Monday, March 30, 2015

ဆောက်လုပ်အမှုတွဲများကို မြို့နယ်စည်ပင်ရုံးက ဧပြီ ၂ ရက်မှ စပြီး ဆောင်ရွက်ပေးတော့မည်

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင်း ဆောက်လုပ်သော အဆောက်အအုံများနှင့် ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးများတွင် ဧပြီ ၂ ရက်မှ စတင်ကာ ဆောက်လုပ်ခွင့် အမှုတွဲများကို  စိစစ်လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံဌာနမှ ဌာနမှူး ဦးသန်းဌေးက ပြောသည်။

Yangon-City-Hall
(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)



ဆောက်လုပ်ခွင့် အမှုတွဲများကို သက်ဆိုင်ရာမြို့နယ်များရှိ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေး မှူးရုံးများ၌ တွဲဖက်ဖွင့်လှစ်ထားသည့် အင်ဂျင်နီယာဌာန (အဆောက်အအုံ)သို့ အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပတေးနေ့များတွင် နံနက် ၁၀ နာရီမှ နေ့လယ် ၂ နာရီအတွင်း   စိစစ်လက်ခံဆောင်ရွက်ပေးမည် ဖြစ်သည်။

ထိုသို့ ပြောင်းလဲဆောင်ရွက်ခြင်းမှာ ပြည်သူများ ပိုမိုအဆင်ပြေစေရန်အတွက် ဖြစ်သည်ဟု ဦးသန်းဌေးက ဆိုသည်။

ဦးသန်းဌေးက ''စာရွက်စတမ်းပြည့်စုံရင် နှစ်ပတ်အတွင်း အဆိုပြုလွှာထွက်အောင်ဆောင် ရွက်ပေးတယ်။ ပိုင်ဆိုင်မှု အရှုပ်အရှင်းမရှိရင် မြန်ပါတယ်။ အဆိုပြုလွှာအောင်ပြီး နှစ်လအတွင်းမှာ  ဆောက်လုပ်ခွင့်ပေးပါတယ်'' ဟု ပြောသည်။

အဆိုပါ ဆောက်လုပ်ခွင့်အမှုတွဲများကို ယနေ့အချိနအထိ ကျောက်တံတားမြို့နယ်ရှိ ရန် ကုန်မြို့တော်စည် ပင်သာယာရုံး (မြို့တော်ခန်းမ) ၌ One Stop Service ဌာနဖွင့်ကာ အပတ်စဉ် တနလာင်္နေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့များတွင် နံနက် ၁၀ နာရီမှ နေ့လယ် ၂ နာရီအထိ  စိစစ်လက်ခံပြီးဆောင်ရွက် ပေးနေခြင်းဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment