ရန်ကုန် (မဇ္ဈိမ)။ ။ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၂)ရှိ ကော့စတစ် အထည်ချုပ်စက်ရုံမှ လုပ်ခလစာ တိုးမြှင့်ရေး ဆန္ဒပြအလုပ်သမားများ တောင်းဆိုသည့် အချက် နှစ်ချက်ကို အလုပ်ရှင်နှင့် မတ်လ ၃၀ ရက်တွင် အင်းစိန်မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးရုံးတွင် ညှိနှိုင်းရာ ပြေလည်မှု မရခဲ့ကြောင်း အလုပ်သမားခေါင်းဆောင် မအေးစန္ဒာဝင်းက မဇ္ဈိမကို ပြောသည်။
ထိုသို့ ညှိနှိုင်းမှု မရသည့်အတွက် ခုံသမာဓိရုံးသို့ ထပ်မံတင်ပြမည်ဟုလည်း ၎င်းထံမှ သိရသည်။
"ကျွန်မတို့ ဒီနှစ်ချက်ပဲ တောင်းဆိုတယ်။ အလုပ်ရှင်ဘက်က လက်မခံတော့ ခုံသမာဓိ ရုံးတက် တိုင်မယ်" ဟု ၎င်းက ပြောသည်။
ညှိနှိုင်းဖျန်ဖြေရေးရုံးတွင် အလုပ်ရှင်နှင့် အလုပ်သမားတို့ ညှိနှိုင်းရာတွင် အလုပ်သမားများက လုပ်ငန်းခွင်အတွင်း မူလနေရာ၊ မူလရာထူးဖြင့် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နိုင်ရန်နှင့် ဆန္ဒပြခဲ့သည့် ကာလများအတွက် လုပ်ခလစာ နစ်နာကြေးများကို ပေးရန် စသည့်အချက် နှစ်ချက်ကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
အင်းစိန်မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးရုံးမှ ဦးစီးမှူး ဦးတင်နိုင်က" အလုပ်ရှင်ဘက်က သူတို့မှာ အော်ဒါတွေ မရှိလို့၊ ဝင်လာတဲ့ အလုပ်သမားတွေတောင် လစာမပေးနိုင်ဘူးလို့ ပြောတယ်။ နောက် ဆန္ဒပြတဲ့အချိန်က လုပ်ငန်းခွင့်ဝင်ဖို့ သတ်မှတ်တဲ့ အချိန်ကျော်သွားလို့ အလုပ်လုပ်ခွင့် မပေးနိုင်ပါဘူး"ဟု ပြောသည်။
ယခုလက်ရှိတွင် ကော့စတစ် အထည်ချုပ်စက်ရုံမှ အလုပ်လက်မဲ့ အလုပ်သမားဦးရေ ၂၁၃ ဦး ရှိသည် ၎င်းက ဆိုသည်။
ဆန္ဒပြ အလုပ်သမားများအား မတ်လအတွင်း ညှိနှိုင်းကာလအတွင်း ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်အတွင်း ပြန်လည်ဝင်ရောက်ရန် မတ် ၃ ရက်မှ ၅ ရက်အထိ သတ်မှတ်ထားသော်လည်း အလုပ်သမားများက လုပ်ငန်းခွင်သို့ မဝင်ရောက်ခဲ့ပေ။ ထိုသို့ သတ်မှတ်ရက်အတွင်း လုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်ခြင်း မရှိခဲ့သဖြင့် အလုပ်သမားများက မိမိသဘောဖြင့် ခွင့်မဲ့ပျက်ကွက်ခြင်းနှင့် သက်ဆိုင်သဖြင့် အကျိုးခံစားခွင့် မရှိဟု အလုပ်ရှင်ဘက်က ဆိုသည်။
Credit - Mizzima News
No comments:
Post a Comment