ ဒါနဲ့ ဆက်စပ်ပါတယ်’’ ဟု ၎င်းက ပြောသည်။
တည်ဆဲ ၁၉၅၄ လက်ထပ်ထမ်းမြားခြင်း ဥပဒေအရ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးသည် အခြားဘာသာဝင် တစ်ဦးနှင့် လက်ထပ်ပြီး အခြားဘာသာသို့ ကူးပြောင်းသော်လည်း ဗုဒ္ဓဘာသာဝင် အဖြစ် အသိအမှတ်ပြု၍ ခံစားခွင့်များရှိသော်လည်း ယခု ဥပဒေအတည်ပြုပါက ယင်းအခွင့်အရေး ဆုံးရှုံးမည်ဟု ဆိုသည်။
Tri Angle Women Support Group မှ ဒေါ်ခင်လေးက ‘‘ကျွန်မသည် ဗုဒ္ဓဘာသာအမျိုးသမီး သမီးတစ်ယောက် အမေဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ပါတယ်။ ဥပဒေတစ်ခုဟာ ရည်ရွယ်ချက် ကောင်းကောင်းနဲ့ ကြိုးစားပေမယ့် တကယ့်လက်တွေ့ မှာ ဘယ်လောက် ကျင့်သုံးနိုင် မကျင့်သုံးနိုင် ဆိုတာကို ပြန်သုံးသပ်ဖို့ လိုပါတယ်’’ ဟု ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံက အသွင်ကူးပြောင်းရေး လုပ်ငန်းများ လုပ်ငန်းနေချိန်တွင် မှတ်ပုံတင်အဖွဲ့များ က သုံးစွဲမည့် ငွေကြေးဘတ်ဂျက် လုံလောက်စွာရှိရန်လည်း လိုအပ်သည်ဟု ဒေါ်ခင်လေးက ပြောသည်။
၎င်းက ‘‘အထူးသဖြင့် အခုလိုအချိန်မှာဆိုရင် ငွေအင်အားကော၊ နည်းပညာအင်အားကော ၊ လူအင်အားကို အစစအရာရာ ချိုတဲ့နေတဲ့အချိန်မှာ ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး တကယ်မကျင့်သုံး နိုင်ခဲ့ရင် ပြန်ပြီးတော့ စဉ်းစားဖို့ လိုမယ်လို့ ထင်ပါတယ်’’ ဟု ပြောသည်။
Gender Equality Network မှ ဒေါ်မေစံပယ်ဖြူက ဘာသာကူးပြောင်းခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်းသည် ဆက်စပ်နေသည်ဟု အခိုင်အမာ ပြောကြားသည်။
၎င်းက ‘‘ဗုဒ္ဓဘာသာဝင် မိန်းမတစ်ဦးကို လက်ထပ်လိုတဲ့ အခြားဘာသာဝင် တစ်ယောက်က ဒီအမျိုးသမီးနဲ့ တရားဝင်လက်ထပ်ခွင့်ရဖို့ သက်သေခံလက်မှတ်ကို လိုအပ်မှာဖြစ်ပါတယ်’’ ဟု ဆိုသည်။
‘‘ဘာသာကူးပြောင်းဖို့ လက်မှတ်က လက်ထပ်ထိမ်းမြားဖို့ လိုအပ်တဲ့ လက်မှတ်ဖြစ်သင့် ပါသလား’’ ဟု ၎င်းက မေးခွန်းထုတ်လိုက်သည်။
အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)မှ ဦးသွေးချွန်က ‘‘ကျွန်တော်တို့ ဒီဥပဒေကို စလုပ်ကတည်းက ဘုမသိဘမသိ ကန့်ကွက်တာတွေ ခံခဲ့ရတာ။ တခြား ဘာသာတွေ အတွက် ကာကွယ်ထားတဲ့ ပြဋ္ဌာန်းဥပဒေရှိတာ ကြာလှနေပြီ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာက ခုမှ စရတာ။ ပြောရရင် ခေတ်အဆက်ဆက် အစိုးရတွေ ရှက်ဖို့ကောင်းတယ်။ ရှေ့ကလူတွေ သမိုင်း တရားခံလို့တောင် ပြောလို့ရတယ်’’ ဟု ပြောသည်။
မျိုးစောင့်ဥပဒေများဟု ခေါ်တွင်သော ဥပဒေကြမ်းလေးရပ်ကို အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့များက လက်မှတ် ၁၃ သိန်းဖြင့် သမ္မတထံ တောင်းဆို၍ ဥပဒေပြုရန် တင်ပြခဲ့ခြင်း ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment