Wednesday, April 1, 2015

တရားဟောခွင့် အကန့်အသတ်မရှိ ပိတ်ပင်ခံလိုက်ရတဲ့ ရွှေညဝါဆရာတော် မဟန ကို ဘယ်လို တုန့်ပြန်သလဲ

ရွှေညဝါ ဆရာတော်ဟု လူသိများသည့် ဆရာတော် ဦးပညာသီဟကို နိုင်ငံတော် သံဃာ့နယာက အဖွဲ့က သာသနာတော်နှင့် မသက်ဆိုင်သည့် အကြောင်းအရာများ ဟောကြားသည်ဆိုကာ တရားဟောခွင့် အကန့်အသတ်မရှိ မတ်လ ၂၅ ရက် နေ့စွဲဖြင့် ပိတ်ပင်လိုက်သည်။

shwe-nya-wa
(ဓာတ်ပုံ-အီးပီအေ)



ရွှေညဝါဆရာတော်ကို ဘယ်လိုတရားမျိုးတွေ ဟောကြားခဲ့တာကြောင့် တရားဟောခွင့် ပိတ်ပင်ခံရတာပါလဲ၊ တရားဟောခွင့် ပိတ်ပင်လိုက်တဲ့အပေါ် ဆရာတော် ဘယ်လိုရှုမြင်ပါသလဲ၊ တရားဟောခွင့် ပိတ်ပင်လိုက်တဲ့ နိုင်ငံတော် သံဃာ့နယာက အဖွဲ့ကို ရွှေညဝါ ဆရာတော် ဘယ်လို တုန့်ပြန်မိန့်ကြားပါသလဲ စသည်တို့ကို ရွှေညဝါ ဆရာတော်ကို မဇ္ဈိမက လျှောက်ထားမေးမြန်း ခဲ့ခြင်းဖြစ်သည်။

တရားပွဲ ပိတ်ခံရတဲ့အပေါ် ဘယ်လို မိန့်ချင်ပါသလဲ။

ဒါကတော့ ၂၀၁၅ ရောက်လာကတည်းက တို့အလှည့် ဘယ်တော့ ရောက်လာမလဲဆိုတာ စောင့်နေတာပါ။ ၂၀၁၅ ရောက်လာပြီဆိုတော့ သိပ်တော့ မဆန်းပါဘူး။ တရားပွဲ ပိတ်တယ်ဆိုတာထက်ကို ကျော်ပြီးတော့ ငါထောင် ဘယ်နေ့ကျမလဲ ဆိုတာကို တို့တွေက ခေါင်းထဲမှာ ထည့်ထားတာပါ။

အရှင်ဘုရားဟာ ဗုဒ္ဓတရားတော်တွေနဲ့ မသက်ဆိုင်တဲ့ တရားတွေဟောတယ် ဆိုတဲ့အပေါ်မှာကော ဘယ်လို မိန့်ချင်ပါသလဲ။

၂၀၁၄ ဒီဇင်ဘာလောက်ကတည်းက ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်အတွက် ပြည်သူတွေ စိတ်ဝင်စားအောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ရရှိဖို့ရယ်၊ ပြည်တွင်းစစ်တွေ ငြိမ်းချမ်းဖို့ရယ် တရားဥပဒေစိုးမိုးဖို့ရယ် ပညာရေးနဲ့ပတ်သက်ပြီးတော့လည်း ကျောင်းသားကျောင်းသူတွေအတွက် အကောင်းဆုံး ဖြစ်လာတဲ့ အခြေအနေမျိုးအထိ ဆောက်ရွက်ပေးသင့်တယ် ဆိုတာကို ဟောတယ်လေ။ အဲဒါတွေ ဟောတာက ဗုဒ္ဓဘာသာနဲ့ မပတ်သက်ဘူးဆိုရင် ငါနဲ့ တုတ်တဲ့ ကိုယ်တော်တွေကျတော့ ဗုဒ္ဓဘာသာနဲ့ ကိုက်ညီရဲ့လား။ အဲဒါ မေးစရာ ဖြစ်လာတာပေါ့။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဟောတယ် ဆိုတာကကော ဗုဒ္ဓအလိုကျ တရားတော်လို့ မပြောနိုင်ဘူးလား။

၂၀၁၅ ရောက်လာပြီဆိုတည်းက ငါတို့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီလိုပဲ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပြီးသား သိပြီးသားပါ။

ဆိုဆုံးမမှုကို မနာခံဘူးလို့ ဆိုတဲ့အပေါ်မှာကော။

ဆိုဆုံးမမှုဆိုတာက မိစိတ်၊ ဖစိတ်၊ ဆရာသမားစိတ်၊ လူကြီးသူမစိတ်ရှိပြီးတော့ မှန်မှန်ကန်ကန် ဆုံးမမယ်ဆိုရင်တော့ မလိုက်နာနိုင်စရာ အကြောင်းမရှိဘူး။ မိစိတ်၊ ဖစိတ်၊ ဆရာစိတ်၊ သမားစိတ်

လူကြီးသူမစိတ်မရှိဘဲနဲ့ နာယကဂုဏ် မပြည့်စုံဘဲ ဟိုစည်းမျဉ်းထုတ်၊ ဒီစည်းမျဉ်းထုတ် ဘုရားဟောလည်း မဟုတ်ဘဲနဲ့ ထုတ်ချင်တဲ့ စည်းမျဉ်းထုတ်နေတာ ဘာလို့လိုက်နာရမှာလဲ။ လိုက်နာစရာမလိုဘူး။

တရားဟောခွင့် ပိတ်ပင်ခံရတာနဲ့ ပတ်သက် ဆက်စပ်ပြီးတော့ပေါ့လေ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုအပေါ်မှာကော အရှင်ဘုရားဘယ်လို မိန့်ချင်ပါသလဲ။

ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ အရှင်ဆန္ဒာဓိကလည်း ပြောဖူးပါတယ်။ ကျောင်းသားကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကိုကျော်သူတို့ဆီကို သဝဏ်လွှာပို့တဲအထဲမှာ ဘုန်းကြီးလူထွက်ဟာ ဘုန်းကြီးလူထွက် အကျင့်ကို ဘယ်လိုပဲ ပြင်ပြင် လူဖြစ်သွားပေမယ့် မပျောက်ပါဘူးတဲ့။ အာဏာရှင် လူထွက်ဟာလည်း အာဏာရှင်ရဲ့ စရိုက်တွေဟာ ဘယ်လိုပဲ ပြင်ပြင် မပျောက်ပါဘူးတဲ့။ မိဘ ပြည်သူများ ခင်ဗျာဆိုတဲ့စကားကို စိတ်စေတနာမပါဘဲနဲ့ ပြောတာထင်ရှားပါတယ်လို့ သူက ဝေဖန် ထောက်ပြထားတာကို ဘုန်းကြီးတို့က အဲဒါကို လက်ခံပါတယ်။

အခုလို မဟန က ထုတ်ပြန်တဲ့အပေါ်မှာကော ဘာပြောချင်ပါသလဲ။

မိဘ ဆရာသမားစိတ် တကယ်ရှိရင် တပည့်သားမြေးတွေ တစ်ကြိမ်တစ်ခါမို့ မလိမ္မာတာလေးတွေ သည်းခံလိုက်ပါ ခွင့်လွှတ်လိုက်ပါ ဆိုပြီးတော့ အကာအကွယ်ပေးပြီးတော့ ပြောခဲ့တာမျိုး သံဃာ့နာယကတွေမှာ နာယက ဂုဏ်ဆိုတဲ့ ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ထောက်ရှုဆိုတဲ့ နာယကဂုဏ် ဒီကနေ့ ရှိသလား၊ မိစိတ်၊ ဖစိတ်၊ ဆရာသမားစိတ် တကယ်ရှိသလား။ လက်ပံတောင်းတောင်လို ကိစ္စမျိုးမှာ တာဝန်ခံမှု၊ တာဝန်ယူမှုဆိုတဲ့စိတ် တကယ်မရှိခဲ့ဘူး။ အဲဒါမျိုးတွေ ကိုကော သံဃာ့ နာယက တွေက ကာကွယ်ပေးခဲ့သလား။ မိဂုဏ်၊ ဖဂုဏ် ဆရာသမားဂုဏ်တွေနဲ့ ငါတို့ လက်အောက် ငယ်သားတွေကို ထောက်ထားသလား။

တရားဟောခွင့် ဘာ့ကြောင့် ပိတ်ခံလိုက်ရတယ်လို့ ထင်ပါသလဲ။

ငါတို့က တိုင်းပြည်ကောင်းအောင် ဟောတာပါ။ ပါဋ္ဌိတော်တွေ မြတ်စွာဘုရားဟောခဲ့တဲ့ တရားတော်တွေကို မူရင်းအတိုင်း လတ်တလော အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ စကားပြောသလို ဟောသွားတာ။ အောက်ခြေ လူတန်းစာတွေ နားလည်နိုင်ဖို့ အများကြီး ဟောခဲ့ ပြောခဲ့တယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝဖြစ်စဉ်တွေ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီး အတုယူဖွယ်တွေ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သတ္တိတွေ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြင့်မြတ်တဲ့ စိတ်ထား ရိုးသားကြိုးစားမှုတွေနဲ့ သူ့ရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ စိတ်တွေကို ဟောတာ။ အဲဒါကို သဘောမကျတာ။

Credit - Mizzima News

No comments:

Post a Comment