Saturday, April 4, 2015

အမြတ်အစွန်းရ ဂျာနယ်ထုတ်ဝေရေး ပြန်ကြားရေးဝန်ကြီး၏ နည်းဗျူဟာ

– မောင်မြား

စာပေစိစစ်ရေးအကြီးအကဲဖြစ်သူ ဦးတင့်ဆွေက စက္ကူဈေးနှုန်း လှမ်းစုံစမ်းသည့်အခါ တစ်ဖက်ကုန်သည် အထူး သဖြင့် သူနှင့်အကြောင်းပေါင်းသင့်သူက ပြန်ပြောလိုက်သည့် စက္ကူဈေးနှုန်းသည် အတည်ဖြစ်သည် . . . မိမိတို့ ၀ယ်ယူနေသည့် ကုန်သည်များ၏ ဈေးနှုန်းနှင့် စက္ကူတစ်ထုပ်လျှင် ဈေးနှုန်း ၅၀၀၊ ၁၀၀၀ ကွာဟနေပါစေ၊ သူ့ ဆီကရသည့် သူပြော သည့်ဈေးနှုန်းသာ အတည်ဖြစ်ရပေသည် …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

““ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်””

““ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး””

““ shot ရှိတယ်””


စာပေစိစစ်ရေး အာဏာပို်င်တွေက မိမိတို့ ဂျာနယ်အယ်ဒီတာအဖွဲ့ကို အမိန့်ပေးစကားတွေနှင့် နိစ္စဓူဝ သတိ ပေးနေသည့် စကားများအနက်က မိမိတို့အကြားရဆုံး နားဝမဆုံးစကားများ ဖြစ်တော့သည်။

““စိမ်းလဲ့ရွှေပြည်”” နှင့် ““ရွှေနိုင်ငံ”” ဂျာနယ်၂ စောင်ကို ထိုစဉ်ကပြန်ကြားရေး ၀န်ကြီးဗိုလ်မှူးချုပ်ကျော်ဆန်း ကြီးကြပ်ပြီး ၁၅ ရက်တစ်ကြိမ် နှုန်းဖြင့်ထုတ်ဝေပါသည်။ စိမ်းလဲ့ရွှေပြည် ဂျာနယ်မှာ မိမိကအယ်ဒီတာချုပ်ဖြစ်ပြီး ဆရာမော်ကျွန်းစိုးမြင့်က ရွှေနိုင်ငံဂျာနယ်ကို အယ်ဒီတာချုပ်အဖြစ် တာဝန်ယူရပါသည်။

ဂျာနယ်တစ်စောင်လျှင် ကုန်ကျစရိတ် (ဆိုကြပါစို့ အဲဒီအချိန်က ဈေးနှုန်း) ၈သိန်း နှုန်းဖြင့် တစ်လလျှင် ၃၂ သိန်းဝန်းကျင်ကို ၀န်ကြီးကချပေးပါသည်။ ၀န်ကြီးချပေးသည့် လစဉ်ဘတ်ဂျက်ကို ထိုစဉ်က စာပေစိ စစ် ရေး ညွှန်ကြားရေးမှူးဖြစ်သူ ဦးတင့်ဆွေက စိစစ်ပါသည်။ စက္ကူခ၊ ပုံနှိပ်ခ၊ စာမူခ သဗ္ဗရနံကုန်ကျ စရိတ်များ အားလုံး သူနှင့် ကြိုတင်ညှိနှိုင်းရပါသည်။ ထိုပုဂ်္ဂိုလ်သည် ဆယ်လီစိတ်အောက် သက် ကျေသူတစ်ဦး ဖြစ်ပါသည်။ သူ့ လုပ်ငန်းတာဝန်တစ်စိတ် တစ်ပိုင်းသည်ထုတ်ဝေသူ၊ ပုံနှိပ်သူများနှင့် အကြောင်းပေါင်းသင့်သူဖြစ် ကာ နေ့စဉ် သော်လည်းကောင်း၊ အခါအားလျော်စွာ လည်းကောင်း ဈေးနှုန်းအတက်အကျ အ ပြောင်း အလဲဖြစ်နေ သည့် စက္ကူဈေး၊ ပုံနှိပ်ခများမှာ update ဖြစ်နေရာ ပုံနှိပ်တိုက်ပိုင်ရှင် စက္ကူကုန်သည်၊ ပွဲစားများနည်း တူနေ့စဉ် ပေါက် ဈေးကို ဦးတင့်ဆွေ သိနေပေတော့သည်။…

စာပေစိစစ်ရေး အကြီးအကဲဖြစ်သူ ဦးတင့်ဆွေက စက္ကူဈေးနှုန်း လှမ်းစုံစမ်းသည့် အခါ တစ်ဖက်ကုန်သည် အထူးသဖြင့် သူနှင့်အကြောင်းပေါင်းသင့်သူက ပြန်ပြောလိုက်သည့် စက္ကူဈေးနှုန်းသည် အတည်ဖြစ်သည်။ စစ် တပ် စကားသူတို့ ပြောနေကျ စကား)အရ မြေပြင်အခြေအနေ မည်သို့ရှိစေ (သို့မဟုတ်) မိမိတို့ဝယ် ယူနေ သည့်ကုန်သည်များ၏ ဈေးနှုန်းနှင့် စက္ကူတစ်ထုပ်လျှင် ဈေးနှုန်း ၅၀၀၊ ၁၀၀၀ ကွာဟနေပါစေ၊ သူ့ဆီကရသည့် သူပြောသည့်ဈေးနှုန်းသာ အတည်ဖြစ်ရပေသည်။

ဦးတင့်ဆွေအတည်ပြုသည့် ဈေးနှုန်းများနှင့် တွက်ချက်ပြီးကျသင့်သော ဂျာနယ် ၂စောင်၏ ဘတ်ဂျက်ကို ထိုစဉ် ကပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းဆီကို တောင်းခံရပါသည်။ တောင်းခံသည့်အခါ Foring Letter ကို ဦးတင့် ဆွေက ရေးပါသည်။ ၀န်ကြီး၏ သီးခြားရန်ပုံငွေ လား၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းပညာရေး ဌာန၏ ခွင့်ပြုရန်ပုံငွေလားဆိုသည်ကို မိမိတို့ သိပိုင်ခွင့်မရှိပါ။ ဂျာနယ်အတွက် လိုအပ် သည့်ငွေကို ၀န်ကြီးက လစဉ်ချပေးပါသည်။ သို့ရာတွင် ၀န်ကြီးကချပေးသည့် လစဉ်ငွေသည် ဂျာနယ် တစ်စောင်ထွက်ရှိရေး စတင် လုပ် ကိုင်ဆောင်ရွက်ရမည့် အချိန်နှင့် တစ်ပြေး ညီဘယ်တော့မ မရရှိခဲ့ပါ။ ဂျာနယ် ၂စောင်သည် လစဉ် လမကုန်မီ တွင် သော်လည်းကောင်း၊ တစ်ပတ်ခန့် ကြို၍သော်လည်း ကောင်း ပုံမှန်စတင်လုပ်ကိုင်ရသော်လည်း ၀န်ကြီး ဆီမှဘတ်ဂျက်သည် လစဉ်လဆန်း ၇ ရက်ကျော် ၁၅ ရက်အတွင်းမှသာ allotment လေ့ရှိပါသည်။

မှတ်မှတ် ရရ ပြန်ကြားရေးဝန်ကြီး ကြီးကြပ်ဆောင် ရွက်သည့် ဂျာနယ် ၂ စောင်ထုတ်ဝေစဉ် ကာလတစ်လျှောက် ၅ နှစ် ကျော် ၆နှစ်တာ ကာလအတွင်း နှစ်ကြိမ်သာလျှင် ဘတ်ဂျတ်ကို အချိန်မီရတတ်ပါသည်။ အဲဒီလိုအချိန်မျိုးတွင် ဦးတင့်ဆွေက ခေတ္တငွေချေးစိုက် ထုတ်လုပ် ကိုင်စေပါသည်။ ဦးတင့်ဆွေကို ကျေးဇူး တင်ရသည်။ ၀န်ကြီးက ချပေးသည့် ဘတ်ဂျက်ကို ဂျာနယ်အတွက်လိုအပ်သည့် အသုံးစရိတ်များ (ဥပမာ စက္ကူဖိုးအစရှိသည်)ကို ချက်ချင်း ငွေမပေးချေနိုင်သေးပါဘူး သက်ဆိုင်ရာဘဏ်ကို အသွင်းပြရပါ သည်။ နေ ချင်းပြန် ထုတ်ရသည်။ အဲဒီလို ချက်ချင်း ပြန်ထုတ်ခွင့်ရဖို့ လက်သိပ်ထိုး ဘဏ်ဝန်ဆောင်ခကို မိမိတို့ကကျခံရသည်။ အဲဒီလို ဘဏ်ကိုသွင်း ပြန်ထုတ်ပြီးမှသုံးရသည်။ ဘဏ်ငွေသွင်းငွေထုတ် transaction ကို ဦးတင့်ဆွေက မိမိတို့ဘဏ်စာအုပ်များကို အခါအားလျော်စွာ စစ်ဆေးကြည့်ရှုပါသည်။

စက္ကူဈေးအပါအ၀င် စာမူခအစရှိသည့် အရပ်ရပ်စရိတ်နှင့် အရှုံးအမြတ်လက်ကျန် စာရင်းရှင်းတမ်းအား ဦးတင့် ဆွေဆီလစဉ် မှန်မှန်လချုပ် (Refrot) တင်ပြရပါသည်။ ဦးတင့်ဆွေက လစဉ်အတည်ပြုချက် ပေးနေသည့် ကြား က (မိမိယခင်ဆောင်းပါး အချို့တွင် ဖော်ပြဖူးပါသည်) စာမူတစ်ပုဒ်လျှင် ၂၀၀၀ိ/-နှုန်းနှင့် ဂျာနယ် ၁ စောင်လျှင် စာမူခစုစုပေါင်း ၆ သောင်းကျပ် ၀န်ကြီးကချပေးသည်ကို များကြောင်းဆရာ မြတ်ခိုင်၊ ဆရာကိုကို (စက်မှု)တို့က ဦးတင့်ဆွေကို ““ဆေးထိုး”” လို့ မိမိတို့ အယ်ဒီတာချုပ် ၂ဦးသွားရောက် ရှင်းလင်းရာတွင် ဆရာ မော်ကျွန်းစိုးမြင့် က““ခင်ဗျာဆီမှာ ၂၀၀၀ိ/- နှင့်ရေးသည့် စာရေးဆရာရှိလား”” အစချီကာ စာမူခပေးရပုံကို ချက်နှင့် လက်နှင့် ၃ ယောက်စလုံးကို ရှင်းပြခဲ့သည်။ အဲ့ဒီတော့မှ ဆရာကို သူ့စကားကို သူလျှောချသွားခဲ့သည်။

ဦးတင့်ဆွေသည် မိမိတို့ဂျာနယ် ၂စောင်စလုံးအပေါ် ““အားစိုက်”” ပံ့ပိုးကူညီခဲ့သည်ကိုတော့ မိမိတို့ အသိ အမှတ်ပြုကြသည်။ သို့ရာတွင် သူလည်းသူရဲ့ အဘဗိုလ်ချုပ်၊ ၀န်ကြီးကို လွန်ဆန်၍ မရချေ၊ တင်ပြလေတိုင်း ““မင်းပါးစပ်ပိတ်ထား”” ဟု တားမြစ်ခံရလေ့ရှိသည်။ အထူးသဖြင့် ပြည်ခိုင်ဖြိုးအသင်း ဌာနချုပ်ကနေ လွှဲပြောင်း ယူလာသည့် ၀န်ထမ်း ၇ယောက်အတွက် ဌာနချုပ်ကပေးနေသည့် ထောက်ပံ့ကြေး ငွေ ကိုဆက်လက် မထောက် ပံ့ခြင်းဖြစ်သည်။ ဌာနချုပ် ၀န်ထမ်းကလေးများသည် လစာ ထောက်ပံ့ကြေး ၅ သောင်း သာရကြသည်။ ရွှေပြည် သာ၊ သာကေတ၊ အင်းစိန်အပါအ၀င် မြို့နယ်စုံမှလာ ရောက်အလုပ်ဆင်းကြရသည်။ ပြည်ခိုင်ဖြိုးအသင်းဌာန ချုပ်တွင် အလုပ်လုပ်စဉ်က သူတို့ကို နံနက် စာထမင်းကျွေးသည်။ ထမင်းမစားလျှင် နေ့တွက် ၄၀၀ ကျပ်ကို ဌာနချုပ်က ထောက်ပံ့သည်။ အဲဒီ ထောက်ပံ့ကြေးကို ဆက်လက်ပေးနိုင်ဖို့ မိမိတို့ အယ်ဒီတာချုပ်များမှ တစ် ဆင့်ခွင့် ပြုပေးရန် တောင်းဆိုခြင်းဖြစ်သည်။ ပညာရေးဌာန တာဝန်ရှိသူတွေကလည်း မိမိတို့ကို မေတ္တာရပ် သည်။ မိမိတို့က ဦးတင့်ဆွေမှ တစ်ဆင့် ၀န်ကြီးကိုတင်ပြသည်။

ကိုယ့်အသင်းကြီးက ၀န်ထမ်း၊ အသင်းကြီးက ပေးပြီးသား ၀န်ထမ်းထောက်ပံ့ကြေး ပြီးတော့ပြည်ခိုင်ဖြိုးက ခွင့်ပြုသည့် ဘတ်ဂျက်ငွေ ၀န်ကြီးက သဘောပေါက် နားလည်ပြီးသား၊ ၀န်ကြီးကိုယင်းကိစ္စနှင့် ပတ်သက်ပြီး အကြိမ်ကြိမ် တောင်းဆိုစရာမလို၊ တစ်ကြိမ်းတည်းပဲ““လုံးဝခွင့်မပြုနိုင်””ကြောင်း ဦးတင့်ဆွေမှတစ်ဆင့် မိမိတို့ သိရှိလိုက်ရသည်။ အဲဒီနောက်တွင်မတော့ ၀န်ကြီးရဲ့ နာမည်ရှေ့တွင် ““သူရ””တပ်ပြီး ၀န်ကြီးကွယ်ရာတွင် ခေါ် ဝေါ်နေကြတော့သည်။ ၀န်ကြီးကို မပြောသာကြသော်လည်း ပြည်ခိုင်ဖြိုးအသင်းကြီးရဲ့ တာဝန်ရှိသူအချို့သူ တို့ဝန်ထမ်းများအတွက် သားသမီးချင်းကိုယ်ချင်းစကာ စိတ်မကောင်းဖြစ်ကြရှာသည်။

ကလေးတွေ စိတ်ဓာတ်ကျပြီး အလုပ်က ထွက်မသွားကြရအောင် ဆရာမော်ကျွန်းစိုးမြင့်နှင့် မိမိတို့တိုင်ပင်ပြီး မိမိတို့နည်း မိမိတို့ဟန်ဖြင့် ကလေးတွေကို ထောက်ပံ့ကြေးပေးသည်ကို ဦးတင့်ဆွေသိရှိသောအခါ ““ဆရာ မောင်မြားနှင့် ဆရာမော်ကျွန်းစိုးမြင့်၊ ခင်ဗျားတို့ ဘယ်က ပိုက်ဆံနှင့် ခိုးပေးနေသလဲ”” ဟု ပိုးစိုးပက်စက် အပြောခံရသည်။ ““မပေးနဲ့ပေါ့ဗျာ၊ မပေးတာခင်ဗျား တို့ဘာမှမဖြစ်ဘူး ပေးရင်ခင်ဗျားတို့မှာ shot ရှိတယ်””

သိမ်ဖြူလမ်း ဗဟိုပုံနှိပ်တိုက်ရုံးကြီးပေါ်တွင် ဂျာနယ်ရုံးခန်းဖွင့်ပြီး စိမ်းလဲ့ရွှေပြည်နှင့် ရွှေနိုင်ငံဂျာနယ် ၂ စောင် စလုံး အသွင်သစ် အနှစ်သာရသစ်နှင့် ပြောင်းလဲထုတ်ဝေသည်။ ယခင်ဂျာနယ် ၀န်ထမ်းဟောင်းများ သည် လည်း ပြည်ခိုင်ဖြိုး ဂျာနယ်တွင် ပြည်ခိုင်ဖြိုး ၀န်ထမ်းများအဖြစ် ဆက်လက် ရှိနေမည်ဖြစ်ကြောင်း တရားဝင်သိရှိရ သည့် အချိန်ပြည့်ခိုင်ဖြိုး အသင်းဗဟိုဌာနချုပ်မှ လူကြီးတစ်ဦးဖြစ်သည် ဒေါ်အေးမြင့် (ဒုတိယဗိုလ်မှူးကြီးငြိမ်း) ဦး ဆောင်ပြီး ဌာနချုပ် တာဝန်ရှိသူများက မိမိတို့အယ်ဒီတာချုပ် နှစ်ဦးထံ ၀န်ထမ်းကလေးများကို စောင့်ရှောက်ဖို့၊ မတော်တာမြင်လျှင် ဆုံးမဖို့ လာရောက် အပ်နှံသွားကြသည်။ မိမိတို့ သားသမီးချင်းကိုယ်ချင်းစာလျက် ၀န်ထမ်း တွေကို ထောက်ပံ့ကြေး ဆက်ပေးသည်။

စိမ်းလဲ့ရွှေပြည်ဂျာနယ်နှင့် ရွှေနိုင်ငံဂျာနယ်တို့တွင် တာဝန်ထမ်းဆောင် ခဲ့ကြသည့် ယခင်အယ်ဒီတာချုပ်နှင့် တာဝန်ခံ အယ်ဒီတာများနေရာတွင် မိမိနှင့်ဆရာမော်ကျွန်းတို့ကို အစားထိုးလိုက်သည့် ပြည်ခိုင်ဖြိုး အသင်းကြီး ဗဟိုအတွင်းရေးမှူး ပညာရေးဌာနတာဝန်ခံ ၀န်ကြီးဗိုလ်မှူးချုပ် ကျော်ဆန်း၏ လုပ်ရပ်အပေါ် ဌာနချုပ်ပညာရေး ဌာနမှ ပုဂ်္ဂိုလ်အတော်များများ သိပ်ကျေနပ် ပုံမပေါ်ကြ၊ မပြောသာ၍သာ နေနေကြရသည်ဟု မိမိတို့ သိရှိရ သည်။

ပြန်ကြားရေးဝန်ကြီး ပြောဟန်ဆိုဟန်များသည် စည်းရုံးရေး ကောင်းမွန် သယောင် ထင်ရသည်။ ထို့ကြောင်း လည်း သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် တာဝန်ကို ယူထားခြင်း ဖြစ်ပေလိမ့်မည်။ သို့ရာတွင် စိမ်းလဲရွှေ ပြည်နှင့် ရွှေနိုင်ငံဂျာနယ် မိမိတို့ လက်ထက်တွင် ပြန်လည် ထုတ်ဝေပြီး ၁၀လအကြာ တွင်မတော့ ဖြန့်ချိရေး ယောက်ျားလေး ၀န်ထမ်းတစ်ယောက် နုတ်ထွက်သွားပြီး စိမ်းလဲ့ရွှေပြည်ဂျာနယ် တာဝန်ခံအယ်ဒီ တာဦး ဆောင်ပြီး စာစီစာရိုက် အမျိုးသမီးဝန်ထမ်း ၃ဦး ““လျှပ်တစ်ပြက်ဂျာနယ်”” သို့ပြောင်းရွှေ့သွားကြသည်။ မြတ်ခိုင်ခေါ်လို့ဟု မိမိတာဝန်ခံ အယ်ဒီတာက ပြောသည်။ ယင်းသို့ လျှပ်တစ်ပြက်သို့ ရုတ်တရက် ပြောင်းရွှေ့ သွားသည့် အပေါ်ဦးတင့်ဆွေက မိမိတို့အယ်ဒီတာချုပ် ၂ ဦးအား တစ်စုံတစ်ရာပြစ်တင် ဝေဖန်ပြောဆိုခြင်း မရှိ သော်လည်း မိမိတို့ဂျာနယ်တိုက်မှ အမျိုးသမီး ၀န်ထမ်းတစ်ဦးအား ယင်းကိစ္စနှင့်ပတ်သက် ပြီးသူ၏ ရုံးခန်းသို့ ခေါ်ပြီး ဆူပူငေါက်ငမ်းပါသည်။ စီမံခန့်ခွဲမှု ညံ့ဖျင်းရသလားပေါ့။ ခမျာ မျက်ရည်ပေါက်ပေါက် ကျရရှာသည်။ အဆိုပါ အမျိုးသမီးတွင်လည်း mandate မရှိသည့်အတွက် သူမတွင်လည်း ဘာလုပ်ပိုင်ခွင့်မှ မရှိချေ။ အမှန် တော့ ပြန်ကြားရေးဝန်ကြီး၏ uninformative incentive များကြောင့် ဌာနချုပ်တွင် trained လုပ်ထားသည့် ၀န်ထမ်းများ တခြားတစ်နေရာ ရောက်သွားခြင်းဖြစ်သည်။ ဦးတင့်ဆွေ ဆူပူအပြစ်တင်ရမည်မှာ ၀န်ထမ်းအမျိုး သမီးကိုမဟုတ်ပါ။ မိမိတို့ ၀န်ထမ်းတွေကို ဆွဲနုတ်သွားသူကိုပါ။

တစ်ရက်သားမှာတော့ မိမိတို့ အယ်ဒီတာချုပ် ၂ ဦးတို့ကို ဦးတင့်ဆွေက သူ၏ ရုံးခန်းသို့ခေါ်ပါသည်။ သူ့အပြော ကတော့ အဘ၀န်ကြီးက မေတ္တာရပ်ခံ သည်။ ၀န်ကြီးကပြောတယ်။ အချိန်ကာလ တစ်ခု။ အခိုက်အတန့်ပါဟု ဆိုသည် မိမိတို့အတွက် ၀န်ကြီးခွဲတမ်းဆိုတော့ ““တုတ်””လား ““မုန့်”လား ဆိုပြီး အဘိုးကြီး နှစ်ယောက် တစ် ယောက် မျက်နှာတစ်ယောက် ကြည့်လိုက်သည်။ ပြီးတော့ ဦးတင့်ဆွေကို ပြိုင်တူကြည့်လိုက် ကြသည်။

““စိမ်းလဲ့ရွှေပြည်က စောင်ရေ ၁၀၀၀ နဲ့ရွှေနိုင်ငံက စောင်ရေ ၆၀၀ …””မိမိ တို့နှစ်ဦး ပြိုင်တူရင်ခုန် သွားကြ သည်ထင့်၊ ဂျာနယ်၂စောင်လုံး ရောင်း အားတွေတက်ပြီပေါ့။ တစ်ယောက်ကို တစ်ယောက် အဘိုးကြီး ပြုံးပြုံး ပြီးကြည့်လိုက်ကြသည့် ခဏမှာပဲ။ မိမိတို့ နှစ်ဦး ၊ ဦးတင့်ဆွေ ကို မေးခွန်းပြိုင်တူ မေးလိုက်ကြသည်။

““၀န်ကြီးက ကျွန်တော်တို့ဆီက အဲဒီစောင်ရေကို ပုံမှန်ပြန်ဝယ်မှာလား””

ဝန်ကြီးအပါးမှာ ““အဘ ၀န်ကြီးဗိုလ်ချုပ်””ဆိုပြီး ၀န်းရံနေသူ လုပ်ငန်းရှင်အချို့နှင့် စာနယ်ဇင်းဆရာတချို့ ရှိတယ်လေ။ ၀န်ကြီးက အဲဒီပုဂ်္ဂိုလ်တွေနဲ့ trade-off လုပ် ခဲ့သလားပေါ့။ အဲဒါကြောင့် ယခုကဲ့သို့ မေးလိုက် ခြင်းဖြစ်သည်။ ထိုအခါဦးတင့်ဆွေက ““မဟုတ်ဘူးဗျ၊ ခင်ဗျားတို့ ဂျာနယ်ရဲ့ အရောင်းစာရင်းမှာ အရောင်းပြ ပေးဖို့ ကာလတစ်ခုအထိ ပါပဲဗျာ””

““အဘ၀န်ကြီးက ရှုံးတာကိုမလိုချင်ဘူး၊ ကျွန်တော်တို့ကလည်း ရှုံးပါတယ်ဆိုတာ မပြချင်သေးဘူး””

““မကြာခင်မှာပဲ ခင်ဗျားတို့အယ်ဒီတာချုပ်နှစ်ဦးရဲ့ လစာတွေလည်း မျှော်မှန်းလစာတွေ ပြည့်မီဖို့ အဘက စဉ်းစားထားတယ်””

ဦးတင့်ဆွေတွင် အခြားအာဏာပိုင် များကဲ့သို့ပင် လေသံနှစ်မျိုး ရှိသည်။ (၁) မိမိကတောင်းခံသည့် အခါလေသံ တစ်မျိုး ဖြစ်ပြီး (၂) မိမိကိုတောင်းဆိုသည့်အခါ လေသံတစ်မျိုးဖြစ်သည်။ မိမိတို့နှင့်ဆက်ဆံရသည့် ကာလတစ် လျှောက် (၂) လေသံကိုသာ အစဉ်အမြဲကြားရလေ့ရှိသည်။ ယခု(၁) လေသံကို ကြားရသည့်အခါ …။

ဆရာမောင်မြားနှင့် ဆရာမော်ကျွန်း စိုးမြင့်တို့သည် ဂျာနယ်စောင်ရေ ၁၀၀၀ ကိုမရောင်းရဘဲ စိမ်းလဲ့ရွှေပြည် တွင် အရောင်းပြရသကဲ့သို့ ဂျာနယ်စောင်ရေ ၆၀၀ကို လည်းမရောင်းရဘဲ ရွှေနိုင်ငံဂျာနယ်တွင် အရောင်းပြရ ကာ ၅နှစ်လုံးလုံး ဖွပ်သထက် ညစ်နေခဲ့ရသော်လည်း ၀န်ကြီးသည် အရှုံးမရှိသော ဂျာနယ် ၂စောင်ကို ဦး ဆောင်စီမံခန့်ခွဲနိုင်သူ မဟာဗျူဟာမှူးအဖြစ် မှတ်တမ်းဝင်သွားပါတော့သည်။

မြန်မာသံတော်ဆင့်သတင်းဌာန facebook page – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment