Tuesday, March 31, 2015

ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်နှင့် တွေ့ဆုံခြင်း (အပိုင်း ၄) နောက်ဆုံးပိုင်း

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကို မြန်မာနိုင်ငံမီဒီယာ အခြေအနေ၊ အသွင်ကူးပြောင်းရေး ကာလအတွင်း လုပ်ဆောင်နေမှုများ၊ ရလဒ်များနှင့် စိန်ခေါ်မှုများ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် သတင်းမီဒီယာ အခန်းကဏ္ဍ၊ ၂၀၁၅ အလွန် ဦးရဲထွဋ် ဘာတွေဆက်လုပ်မလဲ စသည့် အခြေအနေများကို မဇ္ဈွိမ အယ်ဒီတာချုပ် ဦးစိုးမြင့်က မတ် ၂၈ ရက်တွင် တွေ့ဆုံမေးမြန်းထားသည်များ အနက် ပထမပိုင်း၊ ဒုတိယပိုင်း နှင့် တတိယပိုင်းကို ဖော်ပြပြီးဖြစ်သည်။ ယခု နိဂုံးချုပ်အဖြစ် စတုတ္ထပိုင်းကို ဆက်လက်ဖော်ပြပါသည်။
အင်တာဗျုးကို ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်၊ မတ်လ ၂၇-၂၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော International Press Institute (IPI) ၏ ၆၄ ကြိမ်မြောက် ကမ္ဘာ့ညီလာခံအတွင်း တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်သည်။

မေး- ဝန်ကြီးအနေနဲ့ ၂၀၁၅မှာ ဝင်မပြိုင်ဘူးလို့ ပြောထားတာရှိတယ်။ ဒီတော့ ဝန်ကြီးအနေနဲ့ ၂၀၁၅ အလွန်မှာ နောက်အစိုးရ တက်တဲ့ကာလပေါ့နော်။ နောက်ငါးနှစ်မှာ ဝန်ကြီး ဘာလုပ်မယ်လို့ စဉ်းစားထားတာရှိလဲခင်ဗျ။

ဖြေ- ကျွန်တော်ကတော့ အခုချိန်ထိ စဉ်းစားထားတာကတော့၊ ၂၀၁၅ ဟိုဘက်ကို ဘာမှ ထည့်မစဉ်းစား သေးဘူး။ ဒီနေ့ ကျွန်တော် ဒီတာဝန်ထမ်းဆောင်တဲ့အချိန်မှာ တတ်နိုင်သမျှ မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေး နဲ့ ပတ်သက်လို့မှ ကျွန်တော် အားစိုက်ပြီး လုပ်ဖို့ပဲ ကျွန်တော်စဉ်းစားတယ်။ ဒါကြောင့်မို့လည်း ကျွန်တော်က ဟိုဘက်အခြမ်းမှာ ဘာဖြစ်မယ်ဆိုတာ ထည့်လည်း မတွေးပါဘူး။ တကယ်လို့ ကျွန်တော်က နောက်ထပ်လည်း ဘာမှ တာဝန်ထမ်းဆောင်စရာ မရှိတော့ဘူးဆိုရင်လည်း စာဖတ်တာ၊ စာရေးတာ၊ နောက် ဝါသနာပါတဲ့ ပရဟိတ အလုပ်မျိုးတွေလုပ်မှာပေါ့။
မေး- ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုထင်ပါသလဲခင်ဗျ။ ထောက်ခံသလား။

ဖြေ- ကျွန်တော်ကတော့ အစိုးရဝန်ထမ်းဖြစ်နေတဲ့အတွက် ဘယ်ပါတီကို ထောက်ခံတယ်။ ဘယ်ပါတီကို မထောက်ခံဘူး။ ဘယ်သူ့ကိုကြိုက်တယ်။ မကြိုက်ဘူးဆိုတာ ကျွန်တော်က ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ပြောကြားချက်တွေက ပါတီတစ်ခု၊ လူပုဂ္ဂိုလ်တစ်ယောက်ကို မဲဆွယ်ပေးတာမျိုး မရောက်ဖို့ လိုတာကိုး။ လူပုဂ္ဂိုလ်ချင်းအရ ပြောမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်မှာ ထက်မြက်တဲ့ အရည်အချင်း တွေ အများကြီးရှိတယ်။ သူနဲ့ကျွန်တော်နဲ့ တော်တော်များများ စကားပြောဖူးတဲ့အခါမှာ သူ့မှာ နှစ်သက်စရာ ကောင်းတဲ့ အရည်အချင်းတွေ အများကြီးရှိတယ်လို့တော့ မြင်တာပေါ့။ ဒါပေမယ့် အဲဒါတွေကို သူ နိုင်ငံရေးမှာ အသုံးချတဲ့ပေါ် မူတည်ပြီး အသုံးချခြင်းနဲ့ ပတ်သက်လို့ကတေ့ ကျွန်တော့်မှာရှိတဲ့ အမြင်ကို ကျွန်တော် ဘာမှ ပြောစရာ မရှိပါဘူး။

မေး -  ပြုပြင်ပြောင်းလဲရေး မစခင်နဲ့၊ စမယ်လို့ ကာလမှာ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ပြီးတော့ ကြေညာချက်၊ နှစ်ဦးသဘောတူပေါ့နော်။ အတိုက်အခံနဲ့ အစိုးရလို့ ပြောလို့ရတဲ့ နှစ်ဦးသဘောတူ ကြေညာချက် ထွက်လာတယ်။ နိုင်ငံ့အတွက် လိုတဲ့ဟာမျိုးမှာ ပေါင်းလုပ်မယ်ဆိုတာမျိုး၊ မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ နိုင်ငံပြန်လည်ထူထောင်ရေးဆိုတဲ့ဟာက အခုလက်ရှိမှာ မြန်မာနိုင်ငံမှာ အရေးကြီးတဲ့၊ အစိုးရနဲ့ အတိုက်အခံအပါအဝင် တိုင်းရင်းသား အင်အားစုတွေ အပါအဝင် အဲဒီ့ Frame က ရှိသေးလား ခင်ဗျ။

ဖြေ- ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သမ္မတကြီး ရှေ့ပိုင်းမှာ လုပ်ခဲ့တဲ့ အစည်းအဝေးတွေ ရှိတယ်လေ။ ပထမ၊ တိုင်းရင်းသား ခေါင်းဆောင်တွေပါတယ်။ နောက်တစ်ခါ တိုင်းဒေသကြီးက တိုင်းရင်းသားရေးရာ ဝန်ကြီးတွေပါတယ်။ နောက်တစ်ခါ ငြိမ်းချမ်းရေး လုပ်တယ်။ ဒါတွေအားလုံးက ကျွန်တော်တို့က ဒီ Frame ကြီးထဲမှာ လုပ်နေတာ။ သတ်မှတ်တဲ့ ပွိုင့်တစ်ခုရောက်သွားရင် ဒါတွေအားလုံးက လာစုမှာ။ တစ်ချိန်မှာ လာစုမှာ။ ပိုပြီးတော့ နည်းသွားမှာပေါ့။

ဒီ Frame ကတော့ ရှိနေမယ်။ ဒီ Frame ထဲမှာ အပိုင်းလေးတွေ ရှိနေမယ်။ အပိုင်းတစ်ခုချင်းစီမှာ ဖြစ်ပေါ်နေတဲ့ တိုးတက်မှုလေးတွေကတော့ အရှိန်အဟုန်မတူဘူး။


မေး -  ၂၀၁၅ ရွေးကောက်ပွဲအလွန် တက်လာတဲ့ အစိုးရက အခုလုပ်နေတဲ့ Process ကို၊ အခုလုပ်နေတဲ့ အပြောင်းအလဲကို ဆက်လုပ်နိုင်မယ်လို့ ထင်သလား။ ပိုပြီးတော့ အဆင်ပြေချောမွေ့မယ်လို့ ထင်သလား။ ဒါမှမဟုတ် ပိုပြီးတော့ ခက်ခဲတဲ့လမ်းကို ဖြတ်ရမယ်လို့.. ဒါကတော့ လှမ်းပြီး မျှော်ကြည့်ရတာပေါ့နော်။ ဒါပေမယ့် ဘယ်လိုမျိုး ဘယ်လောက်ထိ လှမ်းမြင်နိုင်လဲ။ ပိုပြီးအခက်အခဲတွေ ရင်ဆိုင်ရမလား၊ မဟုတ်ဘူး ဒီအတိုင်းပဲ ဆက်ပြီးတော့ သွားနေရမယ်လို့ မြင်သလား။

ဖြေ - နှစ်ပိုင်းပြောရမယ်ဗျ။ တစ်ခုကတော့ နိုင်ငံတော်သမ္မတကြီးအနေနဲ့ ဘာလုပ်နေလဲဆိုရင် (၁)ကတော့ ကျွန်တော်တို့အစိုးရသက်တမ်းမှာ ကျွန်တော်တို့ ဖြေရှင်းနိုင်တဲ့ ကိစ္စအားလုံးကို ဖြေရှင်းမယ်။ (၂)ကတော့ ဒီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ဆက်ပြီးတော့ လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ Institutions တွေပေါ့။ Institutions လို့ ပြောတဲ့အခါမှာ အဖွဲ့အစည်းဆိုင်ရာ တည်ဆောက်မှုတွေ ပါတယ်။ ဥပဒေကြောင်းဆိုင်ရာ တည်ဆောက်မှုတွေ ပါတယ်။ ဒါတွေအားလုံးကို ကျွန်တော်တို့ ခိုင်မာအောင်လုပ်ဖို့။ အဲ့တော့ ဟိုဘက်မှာ တာဝန်ယူထားတဲ့သူက လုပ်တဲ့အခါမှာတော့ ဒီ Institutions ကို ဆက် အခြေခံပြီးတော့မှ သွားတဲ့အရှိန်တို့၊ နည်းနာတို့တော့ ပြောင်းရင် ပြောင်းသွားလိမ့်မယ်။ သို့သော် မြန်မာနိုင်ငံဟာ တစ်ချိန်မှာတော့ ဒင်းပြည့်၊ ကျပ်ပြည့်၊ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဖြစ်ရမယ်တို့ ရည်ရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရှိရမယ်တို့၊ ဒီမိုကရက်တစ် အခွင့်အရေးတွေ အားလုံးကို လူတိုင်းခံစားနိုင်တဲ့ နိုင်ငံဖြစ်ရမယ်တို့ ဆိုတဲ့ မဟာဗျူဟာ ရည်မှန်းချက်ကိုတော့ ပြောင်းဖို့ အလားအလာမရှိဘူး။

အဲတော့ ခင်ဗျားပြောတာကို ပြန်ပြောရရင်တော့ (၁)က မဟာဗျူဟာ ရည်မှန်းချက်ကတော့ ဒီမိုကရေစီကို ရောက်အောင်သွားမယ်ဆိုတဲ့ မဟာဗျူဟာ ရည်မှန်းချက်ကတော့ ပြောင်းစရာမရှိဘူး။ (၂)ကတော့ ဒီဘက်မှာ ချထားတဲ့ တည်ဆောက်ပြီးသား Institutions တွေကတော့ ဟိုဘက်ကို ဆက်ပါသွားမှာ။ ဆိုတော့.. ဒီ Institutions  တွေ ပ်ါမှာ ထပ်ပြီးတော့ ချဲ့မလား။ နောက်သွားတဲ့ နည်းနာပိုင်းတွေမှာ ထပ်ပြီး အပြောင်းအလဲ ရှိမလား။ လားရာကတော့ ပြောင်းစရာမရှိပါဘူး။
မေး- ဝန်ကြီးပြောသွားတဲ့ထဲမှာလည်း တစ်ခုက ပြည်သူတွေရဲ့ မျှော်လင့်ချက်က ကြီးတယ်ပေါ့နော်။ မြင့်မားတယ်။ High Expectations ရှိတယ်။ ဆိုတော့ အခုပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်နဲ့ သွားနေတဲ့ ကာလတွေမှာလည်း လက်တွေ့မှာ သာမန်ပြည်သူတွေ အတွက်က အကျိုးကျေးဇူး ချက်ချင်းရလိုက်တာ မရှိဘူးပေါ့။ အထူးသဖြင့်တော့ စားရေးသောက်ရေး၊ နေရေးထိုင်ရေးမှာ သူတို့အတွက် ရလိုက်တာ လက်ငင်းမှာ မရှိဘူး။ တချို့နေရာတွေမှာဆို နေစရိတ်တောင်မှ တက်လာတယ်။ ရန်ကုန်လို မြို့ကြီးတွေမှာတောင် ဒီလိုဖြစ်တဲ့ အခါကျတော့ အဲဒီ့မှာ သူတို့ရဲ့ အခက်အခဲတွေကို ပြုပြင်ပြောင်းလဲရေးက ရေတိုရေရှည် ဘယ်လောက်ထိ ဖြေရှင်းပေးနိုင်မယ်လို့ ထင်သလဲ။ အဓိကတော့ သူတို့ရဲ့ စားဝတ်နေရေး၊ သူတို့ရဲ့ နေ့တစ်ဓူဝ ရုန်းကန်နေရတဲ့ အခက်အခဲတွေကိုပေါ့။

ဖြေ- တစ်ချက်ကတော့ ခင်ဗျားပြောသလိုပေါ့။ ပြည်သူတွေအနေနဲ့ လက်တွေ့ခံစားရတာ မရှိဘူးဆိုတာကတော့ လက်မခံပါဘူး။ လက်တွေ့ခံစားရတဲ့ နေရာတွေလည်း ရှိတယ်။ ဥပမာ ဆိုပါတော့ဗျာ။ နိုင်ငံသားတစ်ဦးချင်းရဲ့ အခွင့်အရေးနဲ့ ပတ်သက်ရင် လူတွေဟာ ပိုသိတယ်။ မိမိရဲ့ အခွင့်အရေးကို ပိုသိလာတယ်။ မိမိရဲ့ ပြောရေးဆိုခွင့်ကို ပိုနားလည်လာတယ်။ မိမိရဲ့ အခန်းကဏ္ဍကို ပိုသိလာတယ်။ ဒါဆို ဒါဟာ နိုင်ငံရေးအရ လက်တွေ့ပြတာပဲ။

စီးပွားရေးအရ ပြောရမယ်ဆိုရင် ခင်ဗျားတို့ သိပါတယ်။ ပြည်သူတွေအတွက် တစ်ချိန်တုန်းက လက်လှမ်းမမီခဲ့တဲ့ သတင်းအချက်အလက် ရရှိနိုင်တဲ့ အခွင့်အရေးတွေ၊ ပိုမြန်လာတယ်။ မိုဘိုင်းဖုန်းလို ကိစ္စမျိုးတွေ မိုဘိုင်းဖုန်းဟာ ဖုန်းသက်သက်ချည်း မဟုတ်တော့ဘူး။ မိုဘိုင်းဖုန်းဟာ ပြည်သူတွေရဲ့ သိပိုင်ခွင့်ကို ဖြည့်ဆည်းပေးနိုင်တဲ့ ဟာလည်းဖြစ်တယ်။ သူရဲ့ စီးပွားရေးအခွင့်အလမ်းကို ဖွင့်ပေးတဲ့ဟာလည်းဖြစ်တယ်။ ဒါတွေကလည်း သိသာထင်ရှားတယ်။ ဥပမာ- ကားဈေးနှုန်းတွေ ဘာတွေဖြစ်လာလဲ၊ နောက်တခါ ခင်ဗျားပြောသလိုပဲ နေစရိတ်တွေမြင့်လာတာရှိတယ်။ ကုန်ဈေးနှုန်းတွေ မြင့်လာတာရှိတယ်။ သို့သော် တခြားအသွင်းကူးပြောင်းတဲ့နိုင်ငံတွေ ကြည့်ရင် Shock လို့ခေါ်တဲ့ ထိခိုက်မှုတွေ ရှိတယ်။

အရှေ့ဥရောပလို နိုင်ငံမျိုးမှာလို သို့သော် တကယ်တော့ သူတို့နဲ့ ပြန်နှိုင်းယှဉ် ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ အသွင်ကူးပြောင်းရေးဟာ နိုင်ငံရေးအရ ဖြစ်တဲ့ Shock မျိုး၊ စီးပွားရေးအရ ဖြစ်တဲ့ Shock မျိုး၊ အများကြီး ပိုနည်းတယ်။ Shock ရှိပေမယ့် ဒါတွေဟာ ကျွန်တော်တို့ စီမံခန့်ခွဲနိုင်တဲ့ Shock တွေလို့ပဲ ပြောရမှာ။ ဥပမာ ဆိုလို့ရှိရင် လူတွေဟာ အရင်တုန်းက မြန်မာနိုင်ငံမှာ ငွေလဲတဲ့နှုန်းကို တစ်ခုတည်းဖြစ်အောင် လုပ်လို့ရှိရင် ထိန်းမနိုင်၊ သိမ်းမရများ ဖြစ်သွားမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိတယ်။ ဒီလိုအခက်အခဲမျိုးဆိုရင် ဘာဖြစ်လဲ အစိုးရအနေနဲ့ ညင်ညင်သာသာလေးနဲ့ ကျွန်တော်တို့ ပြောင်းလဲပေးနိုင်တယ်။ လစာကိစ္စနဲ့ ပတ်သက်ရင် ကျွန်တော်တို့ စတုန်းကတည်းက လွှတ်တော်က လစာကို ချက်ချင်းကြီး တိုးခိုင်းပေမယ့် ကျွန်တော်တို့သည် စီမံခန့်ခွဲနိုင်တဲ့အဆင့်ဖြစ်အောင် ကျွန်တော်တို့သည် အဆင့်ဆင့် ဖြည်းဖြည်းချင်း၊ ဖြည်းဖြည်းချင်း ကိုင်တွယ်ခဲ့တယ်။ ဆိုလိုတာက အခွန်ကိုကြည့်တယ်။ ဘက်ဂျက်လိုငွေကို ကြည့်တယ်။ ပြည်တွင်းမှာ လှည့်လည်တဲ့ငွေကိုကြည့်တယ်။ ဒီလိုမျိုး ချိန်ပြီးတော့ လုပ်ခဲ့တဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့သည် အားလုံးကို စီမံခန့်ခွဲနိုင်တယ်။

အဲတော့ ခင်ဗျားပြောတာကို ပြန်ခြုံပြောရင် နေရာအားလုံးမှာ လက်တွေ့မခံစားရတာ မဟုတ်ဘူး။ လက်တွေ့ခံစားရတဲ့ အကျိုးကျေးဇူးတွေ ရှိတယ်။ (၂)ကတော့ ခင်ဗျားပြောတဲ့ အခက်အခဲတွေ ရှိတာမှန်တယ်။ ဒါတွေကိုကျွန်တော်တို့ သို့သော်..ထိခိုက်မှုတွေ၊ Shock တွေကို ကျွန်တော်တို့ နည်းနိုင်သမျှ နည်းအောင် လုပ်ဆောင်နိုင်စွမ်းရှိတယ်။ နံပါတ်(၃)ကတော့ ကျွန်တော်တို့ အရေးကြီးဆုံးက ရှေ့ဆက်သွားမယ့် လမ်းကြောင်းနဲ့ ပတ်သက်လို့ ကျွန်တော်တို့က မူဘောင်တွေ အကုန်လုံး ဆွဲနိုင်ခဲ့တယ်။

၂၀၁၂ သြဂုတ်လမှာ ကျွန်တော်တို့ဆီက အဖွဲ့တွေနဲ့ နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပေါင်းပြီးတော့မှ နေပြည်တော် Accord လို့ခေါ်တဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု မူဘောင်ကို ဆွဲခဲ့တယ်။ အဲ့ထဲမှာမှ ပညာရေး၊ စီးပွားရေးအလိုက် ကဏ္ဍအလိုက် အဲဒီ့ မူဘောင်ပေါ် မူတည်ပြီး ဆက်သွားတယ်။

ဆိုတော့ အသွင်ကူးပြောင်းရေး ကာလတစ်ခုမှာ ရင်ဆိုင်ရလေ့ရှိတဲ့ အခက်အခဲတွေ ကျွန်တော်တို့မှာ ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့သည် ဒါကို စီမံခန့်ခွဲနိုင်တယ်။ (၂)ကတော့ ဘာဖြစ်လဲ၊ အရင်ကလို လက်တန်း လုပ်တာမျိုး မဟုတ်ဘဲ ဘယ်သွားရမယ်ဆိုတဲ့ မူဘောင်တစ်ခုကို ခိုင်ခိုင်မာမာ ဆွဲနိုင်ခဲ့တယ်။ ဒါကတော့ ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေပေါ့။


မေး- ကျွန်တော့် နောက်ဆုံးမေးခွန်းက ပြည်ထောင်စုဝန်ကြီးတစ်ယောက် အနေနဲ့ တာဝန်ထမ်းဆောင်တဲ့ အခါမှာရော၊ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိတဲ့သူ တစ်ယောက် အနေနဲ့ တာဝန်ထမ်းဆောင်တဲ့အခါမှာရော ဝန်ကြီး အနေနဲ့ ဘယ်ဟာက မကြိုက်နှစ်သက်ဆုံးပေါ့.. ငါ့အနေနဲ့ ဒါကတော့ လုံးဝမကြိုက်နှစ်သက်ဘူးဆိုတာမျိုး ရှိသလဲခင်ဗျ။

ဖြေ- မရှိပါဘူး။ မကြိုက်နှစ်သက်တာတော့ မရှိဘူး။ ဖိအားပိုများတာနဲ့ ဖိအားနည်းတာပဲ ကွာမှာပေါ့။

မေး- ဒါဆို ဘယ်ဟာက အကြိုက်ဆုံးရှိလဲခင်ဗျ။

ဖြေ- ဘယ်ဟာက အကြိုက်ဆုံးလဲဆိုတော့ ကျွန်တော်က တာဝန်နှစ်ခုစလုံးမှာ ထမ်းဆောင်တဲ့ အတွက်ကြောင့် မို့လို့ ကျန်တဲ့ဝန်ကြီးဌာနတွေနဲ့ စာလို့ရှိရင် ကျွန်တော်သည် ပြည်သူတွေနဲ့ ပိုပြီး တိုက်ရိုက်ထိတွေ့ခွင့်ရတယ်။ မီဒီယာတွေနဲ့ပိုပြီး ထိတွေ့ခွင့်ရတယ်။ ဒီတာဝန်နှစ်ခုစလုံးမှာ ကျွန်တော့်ရဲ့ အကြိုက်ဆုံး ပြောပါဆိုလို့ရှိရင်တော့ အဲ့လို လူတွေနဲ့ ထိတွေ့ ဆက်ဆံခွင့် ရတာဟာ ကျွန်တော့်ရဲ့ အကြိုက်ဆုံးအလုပ်ပဲ။

မကြိုက်ဆုံးအလုပ်လို့ ပြောပါဆိုလို့ရှိရင်တော့ တခါတလေမှာ ကျင့်ဝတ်ကို နားမလည်တဲ့သူတွေ၊ မသိတတ်တဲ့ သူတွေနဲ့ သိတဲ့သူတွေနဲ့ တွေ့ရင်တော့ စိတ်ညစ်တာပေါ့။ အဲ့ဒါတော့ ကျွန်တော့်ရဲ့ မကြိုက်ဆုံးကိစ္စပဲ။


မေး - မြန်မာပြည်ရဲ့ အနာဂတ်ကို ဝန်ကြီး အကောင်းဘက်က ရှုမြင်သလား။ မကောင်းဘက်က ဘယ်လို ရှုမြင်သလဲ။

ဖြေ- ကျွန်တော်ကတော့ အကောင်းဘက်က ရှုမြင်တယ်။ ကျွန်တော်တို့ သွားရတဲ့ခရီးတော့ ဝေးသေးပေမယ့် ပြီးခဲ့တဲ့ နောက်ကိုပြန်ကြည့်ရင် စတာထွက်တဲ့နေရာနဲ့ အခုနေရာကြားမှာ ကျွန်တော်တို့ အများကြီး လုပ်နိုင်ခဲ့တယ်။ ဥပမာ ခင်ဗျားတို့တောင်မှ အစိုးရသစ်တာဝန် စယူတဲ့အခါတုန်းက ဒီလောက် ဖြစ်လိမ့်မယ်လို့၊ အပြောင်းအလဲတစ်ခု မျှော်လင့်ခဲ့မှာ မဟုတ်ဘူး။

ခင်ဗျားနဲ့ ကျွန်တော်နဲ့ ဒီလိုထိုင်ပြီး စကားပြောရလိမ့်မယ်။ IPI လို အဖွဲ့အစည်းတစ်ခုက ဒီမှာလာပြီး လုပ်ရလိမ့်မယ်လို့၊ ခင်ဗျား မဇ္ဈိမအနေနဲ့ ဒါကို Co-host လုပ်ရလိမ့်မယ်လို့ ခင်ဗျားလည်း မျှော်လင့်ခဲ့မှာ မဟုတ်ဘူး။ ဒါကြောင့်မို့ ကျွန်တော်ကတော့ နောက်ကိုပြန်ကြည့်ရင်လည်း ကျွန်တော်ကျေနပ်တယ်။ ရှေ့ကို အနာဂတ်နဲ့ ပတ်သက်ရင်လည်း ကျွန်တော် အကောင်းမြင်တယ်။


ကျေးဇူးပါတယ်ခင်ဗျာ။


Credit - Mizzima News

No comments:

Post a Comment