Saturday, April 4, 2015

လက်ပံတောင်းသပိတ်ဖြိုခွင်းမှုကို ဆန္ဒပြသူနှစ်ဦး ထောင် လေးလ ချခံရ

ရန်ကုန် (မဇ္ဈိမ) ။ ။ လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခံရခြင်းကို ဆန့်ကျင်သည့်အနေဖြင့် ခွင့်ပြုမိန့်မယူဘဲ ဆန္ဒပြခဲ့သည့် ဒေါ်နော်အုန်းလှနှင့် ဦးသန်းထွေးကို ဗဟန်းမြို့နယ် တရားရုံးမှ ဧပြီ ၂၂ရက်တွင် ထောင် ၄လ အမိန့်ချလိုက်သည်ဟု ဗဟန်းမြို့နယ် ရဲစခန်းမှ တာဝန်မှူးက မဇ္ဈိမကို ပြောသည်။

"ဟုတ်တယ်။ ဒီနေ့ပဲ ဗဟန်းတရားရုံးက ထောင်၎လစီ ချလိုက်တယ်။ ပုဒ်မ (၁၈) နဲ့ပေါ့"ဟု ၎င်းက ပြောသည်။

ထိုသို့ ဒေါ်နော်အုန်းလှ နှင့် ဦးသန်းထွေးတို့အား ပုဒ်မ ၁၈ဖြင့် ထောင်ချလိုက်ခြင်းသည် လူတစ်ယောက်၏ မွေးရာပါ ရသင့်ရထိုက်သည့် လူ့အခွင့်အရေးကို အစိုးရက ချိုးဖော်လိုက်ခြင်း ဖြစ်သည်ဟု Generation wave အဖွဲ့မှ ကိုမိုးသွေးက မဇ္ဈိမကို ပြောသည်။

"လူတိုင်းမှာ လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရှိတယ်။ အဲဒါကို အခြေခံ ဥပဒေနဲ့ ပြန်ထိန်းချုပ်ထားတယ်။ လူတိုင်မှာ မွေးရာပါ အခွင့်အရေးကို  ဥပဒေနဲ့ကန့်သတ်ထားတယ်၊ ဒီပုဒ်မ (၁၈) ဆိုတာက တကယ်ကိုမရှိသင့်တဲ့ ဥပဒေပဲ။ ဒေါ်နော်အုန်းလှတို့ကို ထောင်ချတာ ဒါလူ့အခွင့်အရေးကို  ချိုးဖောက်တာ"ဟု ၎င်းက ပြောသည်။

လက်ပံတောင်းတောင် သပိတ်စခန်းအကြမ်းဖက် ဖြိုခွဲခံရခြင်း ၂၂ လပြည့် အထိမ်းအမှတ်အဖြစ် ၎င်းတို့နှစ်ဦး အပါအဝင် တက်ကြွလှုပ်ရှားသူ ၂၀ ဦးခန့်က စက်တင်ဘာ ၂၉ ရက်တွင် မြေနီကုန်း ဒဂုံစင်တာ အရှေ့မှ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုဒ် အထိ လမ်းလျှောက် ဆန္ဒပြခဲ့သည်။

ဆန္ဒပြရာ၌ လက်ပံတောင်းတောင် စီမံကိန်းအတွင်းမှ တရုတ်နိုင်ငံသား နှစ်ဦးကို ဖမ်းဆီးရာတွင် ပါဝင်သည်ဟုဆိုကာ ထိန်းသိမ်းခံရသည့် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် မဖြူနှင်းထွေးကို ပြန်လွှတ်ပေးရန် အတွက်လည်း တောင်းဆိုခဲ့သည်။

ဆန္ဒဖော်ထုတ်ရာတွင် ဗကသ ကျောင်းသူ မဖြူနှင်းထွေးချက်ချင်းလွှတ်၊ လက်ပံတောင်းတောင် မီးလောင်ဗုံး တရားခံ ဖမ်းဆီးရမိရေး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး၊ မတရားဖမ်းဆီး ထောင်ချခံ တောင်သူလယ်သမား အလုပ်သမားများအမြန်လွှတ်၊ လယ်ယာမြေပြသနာမဖြေ ရှင်းဘဲမငြိမ်း ချမ်းနိုင် အစရှိသည့် ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့သည်။

မုံရွာမြို့ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဝမ်ပေါင်ကုမ္ပဏီရှေ့တွင် ၂၀၁၂ ခုနှစ်  နိုဝင်ဘာလ ၂၉ရက် နံနက် ၃နာရီခန့်က သပိတ်စခန်းဖွင့်လှစ်ကာ ဆန္ဒပြသော သံဃာများနှင့်  ဒေသခံများကို အာဏာပိုင်များက အင်အားသုံး ဖြိုခွဲခဲ့သောကြောင့်  သံဃာတော်အချို့ မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။


Credit - Mizzima News

No comments:

Post a Comment