"လွတ်လပ်မှုနဲ့ တာဝန်ယူမှုကို ကျင့်သုံးနိုင်တဲ့ မီဒီယာဝန်းကျင်တစ်ခု ဖော်ဆောင်ပေးဖို့ပဲရှိတယ်။ မီဒီယာကို ထိန်းချုပ်မယ်ဆိုတဲ့ စိတ်တော့မရှိဘူး"
ပြန်ကြားရေးဝန်ကြီး၊ သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်နှင့် တွေ့ဆုံခြင်း
ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး၊ သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကို
မြန်မာနိုင်ငံမီဒီယာ အခြေအနေ၊ အသွင်ကူးပြောင်းရေးကာလအတွင်း
လုပ်ဆောင်နေမှုများ၊ ရလဒ်များနှင့် စိန်ခေါ်မှုများ၊ ၂၀၁၅
အထွေထွေရွေးကောက်ပွဲနှင့် သတင်းမီဒီယာ အခန်းကဏ္ဍ၊ ၂၀၁၅ အလွန် ဦးရဲထွဋ်
ဘာတွေဆက်လုပ်မလဲ စသည့် အခြေအနေများကို မဇ္ဈွိမအယ်ဒီတာချုပ် ဦးစိုးမြင့်က
မတ် ၂၈ ရက်တွင် တွေ့ဆုံမေးမြန်းထားသည်များအနက် ပထမပိုင်းကို
ဖော်ပြလိုက်သည်။ အင်တာဗျုးအား ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်၊ မတ်လ ၂၇-၂၈
ရက်တွင် ကျင်းပပြုလုပ်ခဲ့သော International Press Institrute (IPI) ၏ ၆၄
ကြိမ်မြောက် ကမ္ဘာ့ညီလာခံအတွင်း တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။
အဖြေ။ ။ လွတ်လပ်စွာပြောဆိုခွင့်ပေါ့နော် ဆိုတာက သူများရဲ့အခွင့်အရေးကို၊ သူများရဲ့ဂုဏ်သိက္ခာကို မထိခိုက်စေဘဲနဲ့ ပြဿနာတွေအားလုံးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တာမျိုးကို ကျွန်တော်ကတော့ လွတ်လပ်စွာ ပြောဆိုခွင့်လို့ ထင်တယ်။ ဘာလို့ဆိုတော့ အဆိုအမိန့်လည်းရှိတာကိုး၊ ကိုယ့်ရဲ့လွတ်လပ်ခွင့်က ဘယ်အချိန်မှာဆုံးမလဲဆိုရင် သူများလွတ်လပ်ခွင့်ကိုသွားပြီးတော့ ထိပါးစေတာမှာ ဆုံးတယ်လေ။ ဒါကြောင့်မို့ သူများရဲ့လွတ်လပ်ခွင့်နဲ့ ဂုဏ်သိက္ခာကိုမထိခိုက်စေဘဲနဲ့ အကြောင်းအရာကိစ္စမှန်သမျှကိုလွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ခြင်းသည် မှန်ကန်တဲ့ လွတ်လပ်စွာပြောဆိုခွင့်လို့ ထင်တယ်။
မေး။ ။ အခုမြန်မာပြည် ပြုပြင်ပြောင်းလဲရေးမှာ မီဒီယာလွတ်လပ်ခွင့်ကို ဖွင့်ပေးလာတယ် လုပ်လာတဲ့အခါမှာစိန်ခေါ်မှုတွေ ရှိတယ်ပေါ့ခင်ဗျ။ အခုဖြစ်နေတဲ့ဟာတွေထဲမှာ ဘယ်ဟာတွေက အဓိကစိန်ခေါ်မှုတွေ ဖြစ်တာလဲ၊ ဘယ်အချက်တွေက ဒီမီဒီယာလွတ်လပ်ခွင့် နဲ့ ပတ်သတ်ပြီးတော့ စိန်ခေါ်မှုတွေ ဖြစ်နေတာလဲ။
အဖြေ။ ။ ပထမဆုံး ကျွန်တော်တို့ အစိုးရဘက်အနေနဲ့ပြောမယ်ပေါ့နော်။ အစိုးရဘက်က အစိုးရပဲဖြစ်ဖြစ် ကျွန်တော်တို့ အုပ်ချုပ်ရေးမဏ္ဍိုင် ဥပဒေပြုရေးမဏ္ဍိုင်က တွေ့ကြုံရတဲ့ အဓိကအခက်အခဲကတော့ မီဒီယာရဲ့သဘောသဘာဝ သတင်းထောက်တစ်ယောက်ရဲ့ လုပ်ငန်းသဘောသဘာဝကို နားမလည်သေးတဲ့လူတွေ ရှိတာ ဒါစိန်ခေါ်မှုတစ်ခုပေါ့။
နောက်စာနယ်ဇင်းသမားတွေဘက်က ပြောမယ်ဆိုရင်တော့ (၁)ကတော့ အတတ်ပညာနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ အားနည်းမှု။ ဒုတိယတစ်ချက်ကတော့ နဂိုကရှိနေတဲ့ ကြိုတင်ဆုံးဖြတ်ထားတဲ့ အစွဲတွေပေါ့။ အဲ့ဒီ့အစွဲတွေက မီဒီယာတွေရဲ့ ဘက်မလိုက်မှုကို သွားရောက်ထိခိုက်စေတဲ့ အချက် အဲ့နှစ်ခုက မီဒီယာတွေဘက်က စိန်ခေါ်မှုပေါ့။ နောက်ပြည်သူတွေအနေနဲ့ စာဖတ်ပရိသတ်အနေနဲ့ ပြောမယ်ဆိုရင်တော့ Media Literacy နဲ့ပတ်သက်လို့ ခွဲခြားစိတ်ဖြာ နားလည်နိုင်မှုပိုင်းမှာ အားနည်းတာပေါ့။ အထူးသဖြင့် ဆိုရှယ်မီဒီယာပေါ်မှာ တွေ့သမျှတွေအားလုံးကို အလွယ်တကူယုံကြည်ပြီးတော့ ဆက်ပြီးဖြန့်ဝေနေတာမျိုးတွေပေါ့။ ဒါကတော့ ကျွန်တော်တို့ ပြည်သူတွေဘက်က တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုပေါ့။
မေး။ ။ အဲ့တော့ အစိုးရအနေနဲ့ ဒီမီဒီယာလွတ်လပ်ခွင့်ဟာ အရမ်းပေးလိုက်လို့မရဘူး။ ငါတို့နိုင်ငံကအခုမှစပြီး ပြောင်းတယ်ဆိုတဲ့ အယူအဆမဟုတ်ဘူးလားခင်ဗျ။
အဖြေ။ ။ ကျွန်တော်တို့ကအရမ်းပေးလို့မရဘူးဆိုတဲ့ အယူအဆတော့ မဟုတ်ဘူး။ သို့သော် မီဒီယာလွတ်လပ်ခွင့်ကို ကျင့်သုံးတဲ့အခါမှာ လူတိုင်းလူတိုင်းက သတ်မှတ်ထားတဲ့ လိုက်နာသင့်တဲ့ စည်းမျဉ်းတွေ အားလုံးကို လိုက်နာနိုင်အောင် အားပေးရမယ်ဆိုတဲ့ လုပ်ပေးရမယ်ဆိုတဲ့ ခံယူချက်တော့ရှိတယ်။ ပေးလိုက်ရင် များသွားမယ်ဆိုတဲ့ စိတ်တော့မရှိဘူး။
မေး။ ။ သမ္မတဦးသိန်းစိန် တာဝန်ယူပြီးတော့ ကာလအတွင်းမှာ ပြုပြင်ပြောင်းလဲမှု အစပိုင်းကာလမှာတော့ ဒါမျိုးမတွေ့ရဘူးပေါ့နော်။ အထူးသဖြင့် နောက်ပိုင်းကာလတွေမှာ ပြီးခဲ့တဲ့နှစ်နှစ်တာကာလတွေအတွင်းမှာ သတင်းသမားတွေရေးလို့ တရားစွဲခံရတာတွေ အစိုးရဘက်ကတရားစွဲတာတွေလည်း ရှိသလို၊ အချင်းချင်းမှာလည်း တရားစွဲတာတွေ၊ ပြီးတော့အစိုးရမဟုတ်တဲ့ သူတွေကလည်း တရားစွဲတာတွေ၊ အဲ့လိုမျိုးတရားရုံးအမှုတွေ ဖြစ်လာတယ်။ အခုနောက်ပိုင်းဆိုရင် ထောင်ချတာတွေတောင် ရှိလာတယ်ဆိုတော့ အဲ့ဒီ့ဟာက ခုနကမီဒီယာလွတ်လပ်ခွင့်ကို လုပ်တယ်လည်းပြောတယ်။ ဆိုတော့ အဲ့ဒီ့နှစ်ခုက ဆန့်ကျင်မှုမဖြစ်နေဘူးလား။ ဘာကြောင့်မို့လို့လဲ။ ဥပဒေတွေကြောင့်လား။ လက်ရှိရှိနေတဲ့ ဥပဒေကြောင့်ဖြစ်တာလား။ ဘာဖြစ်လို့ သတင်းရေးလို့ ထောင်ချရတယ်ဆိုတာ ဖြစ်ရတာလဲ။
အဖြေ။ ။ သိသလောက်ကတော့ ကျွန်တော်တို့ တည်ဆဲဥပဒေတွေမှာကိုက ပြဋ္ဌာန်းချက်ကထောင်ဒဏ်တွေ ပါနေသေးတာပေါ့။ ဒုတိယချက်ကတော့ ဒီရေးသားခွင့်ကို အစပိုင်းမှာကျတော့ လူတွေကဘာပဲပြောပြော ရေးတဲ့သူတွေကလည်း ထိန်းထိန်းသိမ်းသိမ်းရေးကြသေးတာပေါ့။ ကိုယ့်ဘာသာကိုယ် ထိန်းသိမ်းတဲ့ သဘောရှိတယ်။ နောက်ပိုင်းကျတော့ ကျွန်တော်တို့ကရေးရင်းရေးရင်းနဲ့ အခြေခံနှစ်ခုဖြစ်နေတယ်။ တစ်ကတော့ မှန်ကန်တဲ့ သင်ကြားလေ့ကျင့်မှုတွေ မရှိဘဲနဲ့ လုပ်ရင်းနဲ့သင်ရတဲ့ သဘောဖြစ်တဲ့အတွက် အမှားအယွင်းတြွေုဖစ်တာရှိတယ်။ နှစ်ကတော့ ကျွန်တော်ထင်တယ်လေ ပြိုင်ဆိုင်မှုများလာတဲ့ မီဒီယာဈေးကွက်မှာ မနေ့က အိန္ဒိယ နဲ့ တူရကီကပညာရှင်တွေ ဆွေးနွေးသလိုပဲ ဈေးကွက်ရဲ့ ဖိအားတွေရှိကျတော့ လူတွေက Sensational News စိတ်လှုပ်ရှားစေမယ့် ပွဲဆူမယ့်သတင်းတွေကို လိုက်ရေးရင်းရေးရင်းနဲ့ မှားသွားတာပေါ့။ အဲ့တော့ ဒါကိုဘယ်လိုကာကွယ်မလဲလို့ ပြောရင်တော့ ပထမတစ်ချက်ကတော့ စာနယ်ဇင်းကောင်စီက တည်ထောင်ထားတဲ့ တိုင်ကြားမှုဖြေရှင်းရေးလုပ်ငန်းစဉ်က ထိရောက်ဖို့လိုတာပေါ့။ နောက်ပြီးရင် လူတိုင်းက အဲ့ဒီ့ လုပ်ငန်းစဉ်တွင်းက ဖြေရှင်းဖို့ကြိုးစားမယ်ဆိုရင် တရားစွဲတာတွေ နည်းသွားမယ်။ အဲ့တော့ ဒုတိယတစ်ချက်ကတော့ မီဒီယာသမားတွေ ကိုယ်တိုင်ကိုယ်ကလည်း ဥပဒေတွေကမပြင်နိုင်သေးရင်တောင်မှ အဲ့ဒီ့ဥပဒေတွေရဲ့ကြားထဲကနေပြီးတော့မှ ကိုယ့်ရဲ့ရေးချင်တဲ့ သတင်းစကားကိုဘယ်လိုရအောင်ပေးမလဲဆိုတာမျိုး ကျွမ်းကျင်လိမ္မာဖို့လိုတယ်လို့ ကျွန်တော်တော့ထင်တယ်။
မေး။ ။ အခုဆိုရင် လေးနှစ်အတွင်းရောက်လာပြီပေါ့နော်၊ နိုင်ငံတော် သမ္မတဦးသိန်းစိန် လက်ထက်မှာ ဒီဥပဒေတွေက ဟိုးခေတ်က နှစ်ပေါင်းများစွာတကယ့် Out of date ဖြစ်နေပါပြီ။ အဲ့ဒီဥပဒေတွေက အဓိကအခရာဖြစ်နေတော့ ဒီဥပဒေတွေကို ဘယ်လိုကိုင်တွယ်မလဲ။ ဒီဥပဒေတွေကို ဘယ်လိုပြန်ပြီးတော့ ရုတ်သိမ်းမလဲ။ ဘာလို့ဆိုတော့ အခုဆိုရင် လေးနှစ် အတွင်းကို ရောက်လာပြီဆိုတော့လေ။ ဘယ်လောက်လောက် ထပ်ကြာဦးမလဲပေါ့ ဒီလိုဥပဒေတွေ မရှိတော့အောင်။
အဖြေ။ ။ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေးလုပ်တာ အခြေအနေက နှစ်ခုတွေ့တာပေါ့နော်။ တစ်ကတော့ ဒီလက်ရှိပြောင်းလဲသွားတဲ့ နိုင်ငံရဲ့စနစ် စီးပွားရေးစနစ်နဲ့ ကိုက်ညီတဲ့ ဥပဒေအသစ်တွေ ပြဋ္ဌာန်းဖို့လိုတယ်။ နှစ်ကတော့ တည်ဆဲဥပဒေတွေက ကျွန်တော်တို့ မကိုက်ညီတော့တဲ့ အချက်တွေကို ကျွန်တော်တို့ ပြန်ပြီးတော့ ပယ်ဖျက်တာတို့ ပြင်ဆင်တာတို့ လုပ်ရမှာပေါ့။ ကျွန်တော်ထင်တယ်ဗျ လွှတ်တော်ကလုပ်ခဲ့တဲ့ ကော်မတီတစ်ခုရဲ့ အစီရင်ခံစာထဲမှာ အဲ့လိုလုပ်ဖို့လိုတဲ့ ဥပဒေပေါင်း (၄၀၀)ကျော်ရှိတယ်။ ကျွန်တော်တို့ သတင်းစာထဲမှာ တစ်ခါထည့်ဖူးတယ်။ ၀န်ကြီးဌာနအလိုက် ဆိုင်တဲ့ဟာတွေ အဲ့ထဲကနေပြီးတော့ ခင်ဗျားတွေ့မယ်ဆိုရင် ကျွန်တော်တို့က ဥပဒေအသစ်ပြဋ္ဌာန်းတာတွေကို လုပ်နေသလို တစ်ဖက်ကလည်း ပယ်ဖျက်တဲ့ဥပဒေတွေ၊ ပြင်ဆင်တဲ့ဥပဒေတွေ လုပ်နေတယ်။ သို့သော် ကျွန်တော်တို့မှာ ဥပဒေပြုရေး အတွေ့အကြုံ နည်းတာရယ် ဦးစားပေးလုပ်ငန်းတွေက များတာရယ်ဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်ထင်တယ် တစ်ချို့ဥပဒေတွေက (၁၀၀)ကျော်၊ (၂၀၀)လောက်ကျန်နေသေးတယ်။ ဆိုတော့ ဒါကတော့ ရှိနေဦးမှာပဲ။ နောက်ဆက်စပ်ပြီးတော့ပဲ ပြင်သွားရမှာပေါ့။
အဖြေ။ ။ ပိုပြီးတော့ သေချာရှင်းလင်းသွားအောင် ကျွန်တော်မေးချင်တာက၊ အစိုးရအနေနဲ့ ဒီမူဝါဒပေါ့နော်၊ မီဒီယာကို ထိန်းရဦးမယ်ဆိုတဲ့ မူဝါဒ ရှိလားမရှိဘူးလားခင်ဗျ။
အဖြေ။ ။ ကျွန်တော်တို့ကတော့ လွတ်လပ်မှုနဲ့ တာဝန်ယူမှုကို ကျင့်သုံးနိုင်တဲ့ မီဒီယာပတ်ဝန်းကျင်တစ်ခု ဖော်ဆောင်ပေးဖို့ ဆိုတဲ့ဆုံးဖြတ်ချက်ပဲရှိတယ်။ မီဒီယာကို ထိန်းချုပ်မယ်ဆိုတဲ့ စိတ်တော့မရှိဘူး။ အဲ့တော့ ဒီကနေ့ ကဏ္ဍအားလုံးမှာ တွေ့ကြုံနေရတဲ့ ပြဿနာပေါ့နော်။ ခင်ဗျားကတော့ မီဒီယာတစ်ခုထဲမေးပေမယ့် ကျွန်တော်ကတော့ မီဒီယာကဏ္ဍပဲဖြစ်ဖြစ် ကျန်တဲ့ကဏ္ဍတွေမှာဖြစ်ဖြစ် ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါမှာဘာတွေ့ရလဲဆိုတော့ Institution အသစ်တွေပေါ်လာတယ်။ ဥပမာ လွတ်လပ်တဲ့မီဒီယာဆိုတာ ဒါ Institution အသစ်တစ်ခုပေါ့။ အဲ့လိုပေါ်လာတဲ့အခါမှာ Institutionတိုင်းက အသစ်တိုင်းက မိမိရဲ့နေရာကို ပိုင်းခြားဖို့ သတ်မှတ်ဖို့ ကြိုးစားကြတာပေါ့။ အဲ့ခါမှာနဂိုက ကျွန်တော်တို့က အသားကျနေတဲ့ စနစ်မဟုတ်တဲ့အတွက်ကြောင့်မို့ တိတိကျကျ နယ်နိမိတ်ကပိုင်းခြားထားတာမဟုတ်ဘူး။ အဲ့တော့ မီဒီယာကလည်း လုပ်ရင်းလုပ်ရင်းနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်တွေ နယ်မြေကိုချဲ့ဖို့ သတ်မှတ်ဖို့ ကြိုးစားတယ်။ တစ်ဖက်ကကျန်တဲ့ Institution လည်းသူ့ရဲ့ ကဏ္ဍကိုလုပ်ဖို့ ကြိုးစားတယ်။အဲ့ဒီ့အခါမှာသွားပြီးတော့မှ နယ်နိမိတ်ခြင်း ကျော်တာ၊ ထပ်တာမျိုးဖြစ်လို့ အငြင်းပွားမှုတွေ ဖြစ်ရတယ်လို့ပဲ ကျွန်တော်ကတော့မြင်တယ်။ မီဒီယာကလည်း အစိုးရမို့လို့ တမင်သက်သက် တိုက်ခိုက်မယ်ဆိုတဲ့ စိတ်နဲ့လုပ်တာမျိုးတော့မဟုတ်ဘူး။ အစိုးရကလည်း မီဒီယာမို့လို့ လာလိုက် နှိပ်ကွပ်လိုက်မယ်ဆိုတဲ့ မူဝါဒမျိုးတော့ ရှိတာမဟုတ်ဘူး။ သို့သော် Institution တိုင်းက မိမိနေရာကိုသတ်မှတ်ဖို့ ကြိုးစားတဲ့အခါမှာ ဟိုတုန်းက အစဉ်အလာမရှိတဲ့ အခါကျတော့ အသစ်တွေကိုဗျ ဒီမှာသွားပြီးတော့ Clash ဖြစ်တာလို့မြင်တယ်။ ဒါကတော့ ကျွန်တော်ထင်တယ်လေ ပြင်သင့်တဲ့ဥပဒေလည်းပြင်မယ်။ ပြောင်းသင့်တာလည်းပြောင်းမယ်၊ တစ်ယောက်ကိုတစ်ယောက် နားလည်အောင် လုပ်မယ်ဆိုရင် ဒါတွေက တဖြည်းဖြည်းချင်းတော့ လျော့ပါးသွားမှာပဲ။
မေး။ ။ ဥပမာအနေနဲ့ ဥပမာလက်ပံတန်းဖြစ်တဲ့ ကိစ္စပေါ့နော်။ လက်ပံတန်းမှာ ရဲတွေကရိုက်တဲ့အခါမှာ ခုနကကားလိုဟာမျိုးပေါ့နော်။ ပစ္စည်းကိုရိုက်တယ်ဆိုတဲ့ ဗီဒီယိုတွေ ကျွန်တော်တို့တွေ့ရတယ်။ အဲ့တော့အစိုးရအနေနဲ့ ဒါမျိုးကိုအရေးယူဆောင်ရွက်တဲ့အခါမှာ ဒီလိုမျိုးရိုက်တဲ့ရဲကို ပစ္စည်းဖျက်စီးမှုနဲ့ တိတိကျကျ အရေးယူဖို့တွေရော လုပ်တာမရှိဘူးလား။
အဖြေ။ ။ အခုကျွန်တော် သိတဲ့သတင်းအချက်အလက်ပေါ့နော်။ ခုချိန်မှာတော့ ကျွန်တော်တို့က ဒီတပ်ဖွဲ့ဝင်တွေ တစ်ဦးချင်းအနေနဲ့ ဆောင်ရွက်ချက်တွေကို ပြန်သုံးသပ်နေတယ်။ ပြန်သုံးသပ်ပြီးတော့မှ ပြန်ပြီးတော့ လေ့ကျင့်ပညာပေးမှုတွေ လုပ်သင့်ရင်လုပ်မယ်။ နှစ်ကတော့ နောင်မှာ ကျွန်တော်တို့ ဒီလိုမျိုးမဖြစ်အောင် ကာကွယ်မယ့်နည်းလမ်းတွေ စဉ်းစားနေတယ်လို့ သိရတယ်။ သုံးကတော့ သိပ်ပြီးတော့ အရေးယူဖို့ထိ လိုတဲ့ကိစ္စမျိုးဆိုရင် ရဲတပ်ဖွဲ့မှာသူ့ရဲ့သတ်မှတ်ထားတဲ့ ဥပဒေတွေရှိပြီးသားပဲ။ အဲ့တိုင်းလုပ်မှာပေါ့။ သို့သော် ဘယ်သူကတော့ ဘယ်လောက်ထိ ဖြစ်မလဲ ကျွန်တော်လည်း အသေးစိတ်မသိသေးဘူး။ ကျွန်တော်သိတာကတော့ ပြန်လည်သုံးသပ်မှုတွေ လုပ်နေတယ်။ နောင်မှာမဖြစ်အောင် တားဆီးဖို့အတွက် လိုအပ်တဲ့ကိစ္စတွေ လုပ်မယ်လို့ပဲသိတယ်။
မေး။ ။ သတင်းထောက်တွေရဲ့ အင်တာဗျူးတွေ ကျွန်တော်တို့ ဖတ်ရတယ်လေ ကျွန်တော်တို့ သတင်းထောက်ထဲမှာ ပြန်ပြောတာလည်းရှိပါတယ်။ သတင်းထောက်ပါ သတင်းထောက်ပါလို့ ပြောနေတာတောင်မှ ရိုက်တယ်ဆိုတော့၊ တစ်ချို့ဆို နောက်ကလိုက်တယ် ပုန်းနေရတယ်ဆိုတော့ ဒီဟာက သတင်းထောက်မို့လို့ ရိုက်တာလား။ ဒါမှမဟုတ် ခုနကလို အခြေအနေ အကျိုးဆက်ကြောင့် ဖြစ်တာလား ကျွန်တော်တို့မြင်တာက သတင်းထောက်ဆိုလည်း ရိုက်တာပဲ။ အဲ့လိုမျိုးမြင်တယ်။ မီဒီယာဘက်က အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့ ဒါဆိုရင်တော့ အရေးယူသင့်တယ်လို့ တော်တော်များများက ပြောနေဆိုနေကြတာရှိတယ် ၀န်ကြီးဘယ်လိုမြင်ပါသလဲ။
အဖြေ။ ။ ပထမတစ်ခုကတော့ ဒီလူစုခွဲရတဲ့အချိန် မရောက်ခင်ထိ အခြေအနေကို ခင်ဗျားတို့လည်းသိတာပဲ။ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ရက်ပေါင်းများစွာ ရင်ဆိုင်နေရတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ခင်ဗျားတို့လည်း သိပါတယ်။ ဒါတွေကိုမဖော်ပြတာပဲရှိတယ်။ ဆန္ဒပြသူထဲမှာ တစ်ချို့က ရဲတပ်ဖွဲ့ဝင်တို့ကို ကလိတာရှိတယ် စတာရှိတယ်။ နောက်တာပြောင်တာရှိတယ်။ နောက် ရိုင်းရိုင်းစိုင်းစိုင်းပြောတာတွေရှိတယ်။ မီဒီယာတွေဘက်ကလည်း ဒီဘက်ကကျောင်းသားတွေဘက်က လှုပ်ရှားမှုကိုပဲ ပြောနေပြီး ရဲတပ်ဖွဲ့ဝင်တွေရဲ့ ခံစားချက်တွေ ရင်ဆိုင်နေရတဲ့ဟာတွေကို လုံလုံလောက်လောက် ထင်ဟပ်ပေးခဲ့ခြင်းမရှိဘူး။ ဒီလိုဟာတွေက တစ်ရက်ထဲဖြစ်ခဲ့တာမဟုတ်ဘူး။ တစ်ပတ် ဆယ်ရက်လောက် ဖြစ်လာတဲ့အခါမှာ တစ်ဦးချင်းစီမှာရှိတဲ့ ခံစားမှုတွေ ရှိမှာပေါ့။ အဲ့တော့ အဲ့ခံစားမှုတွေက မိမိရဲ့တာဝန်အရလုပ်ရမယ့် လုပ်ငန်းပေါ်မှာ လွှမ်းမိုးသွားတဲ့ လူတစ်ချို့ရှိတယ်လို့ ကျွန်တော်တော့ မြင်တာပေါ့။ ဒါကတော့ ကိုင်တွယ်ဖြေရှင်းမှုပေါ့။ နောက်တစ်ခုကတော့ ဘယ်ကိစ္စမျိုးမဆို ပဋိပက္ခတစ်ခုမှာ သတင်းယူတဲ့မီဒီယာတွေ အနေနဲ့က ကျွန်တော်တို့နိုင်ငံတကာမှာလည်း လေ့လာကြည့်တဲ့အခါမှာ အရေးကြီးဆုံးအချက် တစ်ကတော့ သူတို့ဟာဘက်မလိုက်တဲ့သူ ဖြစ်တယ်ဆိုတာကို နှစ်ဘက်လုံးက လက်ခံဖို့လိုနေပြီ။ တစ်ဘက်ဘက်ကဒီလူတွေဟာ ဟိုဘက်ကဘက်လိုက်ပါတယ်လို့ ယူဆလို့ရှိရင် အဲ့ဒါကကောင်းတဲ့ အလားအလာမဟုတ်ဘူးပေါ့။ မနေ့ကဆွေးနွေးတဲ့ထဲမှာလည်း Breaking News နဲ့ပတ်သတ်လို့ ရေးတဲ့အခါမှာ မီဒီယာတွေအနေနဲ့ ဘယ်လိုလုပ်သင့်တယ်လို့ ပြောတဲ့အခါမှာ ကျွန်တော်ထင်တယ် အစ္စရေးက သတင်းထောက်အမျိုးသမီးတစ်ယောက်က သူတို့ဆိုရင် တတ်နိုင်သမျှ အကြံပေးချင်တာကတော့ ပဋိပက္ခတစ်ခုကိုသတင်းယူရမယ်ဆိုရင် Sources (သတင်းရင်းမြစ်) တွေကိုတတ်နိုင်သမျှ များများရှာဖွေပြီးတော့ထည့်ပါ။ တစ်ဖက်ထဲကဟာကိုပဲ ဖော်ပြတယ်လို့ အထင်မခံရစေနဲ့။ အထင်ခံရလို့ရှိရင် သတင်းသမားအတွက် နားလည်မှုလွဲနိုင်စေတယ်လို့ ပြောသွားတာရှိတယ်။ ဒီလိုမျိုးလုပ်သင့်တာပေါ့။ နှစ်ကတော့ သတင်းထောက်မှန်း သိသာထင်ရှားတဲ့ အမှတ်အသားတွေပေါ့ နှစ်ဖက်လုံးကလက်ခံနိုင်မယ့် အမှတ်အသား Press ဆိုတဲ့ အင်္ကျီမျိုး ၀တ်ပြီး သတင်းယူတာမျိုး၊ ဒါမျိုးတွေလည်း လုပ်သင့်တယ်လို့ ကျွန်တော်တို့ထင်တယ်။ ဟိုနေ့ကအဖမ်းခံရတဲ့ သတင်းထောက်နှစ်ယောက်ကို တကယ် ကျွန်တော်တို့ ပြန်လွှတ်ဖို့လိုက်တဲ့အခါကျတော့ ဘယ်လိုပြောင်းပြန်ဖြစ်နေလဲဆိုတော့ ကျွန်တော်တို့ ပြည်ထဲရေးဝန်ကြီးဌာန ကပေးတဲ့ အချက်နဲ့ သူတို့တွေသာယာဝတီထောင်မှာ စာရင်းပေးတဲ့အခါကျတော့ ကျောင်းသားဆိုပြီးတော့ ပေးထားတယ်။ နောက်ဆုံး ကျွန်တော်တို့က တရားဝင်စာပို့တော့မှ၊ ပြောမှ သူတို့က စိစစ်ပြီး ပြန်လွှတ်ပေးတယ်။ အဲ့ဒီအထဲက ကျောင်းသားတစ်ယောက်ကကျတော့ သူ့ကိုယ်သူ သတင်းထောက်ဆိုပြီး ပေးထားတယ်။ အဲ့လိုမျိုး ရှုတ်ထွေးမှုတွေလည်း ရှိတယ်ဗျ။ ဒါကြောင့်မို့ ကျွန်တော်တို့က သင်္ကြန်နောက်ပိုင်းဆိုရင် အလုပ်ရုံဆွေးနွေးပွဲလေးတစ်ခုလောက် လုပ်မှာပေါ့လေ။ သတင်းမီဒီယာဥပဒေမှာ ပါတာကိုး။ သတ်မှတ်ထားသည့် စည်းကမ်းနဲ့အညီ သတင်းယူသော သတင်းထောက်များကို အကာအကွယ် ပေးရမယ်ဆိုတော့၊ သတ်မှတ်ထားသော စည်းကမ်းဆိုတော့ ဘာဖြစ်မလဲ။ ဘယ်လိုအ၀တ်အစားမျိုး ၀တ်ကြမလဲ။ နောက်တစ်ခါ တာဝန်ယူရတဲ့ ရဲတပ်ဖွဲ့ကိုရော သတင်းသမားတွေက သွားမဆက်သွယ်သင့်ဘူးလား။ ဘယ်လိုနေရာမျိုးကနေရိုက်ပါလို့ သတ်မှတ်ပေးရင် အဲ့ဒီ့နေရာကနေ ရိုက်ရင် ပိုပြီးတော့ အန္တရာယ်မကင်းနိုင်ဘူးလား။ ဒီအချက်တွေကတော့ အားလုံးဝိုင်းပြီး ဆွေးနွေးရမယ်လို့ ကျွန်တော်ထင်တယ်။
ဆက်လက်ဖော်ပြပါမည်....
Credit - Mizzima News
No comments:
Post a Comment