Wednesday, April 1, 2015

ဖြောင့်မတ်သူများနှင့် ကိုယ်ကျိုးရှာသူများ

ယခုရက်ပိုင်းအတွင်း သတင်းများတွင် လူသိများထင်ရှားသည့် မသန်စွမ်းသူ မစုပုံချစ်အား နေထိုင်ခွင့်ပေးထားသည့် နိုင်ငံပိုင်တိုက်ခန်းကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ဆက်လက်နေထိုင်ခွင့် မပြုတော့ကြောင်း၊ ပြန်လည်အပ်နှံရန် အမိန့်ထုတ်ပြန်ခဲ့သည့် အကြောင်း ဖတ်ရှုလိုက်ရသည်။

ဖယ်ရှားခိုင်းသည့် အကြောင်းရင်းကို ဖော်ပြထားရာတွင် အစိုးရဌာန ထုံးစံအတိုင်း အစိုးရအား ဆန္ဒပြသည့် အင်အားစုများနှင့် ပူးပေါင်းပါဝင်သည့်အတွက်ကြောင့် မဟုတ်ဘဲ အခြားသော ရေရာမှု မရှိသည့် အကြောင်းပြချက်များကို ဖော်ပြထားသည်ဟု သတင်းများတွင် ရေးသား ဖော်ပြထားသည်။

ယခုကဲ့သို့ လိုလားသည့်အခါ တစ်မျိုး မလိုလားသည့် အခါတစ်မျိုး ပြုမူခြင်းသည် သဘောထားကြီးသည့် အစိုးရတစ်ရပ်၏ အင်္ဂါရပ်မဟုတ်ပေ။ အများပြည်သူ အကျိုးစီးပွားကို ဆန့်ကျင်ခြင်း သို့မဟုတ် နိုင်ငံတော်အကျိုးစီးပွားကို ဆန့်ကျင်ခြင်းကြောင့် အရေးယူ ဆောင်ရွက်ခြင်း ဖြစ်သည်ဆိုသည်ကိုမူ နားလည်သော်လည်း လက်ရှိအုပ်ချုပ်သည့် အစိုးရကို ဆန့်ကျင်သောကြောင့်လည်းကောင်း တနည်းအားဖြင့် သစ္စာမခံခြင်းကြောင့်လည်းကောင်း ယခုကဲ့သို့ ပြုမူဆောင်ခြင်း ဖြစ်သည်ဆိုလျှင် ယင်းလုပ်ရပ်သည် ကလေးကလား လုပ်ရပ်ဖြစ်သည်ဟုသာ ဆိုရပေလိမ့်မည်။

ဒီမိုကရေစီစနစ်သို့ ဦးတည်ချီတက်နေသည့် အစိုးရတစ်ရပ်ဖြစ်သည်ဆိုလျှင် ၎င်းတို့နှင့် အမြင်မတူယုံမျှဖြင့် မတူသူများကို အရေးယူခြင်း၊ ကန့်သတ်ပိတ်ပင်ခြင်း မပြုသင့်ပေ။

အစိုးရနှင့် အမြင်မတူသဖြင့် အမြင်မတူကြောင်း ရိုးရိုးသားသား ဖော်ပြခြင်းသည် ရိုးဖြောင့်သူဟု နားလည်နိုင်ပေသည်။
သို့မဟုတ်ဘဲ မိမိ၏ အမြင်ထက် ကိုယ့်အကျိုးရှိဖို့ကိုသာ ကြည့်ကာ ပြောသင့်ပြောထိုက်သည်ကိုလည်း မလုပ်၊ လုပ်သင့်လုပ်ထိုက်သည် ကိုလည်း မလုပ်ဆောင်သူများမှာ တိုင်းပြည်အတွက် အကျိုးပြုမည့်သူများ မဟုတ်ပေ။ ဥပမာအားဖြင့် အစိုးရဌာနအသီးသီးတွင် ရှိနေကြသည့် အဂတိလိုက်စားသူများ၊ ကိုယ်ကျိုး ရှာသူများ၊ အများပိုင်ပစ္စည်းကို ကိုယ်ကျိုးအတွက် သုံးစွဲလုပ်ကိုင်နေသူများသည် တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် မည်သည့်အခါမျှ အကျိုးပြုမည့်သူများ မဟုတ်ပေ။ အကျိုးမပြုသည့်အပြင် တိုင်းပြည်တိုးတက်ရေး ဖွံ့ဖြိုးရေးကို ဖျက်ဆီးနေသူများ နှောင့်နှေးအောင် လုပ်နေသူများဟုပင် ဆိုနိုင်သည်။

ယခု အစိုးရသစ်လက်ထက်တွင် နိုင်ငံပိုင် ပစ္စည်းအလွဲသုံးစားပြုမှု၊ လာဘ်စားမှုများဖြင့် ရာထူးကြီးသူ ဘယ်နှယောက် အရေးယူခဲ့ပါသလဲ။ အောက်ခြေနှင့် အလယ်အလတ်အဆင့်ရှိ ဝန်ထမ်းများကို အရေးယူခဲ့သည်ကို ပြကောင်းပြပေလိမ့်မည်။ သို့သော် အရာရှိကြီးများအဆင့် တွင် ယင်းလုပ်ရပ်များ လုပ်ဆောင်ခြင်းကြောင့် လူသိရှင်ကြား အရေးယူမှုမျိုး သိသိသာသာ မတွေ့ရပေ။

လာဘ်စားသူများ၊ ခွင်ရှာပြီး ကြီးပွားအောင် လုပ်ဆောင်တတ်သူများ၊ နိုင်ငံဘဏ္ဍာ အလဟဿ ဖြစ်အောင် လုပ်ဆောင်သူများမှာ မည်သည့်အခါမျှ ပြတ်ပြတ်သားသား အရေးယူခြင်းမရှိဘဲ မြို့ကြီးပြကြီးများတွင် ကိုယ်ပိုင်အိမ် ကိုယ်ပိုင်လုပ်ငန်းများဖြင့် တင့်တောင့်တင့်တယ် စိတ်အေး လက်အေး နေနိုင်ကြသည့်ခေတ် ယနေ့ထိ ရှိနေသေးသည်ဟု ပြောလျှင် လွန်အံ့မထင်ပေ။
ထို့အတွက်ကြောင့် အစိုးရသည် မိမိနှင့် အမြင်မတူသူ သဘောထားကွဲသူများကို လိုက်လံ ဒုက္ခပေးနေမည့်အစား မိမိအစိုးရအဖွဲ့ထဲတွင် နေ၍ အစိုးရသိက္ခာကျအောင် လုပ်ဆောင်နေ သူများကို ရှာဖွေပြီး အရေးယူခြင်းသည်သာလျှင် နို်င်ငံအတွက် အကျိုးရှိဆုံးဖြစ်မည်ဟု မဇ္ဈိမက တိုက်တွန်းရေးသားလိုပေသည်။


Credit - Mizzima News

No comments:

Post a Comment