လူ့အခွင့်အရေး စိန်ခေါ်မှုများ
အမျိုးသမီးအခွင့်အရေးနှင့်
စပ်လျဉ်းသည့် CEDAW၊ ကလေးအခွင့်အရေးများနှင့် စပ်လျဉ်းသည့် CRC ၊
ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ အမျိုးသမီးများနှင့် ပတ်သက်၍
ဆုံးဖြတ်ချက်များ၊ စစ်ပွဲဖြစ်ပွားသည့် ဒေသများရှိ အမျိုးသမီးများ
အခွင့်အရေးအတွက် သီးသန့်ကာကွယ်ပေးရန် ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်းသည့်
UNSCR 1325 and 1820 ကို အကောင်အထည်ဖော်ရေး ဖိအားပေးတိုက်တွန်းရန်
မြန်မာအရပ်ဘက် အဖွဲ့အစည်းများက ကြေညာချက်တစ်ရပ် ထုတ်ပြန်ထားသည်။
မြန်မာအစိုးရက ကတိကဝတ်ပြုထားပြီး မလိုက်နာသေးသော နိုင်ငံတကာ
စာချုပ်စာတမ်းများနှင့် ကတိကဝတ်များအဖြစ် အထက်ပါ အကြောင်းအရာများအား
ဥပမာပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်ကို ပြီးခဲ့သည့်
အောက်တိုဘာလ အတွင်းက ပြုလုပ်ခဲ့သည့် မြန်မာအရပ်ဘက် အဖွဲ့အစည်း ၂၅၇ ဖွဲ့
ကိုယ်စားလှယ်ပေါင်း ၆ဝဝ ကျော်က သုံးရက်ကြာ ဆွေးနွေးပြီးနောက်
ထုတ်ပြန်ခဲ့ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့်
အခြေခံလူ့အခွင့်အရေး ပြဿနာများမှာ တိုင်းရင်းသားဒေသများ အပါအဝင်
နိုင်ငံအနှံ့ပေါ်ပေါက်နေရာ တရားဝင်ဖွဲ့စည်းထားသော အမျိုးသားလူ့အခွင့်အရေး
ကော်မရှင်၏ အခန်းကဏ္ဍသည် အဓိကကျလာသည်။
မြန်မာနိုင်ငံတွင်
အစိုးရသစ်လက်ထက်၌ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို
ဖွဲ့စည်းပေးထားပြီး ကော်မရှင်ဥက္ကဋ္ဌမှာ ဦးဝင်းမြဖြစ်သည်။ အဆိုပါကော်မရှင်
အနေဖြင့် အစိုးရလက်နက် ကိရိယာတစ်ခု (သို့မဟုတ်) သီးခြားလွတ်လပ်သော
အဖွဲ့တစ်ခုဖြစ်မဖြစ် သိလိုကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက
လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့ဖူးသည်။ ယင်းမေးခွန်းအပေါ် ကော်မရှင်သည်
ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ပိုမို၍
ကာကွယ်စောင့်ရှောက်နိုင်ရန် အလိုငှာ နိုင်ငံတော်က ဥပဒေတစ်ရပ်ပြဋ္ဌာန်း၍
ဖွဲ့စည်းပေးပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေပံ့ပိုးမှုဖြင့် လွတ်လပ်စွာ
ဆောင်ရွက်သည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက
ပြန်လည်ဖြေကြားထားသည်။
လတ်တလောတွင် လူ့အခွင့်အရေးကော်မရှင်၏
အခန်းကဏ္ဍအား မှတ်ကျောက်အတင်ခံနိုင်မည့် ဖြစ်ရပ်တစ်ခု ရှိနေသည်။ ယင်းမှာ
ဝိဝါဒကွဲပြားစရာများ၊ မေးခွန်းထုတ်စရာများစွာ ရှိနေသော ကိုပါကြီး
သေဆုံးခဲ့မှုနှင့် ပတ်သက်သော ဖြစ်ရပ်ဖြစ်သည်။ ကိုပါကြီးသေဆုံးမှုနှင့်
ပတ်သက်၍ တပ်မတော်၏ ထုတ်ပြန်ချက်များအပေါ် သေဆုံးသူ၏ဇနီးက ကန့်ကွက်မှုများ
ရှိနေသလို ကိုပါကြီးကိစ္စ အမှန်တရားပေါ်ပေါက်ရန် ဝေဖန်မှုများ၊ ဆန္ဒပြမှုများ
ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ ထိုအခြေအနေတွင် သမ္မတက ယင်းကိစ္စအား လူ့အခွင့်အရေး
ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ညွှန်ကြားခဲ့သည်။
ထို့ကြောင့် လူ့အခွင့်အရေးကော်မရှင်နှင့် သေဆုံးသူ ကိုပါကြီး၏ဇနီးတို့
အောက်တိုဘာ ၃၁ ရက်က တွေ့ဆုံရန် စီစဉ်ခဲ့ကြသော်လည်း လူဦးရေ
ကန့်သတ်မှုများကြောင့် တွေ့ဆုံညှိနှိုင်းနိုင်ခြင်း မရှိသေးပေ။
လတ်တလော အခြေအနေများအရ KKO စောဆန်းအောင်အဖွဲ့မှ ပြန်ကြားရေးတာ
ဝန်ခံဗိုလ်ကြီးအဆင့်ရှိ အောင်နိုင်ဟု တပ်မတော်ဘက်မှ သတင်းထုတ်ပြန်ထားသည့်
အလွတ်တန်း သတင်းထောက်ကို အောင်ကျော်နိုင်(ခ) ကိုပါကြီး သေဆုံးမှုဖြစ်စဉ်အား
ကွင်းဆင်းစစ်ဆေးရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှာ
ကျိုက်မရောမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။
သို့ပါ၍
လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး
ကြေညာစာတမ်းပါ ပြဋ္ဌာန်းချက်များ၊ နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့် တရားမျှတ
လွတ်လပ်သော တရားစီရင်ရေးအရနှင့် လူသားချင်းစာနာမှုများ အပေါ်တွင်
မည်မျှလုပ်ဆောင်နိုင်မည် ဆိုသည်ကို လူထုကစောင့်ကြည့် နေကြပြီဖြစ်ပါကြောင်း
The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
Credit - Eleven Media Group
No comments:
Post a Comment