Saturday, April 4, 2015

နှစ်နိုင်ငံ နယ်စပ်မသတ်မှတ် ရသေးသည့် တရုတ်မြန်မာ နယ်စပ်တွင် တရုတ်နိုင်ငံအလံ လာရောက်စိုက် ထူခြင်းကြောင့်ဒေသခံ များကန့်ကွက်

ရန်ကုန်၊ဧပြီ ၃။       ။ တရုတ်နိုင်ငံနှင့်   နယ်နိမိတ်   ဆက်စပ်နေသော ရှမ်းပြည်မြောက်ပိုင်း  နမ့်ခမ်း မြို့နယ် ရှိဒေသခံတို့ ကမြန်မာ ပိုင်နက် အဖြစ် သတ်မှတ် ထားသော ကုန်းဆာရွာ အနီးကို တရုတ် ပိုင်နယ်မြေ အဖြစ်  တရုတ် အာဏာပိုင် အချို့ က အလံလာရောက် စိုက်ထူ ခဲ့ခြင်းကြောင့်ဒေသခံ များက ဝိုင်းဝန်း ကန့်ကွက် ခဲ့ရသည်ဟု နမ့်ခမ်းမြို့ နယ် ရှမ်းတိုင်းရင်းသားများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထောက်အကူပြုအဖွဲ့ဝင် စိုင်းအောင်ဝင်းက မဇ္ဈိမကိုပြောသည်။


China


"ရွာသားတွေက ဒီလို လုပ်ခွင့်မပေးဘူးဆိုတာ သွားပြောတာ၊ပေးပေး မပေးပေး သူတို့က အလံစိုက်မှာပဲ အထက်က ခွင့်ပြုတယ်ဆိုပြီး ၀င်စိုက်ကြတာ အစိုးရက လာပြီး လုံခြုံရေးယူတာမရှိဘူး၊ ရွာသားတွေကတော့ အသေခံတပ်သားတွေပဲ၊ သူတို့ပြန်သွား လည်းစောင့်ကြည့်နေ ကြတုန်းပဲ"ဟု ဦးစိုင်းအောင်ဝင်း ကပြော သည်။

ဧပြီလ ၃ ရက်က တရုတ်စစ်ဝတ်စုံဝတ်ထားသူ အယောက် ၂၀ ခန့်နှင့် တရုတ်အရပ်သားများက တရုတ်နိုင်ငံ အလံလာရောက် စိုက်ထူရာမှ စဲ့ဟိုင်းကျေးရွာ၊ ကုန်းသာကျေးရွာ၊ နန့်နောင်ကျေးရွာများမှ ရွာသားငါးရာကျော်နှင့် နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူးတို့က သွားရောက် ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

ထိုနေရာသည် မူဆယ်ခရိုင်အတွင်းရှိနေပြီး ရွှေလီမြစ် ကမ်းဘေးတွင် ရှိနေသည့်နေရာဖြစ်သည်။ ယခင်ကရွှေလီမြစ်၏ တစ်ဘက်ခြမ်း မန့်ဂွန်ရွာ အနီးတွင်နယ် စပ်မိုင်တိုင်အဟောင်းရှိပြီး  နယ်စပ်သတ်မှတ်မှုအရ ရွှေလီမြစ်နှင့် ကုန်းဆာရွာတို့သည် မြန်မာပိုင်နက်အတွင်း ပါဝင်သည်ဟု ဒေသခံတို့က ဆိုသည်။

မြန်မာပိုင်နက်ကို လာရောက်အလံစိုက်ထူခြင်းကြောင့် ရွာသူရွာသား ၅၀၀ ခန့်နှင့် တရုတ်အလံ လာရောက်စိုက်ထူသူတို့ အချင်းများကာ နမ့်ခမ်းမြို့နယ် အုပ် ချုပ်ရေးမှူး ဦးဇော်မင်းနှင့် မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးတို့က ခွင့်မပြုကြောင်း ကန့်ကွက်စာ ထုတ်ပြန်ခဲ့ရသည်ဟုလည်း ဦးဇော်မင်းက ဆိုသည်။

"ထုတ်ပေးတဲ့စာအရ ခွင့်မပြုတဲ့အကြောင်း ကျွန်တော်တို့သွားပြောတော့ ပြန်သွားပါတယ်၊ လုံခြုံရေးတော့ ချမထားပါဘူး" ဟု ဦးဇော်မင်းက ပြောသည်။ "နိုင်ငံ တာဝန်ရှိသူတွေက ပြန်တွေ့ဆုံပြီး ညှိနှိုင်းရမှာပါ၊ အောက်ခြေမှာ ဒါမျိုးလုပ်လို့မရပါဘူး" ဟုလည်း ဦးဇော်မင်းက ပြောသည်။

ဒေသခံများ၏ အဆိုအရ ထိုနေရာကို တရုတ်ပိုင်နယ်မြေအဖြစ် သတ်မှတ်ကာ ရွှေလီမြစ်ကို ဖြတ်လျက် တံတားဆောက်ရန် ရည်ရွယ်ချက်ဖြင့် လာရောက် စိုက် ထူခြင်းဟု ဆိုသည်။ ထိုကြောင့် ထိုနေရာတွင် လုံခြုံရေးချထားပေးရန်လည်း ဒေသခံများက လိုလားလျက်ရှိနေသည်။ တရုတ် - မြန်မာ နယ်စပ် မိုင်တိုင် တိုင်း ထွာရေးလုပ်ငန်းကို ၂၀၁၄ မေလ အတွင်းက နှစ်နိုင်ငံ နယ်ခြားစောင့် တာဝန်ရှိသူများ ကွင်းဆင်း တိုင်းတာခဲ့သေးသည်။

တိုက်ဆိုင်စွာပင် ဧပြီလ ၃ ရက် သမ္မတ မိန့်ခွန်းတွင် အင်အားကြီး နိုင်ငံများနှင့် မဟာဗျူဟာ ဆက်ဆံရေး အထိခိုက်မခံနိုင်ဟု ပြောဆိုခဲ့သေးသည်။ ကိုးကန့် လက်နက်ကိုင်မျာနှင့် အစိုးရတပ်မတော်တို့ ဖြစ်ပွားသည့် မတ်လ ၁၃ ရက် ညနေပိုင်း တိုက်ပွဲများကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်းချန်းခရိုင်၊ မုန်တိမ် မြို့ တာရွှေရှန်းတုကျေးရွာ အနီး ကြံခင်းတွင်း ဗုံးကျရောက်ပေါက်ကွဲမှုကို ရည်ညွှန်းလျက် ပြောဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်ရပ်အတွက် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကိုယ်တိုင် တရုတ်နိုင်ငံသို့ မတ်လ ၂ ရက်တွင် သွားရောက် တောင်းပန်ခဲ့ရသည်။

Credit - Mizzima News

No comments:

Post a Comment