Saturday, April 4, 2015

အစိုးရ၏ ကတိကဝတ်များကြောင့် ဝှိုက်ကတ်အပ်နှံသူ များပြား

ရန်ကုန် (မဇ္ဈိမ) ။ ။ နိုင်ငံသားဖြစ်ကြောင်း ယာယီသက်သေခံကတ်ပြား (ဝှိုက်ကတ်) များ အပ်နှံကြောင်းလက်မှတ်သည် နိုင်ငံသားအသိအမှတ်ပြုကတ်မရ မချင်း အသုံးပြုနိုင်ပြီး ဇွန်လ အတွင်းတွင် စိစစ်ပြီး သိအမှတ်ပြုကတ်များ ထုတ်ပေးမည်ဟု အစိုးရက ထုတ်ပြန်ထားခြင်းကြောင့် ဝှိုက်ကတ်အပ်နှံသူ များပြားလာသည်ဟု ရခိုင်ပြည်နယ် လ.ဝ.က ဦးစီးမှူး ဦးခင်စိုးကပြောသည်။ 

White-card
(ဓာတ်ပုံ-အီးပီအေ)



ဧပြီ ၁ရက်က စတင်လက်ခံခဲ့သော်လည်း အဖြူကတ်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အပ်နှံရခြင်းကြောင့် အပ်နှံမှု နည်းပါးခဲ့သည် ဟုဆိုသည်။ 

"အပ်ပြီးသားတွေကို စိစစ်ပြီးရင် ဇွန်လလောက်မှာ အဆင့်သတ်မှတ်ချက်တစ်ခုနဲ့ အသိအမှတ်ပြုကတ် တစ်ခုခု ထုတ်ပေးမယ်လို့ ကျွန်တော်တို့ကြေညာထားတယ် "ဟု ဦးခင်စိုးကပြောသည်။ 

ဝှိုတ်ကတ်များ မတ်လ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးပြီး ဟု ပြည်ထောင်စု ဥပဒေခုံရုံးက ကြေညာခဲ့ပြီး ဧပြီ ၁ ရက်တွင် အပ်နှံခဲ့ရခြင်းဖြစ်သည်။ 

အဖြူကတ်ကိုင်ဆောင်သူ ဦးအောင်ဝင်းက"ရိုဟင်ဂျာတောင်းဆိုသူတွေကို ၁၉၈၂ နိုင်ငံသားဖြစ် ခွင့်နဲ့ အားလုံးကိုစစ်ပြီးမှ လက်မှတ်ထုတ်ပေးမယ်ဆို ရင် ကျွန်တော်တို့ အဖြူကတ် အပ်ထားတဲ့သူတွေ နစ်နာမယ်။ အဖြူကတ်ကို စိစစ်တာနဲ့ အထောက်အထားမရှိသူတွေကို စိစစ်တာနဲ့ ခွဲခြားထား သင့်တယ်"ဟု ပြောသည်။ 

ရခိုင်ပြည်နယ် အတွင်းတွင် ဝှိုက်ကတ် ကိုင်ဆောင်သူ ခြောက်သိန်းကျော် ရှိနေပြီး ရိုဟင်ဂျာ အနေဖြင့် နိုင်ငံသားဖြစ်ခွင့် တောင်းထားသူများလည်း ရှိနေရာ ယင်းသို့ တောင်းဆိုမှု နှစ်ခုမှာ မတူညီသောကြောင့် သီးသန့် စစ်ဆေးစေလိုကြောင်း ၎င်းက ပြောခြင်းဖြစ်သည်။ ရိုဟင်ဂျာ အမည်ဖြင့် နိုင်ငံသား ဖြစ်ခွင့် တောင်းဆိုထားသူများကို နိုင်ငံသားဖြစ်ခွင့်ပေးမည် မဟုတ်ဟု အစိုးရက တရားဝင် ပြောကြားထားပြီး ဘင်္ဂလီ အနေဖြင့် နိုင်ငံသားဖြစ်ခွင့် တောင်းခံပါက ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေအရ စီစစ်ပြီး ကတ်ထုတ်ပေးမည် ဖြစ်သည်။

ဝှိုက်ကတ် အပ်နှံသူမှာ ဧပြီ ၁ရက်မှ ၂ရက်အထိ တစ်သောင်းနီးပါး အပ်နှံပြီးဖြစ်သည်ဟု ပြည်နယ် လ.ဝ.က စာရင်းများ အရ သိရသည်။    

အဖြူကတ်ကိုင်ဆောင်သူများသည် ကတ်အပ်ပြီးပါက သက်သေခံ လက်မှတ်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပေးမှသာ ခိုင်လုံမှု ရှိမည်ဟုလည်း ဒီမိုကရေစီ နှင့် လူ့အခွင့်ရေးပါတီက  ထုတ်ပြန်ချက်ထုတ် ပြောဆိုထားသည်။

ထို့ပြင် အဖြူကတ်သည် တိုင်းရင်းသားအချို့ကိုလည်း ထုတ်ပေးထားသည် ဖြစ်ရာ ထိုသူများကို နိုင်ငံခြားသားအဖြစ် မစစ်ဆေးသင့်ဟု ထုတ်ပြန်ထားသည်။  

ပြည်နယ် အစိုးရကမူ အဖြူကတ်များ ပြန်သိမ်းပြီးနောက်တွင် လ.ဝ.က ၏ လက်ခံရရှိကြောင်းဖြတ်ပိုင်း ထုတ်ပေးထားပြီး ထို ဖြတ်ပိုင်းဖြင့် အသုံးပြုနေထိုင်ရမည်ဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment