Saturday, April 4, 2015

ဝန်ထမ်းလစာတိုးတာနဲ့ သင်္ကြန်ကို အကြောင်းပြပြီး တက်ရိပ်ပြလာတဲ့ ကုန်ဈေးနှုန်းနဲ့ တရားခံဘယ်သူလဲ

– အောင်ထွန်းလင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဓိကကတော့ အစိုးရကို မယုံကြည်တာပါပဲ။ အဲဒီလို မယုံကြည်တဲ့အတွက် လူတွေရဲ့ရင်ထဲမှာ ဘယ်ကိစ္စကိုမဆို သံသယနဲ့ စောင့်ကြည့်နေကြရပြီး တစ်ခုခု (လစာတိုးတာ၊ အဓိကရုဏ်းဖြစ်တာ၊ လူကြီးအပြောင်းအလဲဖြစ်တာ စသည် စသည်ဖြင့်) ဖြစ်လိုက်တာနဲ့ အရင်ဆုံး သူတို့ကြည့်ကြတာက …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(ဖြတ်သန်းခဲ့ရသော သတင်းထောက်ဘ၀ အတွေ့အကြုံ)

အစိုးရ ၀န်ထမ်းနဲ့ စစ်သားတွေအတွက် တိုးမြှင့်မယ့်လစာကို လွှတ်တော်ကြီးက အတည်ပြု ပေးလိုက်ပြီးတဲ့ နောက်မှာတော့ ဖြင့် နှစ်စဉ်နှစ်တိုင်း ဖြတ်သန်းနေကျဖြစ်တဲ့ နှစ်ကူးကာလ
သင်္ကြန်ကို ဖြတ်သန်းရတော့မှာပါ။ သင်္ကြန်ကာလ ရောက်ပြီဆိုရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုရှိပါတယ်။ အဲဒါကတော့ သင်္ကြန်ကာလတွင်း ရောင်းရေးဝယ်တာ ခက်တာမို့ ထုံးစံအတိုင်း အခြေခံ စားသောက်ကုန်ပစ္စည်းတွေ ခေတ္တဈေးတက်တတ်တာပါ။

ဒီနှစ်ကတော့ ထူးထူးခြားခြား အစိုးရ၊ အစိုးရ၀န်ထမ်းနဲ့ စစ်မှုထမ်းတွေကို လစာတိုးပေးလိုက်တယ်ဆိုတော့ ဘာတွေများ ထူးခြားလာမလဲဆိုပြီး ဈေးကွက်သတင်းလေးဘာလေး မေးမြန်းကြည့်ခဲ့မိတယ်။

စားနေကျ ထမင်းဆိုင်မှာ မေးကြည့်လိုက်တော့ ဈေးဆိုင်အန်တီကြီးက ထူးထူးခြားခြား ပြောလိုက်တာက ကျွန်တော်တို့ အခြေခံ စားသောက်ကုန်လို့ သတ်မှတ်ထားတဲ့ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်ကို မပြောသေးဘဲနဲ့ လက်ထဲမှာ ကိုင်ထားတဲ့ သခွားသီးကိုပြရင် ““အခု ဒီသခွားသီးက တစ်လုံး ၄၀၀(ကျပ်)။ အရင်က ဒီလောက် အရွယ်(လူကြီးလက်တစ်ဝါးစာ) သခွားသီး ၀ယ်ရင် တစ်လုံးမှ ၁၀၀ ပဲရှိတာ။ အခုက ၄၀၀””တဲ့။ ဒါနဲ့ ဘေးနားက လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတစ်ဦးကလည်း ချက်ချင်းဆိုသလိုပဲ။ ဟုတ်တယ်တဲ့။ အရင်က ကျောက်ပွင့်ဝယ်ရင် ၂၀၀၀ ကျော်ကနေ ၃၀၀၀ ကျော်အထိ တက်ကုန်လို့တဲ့။ ကျောက်ပွင့် ဆိုတာကလည်း ရေရှည်ခံဆိုတော့ လူသုံးများတဲ့ ပစ္စည်းထဲမှာ ပါတယ် မဟုတ်ပါလား။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ၃၀ မတ်လထုတ် မြန်မာ့အလင်းသတင်းစာမှာ ““ကုန်ဈေးနှုန်းများ တည်ငြိမ် လျက်ရှိ”” ဆိုတဲ့သတင်းတစ်ပုဒ် ပါလာသေးသဗျ။ အဲဒီမှာဆိုရင် ““၀န်ထမ်းများ လစာတိုးပေးသော်လည်း ကုန်ဈေးနှုန်းများ အမြင့်ဈေးမှာ ရှိလာနိုင်သဖြင့် စားသုံးသူအများအပြား စိုးရိမ်နေကြရာ ဈေးနှုန်းများမှာ မူလအခြေအနေတွင် တည်ရှိနေပြီး အတာသင်္ကြန် နီးကပ်လာသဖြင့် ကုန်စည်ဒိုင်များမှာ ပိုမိုဝင်ရောက် လာသည့်အပြင် အရောင်း အ၀ယ် အားကောင်း””လို့ ဖော်ပြထားသလို ““ကုန်ဈေးနှုန်းမှာ ၀န်ထမ်းလစာတိုးပေးလို့ ကုန်ဈေးနှုန်းများ တက်ခြင်းမဟုတ်ဘဲ သင်္ကြန်ကာလ နီးကပ်လာလို့ ကုန်ဈေးနှုန်းများမှာ ၀န်ထမ်းလစာ မတိုးခင်ကတည်းက ဆန်ဈေးသာ အနည်းငယ် မြင့်တက်နေပြီး အခြားစားသောက်ကုန်များနှင့် ရတနာများမှာလည်း ၀ယ်ယူ သိုလှောင်သူများက ၀ယ်လိုအား မြင့်တက်လာသဖြင့် ဈေးနှုန်းမှာ ယခင်ကထက် အနည်းငယ်လောက်သာ မြင့်တက်လျက်ရှိ””လို့လည်း ဖော်ပြထားပြန်ပါတယ်။

ဒီသတင်းကိုကြည့်မယ်ဆိုရင် အထက်မှာ တင်ပြခဲ့တဲ့ ၀န်ထမ်းလစာတိုးတာနဲ့ သင်္ကြန်ကာလကြောင့် ကုန်ဈေးနှုန်း တက်ရိပ်ပြလာပြီဆိုတာ ငြင်းလို့မရတဲ့ အချက်ဆိုတာ ပရိသတ်လည်း မြင်ကြမှာပါ။

ကျွန်တော့် အသက်အရွယ်အရ ဖြတ်သန်းခဲ့ရတဲ့ ဘ၀တစ်လျှောက် ကုန်ဈေးနှုန်း တက်ပြီဟေ့ဆိုရင် ၀န်ထမ်း လစာတိုးတာကြောင့်လား၊ ဒါမှမဟုတ် အရေးအခင်းတစ်ခုခု ဖြစ်တာကြောင့်လား၊ သို့တည်းမဟုတ် အချိန်ကာလကြောင့် တက်တာလား ဆိုတာကို ကျွန်တော့်ရဲ့ မိဘဆွေမျိုးတွေက ပြောပြလေ့ရှိပါတယ်။ သင်္ကြန်ဆိုရင်တော့ ကုန်ဈေးနှုန်း တက်လေ့ရှိတယ်၊ သီတင်းကျွတ်ကာလဆိုရင် မုန့်ဘူးတွေ အ၀ယ်လိုက်လို့ ဈေးတက်တတ်တယ် စသဖြင့် အချိန်ကာလကိုမှီပြီး ကုန်ဈေးနှုန်းအတက် အကျရှိတတ်တာကို သင်ပေးခဲ့ ဖူးပါတယ်။ ထို့နည်းတူ အစိုးရကတော့ လစာတိုးလိုက်ပြီ၊ ကုန်ဈေးနှုန်း တက်တော့မယ်၊ အစိုးရက ငွေတွေ သိမ်းလိုက်ပြီ ကုန်ဈေးနှုန်း တက်တော့မယ်၊ ဟိုနေရာ ဟိုဒေသမှာတော့ ပဋိပက္ခတွေဖြစ်နေပြီ၊ ကုန်ဈေးနှုန်းက တက်မလား မသိဘူး၊ ကြိုဝယ်ထားမှ စတဲ့စကားတွေက မပြတ်ဆိုသလို ကြားခဲ့ရ၊ သိခဲ့ရ၊ ကြုံခဲ့ရဖူးပြီဆိုတော့ လူတွေရဲ့ စိတ်ထဲမှာ သံသယနဲ့ အလုပ်လုပ်နေရတဲ့ အဖြစ်အပျက်က သီးခြား မီးမောင်းထိုး ပြောစရာကို လိုမယ် မထင်ပါဘူး။

ဒါပေမဲ့ ဒီနေရာမှာ မြန်မာပြည်ရဲ့စီးပွားရေး အခြေအနေတွေရဲ့ ထူးခြားချက်ကတော့ တက်ပြီးဈေးပြန် မကျတဲ့ ဈေးကွက်ရဲ့ သဘောတရားပါ။ ၀န်ထမ်းလစာတိုးလည်းတက်၊ ပဋိပက္ခတစ်ခု ဖြစ်လည်းတက်နဲ့ ရာသီချိန် ရောက်လို့ အတက်အကျဖြစ်တတ်တဲ့ သဘောကို ဆန့်ကျင်ပြီး တက်ပြီးရင်း တက်တတ်တဲ့ သဘောကို တွေ့နေရတာ နှစ်ပေါင်း ဆယ်နဲ့ချီနေပါပြီ။ ဒါကဘာလဲဆိုရင် စိုးရိမ်စိတ်နဲ့ အရာရာကို ချင့်ချိန်နေရတဲ့ ပြည်သူတွေရဲ့ စိတ်အခံကြောင့်ပါပဲ။ ဒီတော့ တိုင်းပြည်မှာ တစ်ခုခုဖြစ်ပြီဆိုရင် စိုးရိမ်စိတ်နဲ့စုကြဆောင်းကြဖြစ် ကြတာ မဟုတ်ပါလား။

ဒီနေရာမှာ တစ်ခုကြားဖြတ် ပြောချင်တာကတော့ ကုန်ဈေးနှုန်းဆိုတာကို အစိုးရက တားလို့မရဘူး ဆိုတာပါ။ ကုန်ဈေးနှုန်း အတက်အကျနဲ့ တိုက်ရိုက် ပတ်သက်နေတဲ့ ကုန်သည်နဲ့ စားသုံးသူကသာ စီမံခန့်ခွဲလို့ ရတယ် ဆိုတာ ဘောဂဗေဒရဲ့ သဘောတရားတွေမှာလည်း ပါပြီးသားပါ။ ၀ယ်လိုအား၊ ရောင်းလိုအား မျှခြေတွေနဲ့သာ တွက်ချက်ပြီး ဈေးကွက်ကို မမြင်ရတဲ့ လက်မည်းကြီးကသာ စီမံခန့်ခွဲလေ့ရှိပါတယ်။ ဒါပေမဲ့လည်း အစိုးရက ကုန်ဈေးနှုန်းရဲ့ တည်ငြိမ်မှုကို ယိမ်းယိုင်အောင်လုပ်နိုင်တဲ့ အနေအထားတွေလည်း မြန်မာပြည်ရဲ့သဘော သဘာဝအရ အများကြီးရှိပါတယ်။ ပို့ကုန်သွင်းကုန် ကဏ္ဍနဲ့ပတ်သက်လို့ လက်တစ်လုံးခြား လုပ်မှုတွေကို မနှိမ်နင်းနိုင်တာ၊ အခြားသော စီးပွားရေး လုပ်ငန်းရှင်များ ထက်အာဏာပိုင်နဲ့ နီးစပ်တဲ့ ခရိုနီစီးပွားရေး သမားတွေကို လက်သိပ်ထိုး လုပ်ပိုင်ခွင့် ပေးတာတွေ အများကြီး အများကြီးပါ။ ဒါက အခြေခံ သဘောတရား အရပဲ ပြောပြတာပါ။ ထားတော့။

နောက်ထပ် ဆိုးတာတစ်ခုကတော့ လူတွေရဲ့သံသယပါ။ အဲဒါကလည်း အစိုးရရဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ မယုံကြည်မှုကနေစပြီး အခြေခံတယ်ဆိုရင် လက်သင့်ခံနိုင်ကြမယ် ထင်ပါတယ်။ ဒီလိုမျိုးသံသယ စိတ်ရှိရတဲ့ အကြောင်းကို စဉ်းစားမယ်ဆိုရင် အဓိကကတော့ အစိုးရကို မယုံကြည်တာပါပဲ။ အဲဒီလို မယုံကြည်တဲ့အတွက် လူတွေရဲ့ရင်ထဲမှာ ဘယ်ကိစ္စကိုမဆို သံသယနဲ့ စောင့်ကြည့်နေကြရပြီး တစ်ခုခု (လစာတိုးတာ၊ အဓိကရုဏ်းဖြစ်တာ၊ လူကြီးအပြောင်းအလဲဖြစ်တာ စသည်စသည်ဖြင့်) ဖြစ်လိုက်တာနဲ့ အရင်ဆုံး သူတို့ကြည့်ကြ တာက ကုန်ဈေးနှုန်းပါ။ ဒါဟာအထက်မှာ တင်ပြခဲ့သလို ယုံကြည်မှု အားနည်းခြင်းကြောင့် ဖြစ်လာရတဲ့ သံသယတွေပါ။

ဒီသံသယကို ဖြေဖျောက်ဖို့အတွက် ဆိုတာကတော့ အထက်မှာ ပြောခဲ့သလို ပြည်သူ ယုံကြည်တဲ့ အစိုးရဖြစ်ဖို့က အဓိကပါပဲ။ ကိစ္စတစ်ခုဖြစ်တိုင်း အစိုးရကိုမယုံတဲ့ စိတ်အခံက ဖြစ်လာတဲ့ သံသယက ကုန်ဈေးနှုန်းအပြင် အခြားသော ကိစ္စရပ်တွေမှာလည်း ပြည်သူတွေကို ရိုက်ခတ်လေ့ရှိတဲ့အတွက် ပြည်သူယုံကြည်တဲ့ အစိုးရသာဖြစ်ခဲ့မယ် ဆိုရင်ဖြင့် အခုလို ဖြစ်ပျက်နေတဲ့ မယုံကြည်မှုရဲ့ နောက်ဆက်တွဲ ပြဿနာတွေ ကို ရှောင်လွှဲနိုင်မှာဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်ရပါတယ်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment