အမျိုး ဘာသာ သာသနာ
====================
အဂတိတရားလေးပါး ကင်းရှင်းပါစေ
====================
မင်းနန်(မော်ကျွန်း)
''ရဟန်းတို့ အဂတိလိုက်စားမှုတို့သည် ဤလေးမျိုးတို့ တည်း။ အဘယ်လေးမျိုးတို့ နည်းဟူမူ
(၁) ချစ်ခြင်းကြောင့် အဂတိ လိုက်စားခြင်း၊
(၂) မုန်းခြင်းကြောင့် အဂတိလိုက်စားခြင်း၊
(၃) မသိ ခြင်းကြောင့် အဂတိလိုက်စားခြင်း၊
(၄) ကြောက်ရွံ့ခြင်းကြောင့် အဂတိ လိုက်စားခြင်းတို့ ဖြစ်၏။
ရဟန်းတို့ အကြင်သူသည် ချစ်ခြင်းကြောင့် လည်းကောင်း၊ မုန်းခြင်းကြောင့်
လည်းကောင်း၊ မသိခြင်းကြောင့် လည်းကောင်း၊ ကြောက်ရွံ့ခြင်းကြောင့်
လည်းကောင်း၊ တရားကိုကျော်လွန်၍ ကျင့်၏။ ထိုသူ၏ အခြံအရံအကျော်အစောသည်
လဆုတ်ပက္ခ၌ လကဲ့သို့ ဆုတ်ယုတ်လေ၏။
(စတုတ္ထနိပါတ်၊ ဓရဝဂ်၊ ပထမအဂတိဂမနသုတ်)
ချမ်းမှုသည် အစဉ်လှပနေသည် ( Peace is always beautiful )ဟု အမေရိကန်သမ္မတ ''ဂျက်ဖာဆန်''က ပြောခဲဖူးပါသည်။
ဤလောက၌ လှပသောအရာ များစွာရှိပါ၏။ ထိုလှပသောအရာများစွာထဲတွင် ''ငြိမ်း ချမ်းမှု''သည် အလှပဆုံးအရာဖြစ်သည်ဟု ဆိုချင်ပါသည်။
လူ့အဖွဲ့အစည်းတစ်ခု တည်ငြိမ်သာယာရေးမှာ ထိုလူ့အဖွဲ့အစည်းအတွင်းတွင် သာတူညီမျှဖြစ်ခြင်း၊ တရားမျှတခြင်း၊ မှန်ကန်ခြင်း စသော လောကပါလတရားများ ထွန်းကားပြန့် ပွားခြင်း ရှိ-မရှိအပေါ် တည်မှီလျက်ရှိပါသည်။
အကြင်လူ့အဖွဲ့အစည်းတစ်ခုတွင် လောကပါလတရားများ အကြင်မျှလောက် ထွန်းကားပါအံ့။ အကြင်မျှပင် ထိုလူ့ အဖွဲ့အစည်းသည် တည်ငြိမ်အေးချမ်းပေလိမ့်မည်။ ထိုမျှလောက် ထွန်းကားပါ အံ့။ ထိုမျှပင် ထိုလူ့အဖွဲ့အစည်းသည် တည်ငြိမ်အေးချမ်းပေလိမ့်မည်။
ထိုလောကပါလတရားများ ပွင့်လင်းထွန်းကားနိုင်ရန်မှာ
လူ့အဖွဲ့အစည်း ဝင်ဖြစ်သော လူတိုင်းသည် အမှန်တရားကို သိတတ် မြင်တတ်
မြတ်နိုးတတ်ရမည်။ အမှန်တရားကို ကိုယ်တိုင်ကျင့်သုံးရမည်။ အမှန်တရားဘက်မှ
ရပ်တည်ကာကွယ် ရဲရမည်။ အမှန်တရားကို ဖြန့်ဝေရဲရမည်။ အမှန်တရား
ပွင့်လင်းထွန်းကားမှသာ လောကပါလတရားတွေလည်း ဖွံ့ဖြိုးဝေစည်ပါလိမ့်မည်။
စင်စစ် အမှန်တရားဟူ သည် အသိပညာအားလုံး၏ အခြေခံဖြစ်ပြီး လူ့အဖွဲ့အစည်း၏
အာမခံလည်းဖြစ် ပါ၏။ သို့သော် ထိုအမှန်တရားကို ပိတ်ဖုံးထားသောအရာများရှိပါ၏။ အဂတိ တရားထွန်းကားနေသော လူ့အဖွဲ့အစည်းတွင် အမှန်တရား အလင်းရောင် ပျောက် ဆုံးနေမည်။
တရားမမျှတခြင်းများ၊ အမှန်တရားချိန်ခွင်လျှာကို လွတ်လပ်စွာ မလှုပ်ရှားစေမှု
များ၊ အမှန်တရားကို မျက်ကွယ်ပြုခြင်းများ၊ အမှန်တရားကို မူးတင်းပဲတင်း
လိုတိုး ပိုလျှော့လုပ်ခြင်းများ၊ အမှန်တရားကို ဖုံးကွယ်ခြင်းများသည်
ပေါင်းပင်များပမာ အပြိုင်းအရိုင်း ရှင်သန်အားကောင်းလျက်ရှိပါသည်။
အာဏာရှင်စနစ်ဆိုး၏ ဖိစီးလွှမ်းမိုးမှုကိုခံရသော လူ့အဖွဲ့အစည်းတွင် တရားစီရင်ရေးအာဏာရှိသူအများစုသည် အဂတိတရားလေးပါး မကင်းရှင်းခဲ့။ ဆယ်စုနှစ်ငါးစုနီးပါးကာလတစ်လျှောက်၊
ငွေများ တရားနိုင်သည်ဆိုသောစကား မှာ ဆိုရိုးစကားပမာ
တွင်ကျယ်ပျံ့နှံ့ခဲ့ပေသည်။ ပွင့်လင်းမြင်သာမှုမရှိသော တရား
စီရင်မှုကြီးစိုးခဲ့သော ကာလများတွင် အဂတိတရားတို့က ခေါင်းထောင် ရင်ကော့
နေပြီး အမှန်တရားက မြောင်းထဲအပို့ခံခဲ့ရသည်။ တရားရုံးတို့တွင် ဓနအင်အား
ကြီးမားသူ၊ ရာထူးအရှိန်အဝါကြီးမားသူတို့က
ပြိုင်သမျှနိုင်ခဲ့ကြသည်။ ရိက္ခာ မျက်နှာကိုသာ ကြည့်လျက်၊ သိက္ခာကိုမငဲ့ဘဲ
အဂတိလိုက်စားသော တရားရေး ဝန်ထမ်းများ၏ တရားစီရင်ချက်များသည်
အားနည်းချို့တဲ့သူ၊ အညတြပြည်သူ များအပေါ် နူရာဝဲစွဲ လဲရာသူခိုးထောင်း
ဆိုသကဲ့သို့ ဖိထောင်းခဲ့ကြပေသည်။
ထို့ကြောင့်လည်း ပြည်သူများက ငွေများတရားနိုင်သည်ဟူသော စကားကို ရင် နာနာနှင့်ပြောခဲ့ကြခြင်းဖြစ်ပါ၏။ စင်စစ် ငွေများတရားနိုင်သည်ဟူသောစကား သည် မမှန်ကန်လေပါ။ ငွေများသောကြောင့် မတရားနိုင်ခြင်းသာဖြစ်ပါ၏။
အထက်ပါစတုတ္ထနိပါတ်၊ ဓရဝဂ်၊ ပထမအဂတိဂမနသုတ်တွင် မြတ် စွာဘုရားက
အဂတိတရားလေးပါးကို ဟောကြားတော်မူခဲ့ပါ၏။ ပထမဦးဆုံး အဂတိတရားမှာ
''ဆန္ဒာဂတိ''ဖြစ်ပါ၏။ မိမိနှင့်ဆွေမျိုးတော်စပ်သူတွေ၊
ရင်းနှီး ခင်မင်သူတွေ၊ မိမိကို တံစိုးလက်ဆောင် လာဘ်လာဘပေးသူတွေအပေါ် အမှန်
တရားနှင့် ဆန့်ကျင်ပြီး မိမိ၏လုပ်ပိုင်ခွင့်ကို လွဲလွဲမှားမှားအသုံးချလျက်
အခွင့် အရေးပေးခြင်းသည် ဆန္ဒာဂတိပင်ဖြစ်ပါသည်။ မိမိ၏ဆွေမျိုးဖြစ်သူက 'မှား'
နေ ပါလျက် မိမိ၏ဆွေမျိုးကို တရားနိုင်ပေးလိုက်ခြင်းသည် ဆန္ဒာဂတိကြောင့်ဖြစ်
ပါသည်။ မိမိအား ငွေကြေးလာဘ်လာဘ များများစားစားပေးသောကြောင့်
ထို သူကို ထိထိရောက်ရောက် အရေးယူရမည့်အခြေအနေတွင် မိမိ၏အရှိန်အဝါ ဖြင့်
အကာအကွယ်ပေးခြင်းသည် လည်း ဆန္ဒာဂတိပင်ဖြစ်ပါ၏။ ဆန္ဒာ ဂတိတို့တွင် လာဘ်လာဘအပေါ်
တည် မှီပြီးဖြစ်ထွန်းသော ဆန္ဒာဂတိက အ များဆုံးဖြစ်ပါသည်။ အချို့တရားရေး
ဝန်ထမ်းများသည် မိစ္ဆာအာဇီဝမှုဖြင့် မတရား ကြီးပွားချမ်းသာသော ဘာ
သာခြားလူမျိုးခြားထံမှ လာဘ်လာဘ ရယူလျက် တရားသဖြင့်စီးပွားရှာကာ
နွမ်းပါးချို့ငဲ့ရှာသော အညတြ တိုင်း ရင်းသားတို့အပေါ် တစ်ဖက်သတ် နိုင်
ထက်စီးနင်း တရားရှုံးစေခဲ့ခြင်းမှာ ဆန္ဒာဂတိကြောင့်ပင်ဖြစ်ပါ၏။
တံစိုးလက်ဆောင်လာဘ်လာဘတို့သည် အဖျက်စွမ်းအားကြီးမား၏။ လာဘ်လာဘဖြင့် စည်းရုံးသိမ်းသွင်းမှုကိုခံရသောအခါ
ဥပဒေလုပ်ထုံးလုပ်နည်း များသည် ပီပီပြင်ပြင်အသက်မဝင်တော့
မူးတင်းပဲတင်းဖြစ်လာသည်။ လျော့ရိ လျော့ရဲဖြစ်လာသည်။ လူခင်သောအခါ
မူပြင်လာသည်။ လုပ်ပိုင်ခွင့်အာဏာ ရှိသူများသာ မဟုတ်လေပါ။
သာမန်ပြည်သူများထဲမှ အချို့သူများသည်လည်း မပြောပလောက်သော
ငွေကြေးလာဘ်လာဘရယူပြီး တရားရုံးများတွင် မမှန် သက်သေ
ထွက်ဆိုခြင်းများရှိပါသည်။ ထိုလူများသည် ဆန္ဒာဂတိကြောင့် သူ
တို့၏ကိုယ်ကျင့်သိက္ခာနှင့် နာမည်ဂုဏ်သတင်းကို ငွေစကြေးစလာဘ်လာဘဖြင့်
မီးလောင်တိုက်သွင်းခဲ့ခြင်းဖြစ်ပါ၏။
စင်စစ် 'ဆန္ဒာဂတိ' တွေ ထွန်းကားနေသမျှ တန်ခိုးလာဘ်လာဘတွေ တန်ခိုးထွားနေသမျှ လူ့အ ဖွဲ့အစည်းတွင် အမှန်တရားဆိတ်သုဉ်းနေမည်သာဖြစ် ပါ၏။ တစ်ဖက်စောင်းနင်းဖြစ်မှုများ၊ မတရားအသာ စီးယူမှုများ၊ တရားမမျှတမှု များဖြင့် လူ့အဖွဲ့အစည်းသည် ခါးသီးဖွယ်အကျည်းတန်နေပေလိမ့်မည်။ တကယ် တော့ ဆန္ဒာဂတိလိုက်စားသူမှန်သမျှ လူ့အဖွဲ့အစည်းအတွက် အဆိပ်အဆူးသာ ဖြစ်ပါ၏။
ဒုတိယမြောက်အဂတိတရားမှာ ''ဒေါသဂတိ''ဖြစ်ပါ၏။ အတွင်းသန္တာန် တွင် အခြားလူတစ်ဦးတစ်ယောက်အပေါ် ပြင်းပြင်းထန်ထန်မုန်းတီးခြင်း
ရန်ငြိုး ထားခြင်း၊ အာဃာတထားခြင်းတို့ကို မွေးမြူသိမ်းဆည်းထားသူသည်
သူမုန်းတီး ရန်ငြိုးထားသူအပေါ် တရားမမျှတစွာ တစ်ဖက်သတ်ဖိနှိပ်ခြင်း၊
အနိုင်အထက် ပြုမူ ဆုံးဖြတ်ဆောင်ရွက်ခြင်းမှာ ဒေါသဂတိကြောင့်ဖြစ်ပါ ၏။
အတွင်းသန္တာန်၌ အမျက်ဒေါသ ဟုန်းဟုန်ြး<ွကသောအခါ အမှန်တရားကိုမမြင်တော့။
ဆင်ခြင်တုံ တရားလည်း လက်လွတ်လာသည်။ လူတစ်ဦးအပေါ် အမုန်းအငြိုးအာဃာတ ကြောင့်
တစ်ဖက်သူက 'အမှန်'အတိုင်းဆောင်ရွက်သည့်တိုင်
'အမှား'ဟု တစ်လွဲ ထင်မြင်ဆုံးဖြတ်တတ်ကြသည်။ မိမိတွင် လုပ်ပိုင်ခွင့်အာဏာ
တစ်စုံတစ်ရာရှိ လျှင် မိမိမုန်တီးသူအဖို့ ရသင့်ရထိုက်သော အခွင့်အရေးကို
မိမိအရှိန်အဝါသုံး လျက် မရစေခြင်းမျိုးမှာ ဒေါသဂတိ၏တွန်းအားပင်ဖြစ်ပါ၏။
ဒေါသဟူသည် မကောင်းမှုအားလုံးတို့၏ ပင်မအခြေခံရေသောက် မြစ်သုံးသွယ်တွင်
တစ်ခုအပါအဝင်ဖြစ်ပါသည်။ လူတစ်ဦး၏ အတွင်းသန္တာန် တွင် ဒေါသကြောင့်
အမုန်းမီးလျှံတို့တောက်လောင်သောအခါ
ထိုသူ၏နှလုံးသား သည် မသန့်စင်တော့။ မငြိမ်းချမ်းတော့။
အငြိုးအတေးအာဃာတဖြင့် ပူလောင် ညစ်ထေးလာသည်။ ဒေါသကို အမှီပြုလျက် ဒေါသဂတိ
ပေါက်ဖွားလာသည်။ အမှန်တော့ ဒေါသဂတိသည် ကာယကံရှင်နှင့်တကွ
ထိုသူကျင်လည်ရာလူ့အဖွဲ့ အစည်းကို ဆိုးကျိုးသာဖြစ်ပေါ်စေပါသည်။
ဒေါသဂတိကြောင့် မမှန်မကန် ဆောင်ရွက်မှုမှန်သမျှသည် အနိုင်ကျင့်အစော်ကားခံ
အဖိနှိပ်ခံရသူတို့၏ ရင် တွင်းတွင် နာကြည်းမှုများ၊
ရွံ့ရှာမုန်းတီးမှုများကိုဖြစ်ပေါ်စေပါသည်။
ဤသို့ဖြင့် ဒေါသဂတိသည် အပြန်အလှန်အမုန်းနှင့် အာဃာတများကို
ဖန်တီးဖြစ်ပေါ်စေ ခြင်းအားဖြင့် လူ့အဖွဲ့အစည်း၏ တည်ငြိမ်အေးချမ်းမှုကို
ထိပါးစေနိုင်ပါသည်။ ဒေါသဂတိဖြင့် မုန်းတီးသူအပေါ်
မတရားအနိုင်ကျင့်ဖိနှိပ်ခြင်းသည် ကြီးမား သော အကုသိုလ်မှုဖြစ်ပါ၏။ အကုသိုလ်ဖြစ်သောကြောင့် အကုသိုလ်၏သဘာဝ၊ ပစ္စုပ္ပန်သံသရာနှစ်ဖြာတွင် မကောင်းကျိုးသာပေးပါလိမ့်မည်။
တတိယမြောက်အဂတိတရားမှာ ''မောဟဂတိ'' ဖြစ်ပါ၏။ အမှားနှင့် အမှန်၊
အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အပြစ်ကို ခွဲခြားဝေဖန်နိုင်သော အသိ
ဥာဏ်ကင်းမဲ့ခြင်းကြောင့်၊ တာဝန်ဝတ္တရားနှင့်အညီ တရားမျှတမှန်ကန်စွာ ဆောင်
ရွက်နိုင်မှုမရှိခြင်းသည် မောဟဂတိဖြစ်၏။ မောဟ၏သွင်ပြင်လက္ခဏာများမှာ
အမှန်တရားကို မမြင်နိုင်ခြင်း၊ အကောင်းအဆိုး မဝေခွဲတတ်ခြင်း၊ တွေဝေခြင်း၊
မည်သည့်အရာကိုမျှ ကောင်းစွာခွဲခွဲခြားခြားမသိခြင်းတို့ဖြစ်ပါသည်။
အသိÓဏ် ပညာအတွေးအခေါ်ချို့တဲ့သူသည် မောဟဖုံးလွှမ်းခြင်း ခံရသောကြောင့်
မိမိ၏တာဝန်ဝတ္တရားများ၊ လုပ်ငန်းများကို မှန်မှန်ကန်ကန်
အကျိုးရှိရှိအရာထင်ထင်ဖြစ် အောင် မစွမ်းဆောင်နိုင်။ ကိုယ်ပိုင်စဉ်းစား
ဥာဏ်ကင်းမဲ့သောကြောင့် သူတစ်ပါး လာပြောသမျှ 'အမှန်ချည်း' ထင်တတ် ၏။
အနီးကပ်နေသူတို့၏ စကားအောင် တတ်၏။ မောဟ ရှေ့ဆောင်သော ကြောင့်
မှန်မှန်ကန်ကန်မဆုံးဖြတ်တတ်။
မှန် မှန်ကန်ကန် မဆောင်ရွက်တတ်။ အကောင်းကိုအဆိုးဟုထင်သလို အ ဆိုးကိုပင်
အကောင်းဟုထင်တတ်ကြ သည်။ မောဟဂတိရှေ့ဆောင်ပြီး ပြု သမျှ အရာအားလုံးသည်
ကမောက် ကမ၊ ကပြောင်းကပြန်၊ ပရမ်းပတာ ဖြစ်နေလေတော့သည်။
စတုတ္ထမြောက်အဂတိတရားမှာ ''ဘယာဂတိ'' ဖြစ်ပါ၏။ အကြောက် တရား၏
လွှမ်းမိုးမှုကြောင့်၊ ဖိစီးနှိပ်စက်မှုကြောင့် အင်အားကြီးမားသူ အဓမ္မဝါဒီ
တို့အလိုကျ မမှန်မကန်၊ မမျှမတဆောင်ရွက်ခြင်းသည် ဘယာဂတိပင်ဖြစ်ပါ၏။
စင်စစ်အကြောက်တရားဟူသည် နှစ်မျိုးရှိပါ၏။ ကြောက်သင့်ကြောက်အပ်သော
အကြောက်တရားနှင့် မကြောက်သင့်မကြောက်အပ်သော အကြောက်တရား ဟူ၍ဖြစ်ပါသည်။
မကောင်းမှုဒုစရိုက်ပြုရမည်ကို
ကြောက်ခြင်း၊ ကိုယ်ကျင့်သီလ ချိုးဖောက်ရမည်ကို ကြောက်ခြင်း၊
မိမိ၏အမည်ဂုဏ်သတင်း ညှိုးမှိန်မည်ကိုကြောက် ခြင်းတို့သည်
ကြောက်သင့်ကြောက်အပ်သော အကြောက်တရားဖြစ်ပါ၏။ မိမိ က
အမှန်တရားကိုသိမြင်ပါလျက် အမှန်တရားဘက်မှ ရပ်တည်ချင်ပါလျက် ဓန
ဥစ္စာအားဖြင့်လည်းကောင်း၊ ရာထူးအရှိန်အဝါအားဖြင့်လည်းကောင်း၊
မြင့်မား သူတို့၏ဖိအားပေးမှုကို မလွန်ဆန်ဝံ့သောကြောင့်၊ မမှန်တရားဘက်မှ
ရပ်တည် ခြင်းမှာ မကြောက်သင့် မကြောက်အပ်သော အကြောက်တရားအပေါ် အမှီပြု လျက်
အမှန်တရားကို သစ္စာဖောက်လိုက်ခြင်းဖြစ်ပါ၏။
အကြောက်တရား၏ ဖိစီးလွှမ်းမိုးမှုကြောင့် သူ၏ပင်ကိုအသိနှင့်ဆန့်
ကျင်ပြုမူနေလေရာ ထိုသူသည် မိမိကိုယ်ကိုယ်ပင် ယုံကြည်မှုပျောက်ဆုံးနေပေ သည်။
မိမိကိုယ်ကိုယ် လိပ်ပြာမသန့်တော့ပေ။ ပြင်သစ်ဘာသာရေးပညာရှင်
''ဂျွန်ကယ်လ်ဗင်'' က ''လိပ်ပြာမသန့်ရှင်းခြင်း၏ နှိပ်စက်ညှဉ်းပန်းမှုသည် အ
သက်ရှင်လျက်နှင့် ငရဲရောက်ရခြင်းဖြစ်သည်''ဟု ဆိုခဲ့ဖူးပါ၏။
အဂတိတရားလေးပါးသည် လူ့အဖွဲ့အစည်းကို အကျည်းတန်စေသော အရာများဖြစ်ပါသည်။ တရားကိုသတ်သောအရာများဖြစ်ပါ၏။ တရားကို သတ် သောကြောင့် တစ်ချိန်ချိန်တွင် တရား၏ပြန်လည်တုံ့ပြန်ခြင်းကို မလွဲမသွေခံရ ပေလိမ့်မည်။ လူ့အဖွဲ့အစည်းဝင်တိုင်းသည် အဂတိတရားလေးပါးကင်းရှင်းစွာ ဖြင့် လူ့အဖွဲ့အစည်းအပေါ် သစ္စာစောင့်သိကြလျှင် ဤကမ္ဘာမြေသည် ပိုမို၍တရား မျှတလွတ်လပ်ပေလိမ့်မည်။
#TheFlowerNews
Credit - Yangon Media Group
No comments:
Post a Comment