Monday, November 3, 2014

သမ္မတ၊ ကာလုံနှင့် လွှတ်တော်ဖျက်သိမ်းခြင်း

Written By - ဒေါက်တာရန်မျိုးသိမ်း

အာဏာသုံးရပ် အချင်းချင်း အပြန်အလှန်ထိန်းကျောင်းမှုများ ယိုယွင်းလျှင် နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံအကြံပြုချက်ဖြင့် လွှတ်တော်များကိုဖျက်သိမ်းနိုင်ပြီး ရက်ပေါင်း ၉၀ အတွင်း ရွေးကောက်ပွဲများ ပြန်လည်ကျင်းပရမည့်ပြဋ္ဌာန်းချက်များအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြင်ဆင်ဖြည့်စွက်လိုခြင်းသည် တပ်မတော်ကောင်စီဝင်အများစုပါဝင်သော ကာလုံအနေဖြင့် ပြည်သူလူထု၏ဆန္ဒမဲဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်များအပေါ် အသာစီးပိုမိုရယူလိုမှု၊ လက်ဦးမှုရယူလိုမှုတို့ကိုပေါ်လွင်စေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတွင် စစ်အာဏာရှင်စနစ်၏ အငွေ့အသက်များအား ထပ်မံသွတ်သွင်းသည့်သဘောလည်း သက်ရောက်နိုင်သည်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီသည် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအကောင်အထည်ဖော်မှုကော်မတီ၏ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မှုအစီရင်ခံစာကို တင်သွင်းခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီကို ပြည်ထောင်စုလွှတ်တော်ရုံး၏ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၃ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၂၀/၂၀၁၄)ဖြင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၃၁ ဦးပါဝင်လျက် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ ပြည်ထောင်စုလွှတ်တော်ရှိ တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်ကိုးဦးကို ကော်မတီအစည်းအဝေးများသို့တက်ရောက်၍ အကြံပြုဆွေးနွေးခွင့်ပြုခဲ့သည်။ အဆိုပါအစီရင်ခံစာတွင် မူလအတိုင်းထားရှိရန် စဉ်းစားသင့်သည့်အခန်းနှင့် ပုဒ်မများနှင့် ပြင်ဆင်ရန်စဉ်းစားသင့်သည့်အခန်းနှင့် ပုဒ်မများဟူ၍ ကဏ္ဍနှစ်ရပ်ခွဲခြား ပြုစုတင်ပြထားသည်။

၃၁ ဦးကော်မတီ၏အစီရင်ခံစာတွင် တပ်မတော်သား ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်များကို လေ့လာဆန်းစစ်နိုင်ရန်လိုအပ်သည်။ တပ်မတော်သား ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များသည် အခန်း(၅)အုပ်ချုပ်ရေးအခန်း၊ ပုဒ်မ ၂၀၁ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းခြင်းကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းခြင်းနှင့် တာဝန်ဟုပြင်ဆင်ရန် အကြံပြုခဲ့သည့်အပြင် ပုဒ်မ ၂၀၁ကို(က) နှင့်(ခ)ဟုဖြည့်စွက်လျက် ပုဒ်မ ၂၀၁ (ခ)တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏တာဝန်ငါးရပ်ကို ထပ်မံဖြည့်စွက်ရန် အကြံပြုခဲ့သည်။

တပ်မတော်သား ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအကြံပြုခဲ့သော ကာလုံ၏တာဝန်များကိုကြည့်လျှင် တပ်မတော်အနေဖြင့် လွှတ်တော်များတွင် ၂၅ ရာခိုင်နှုန်း အလိုအလျောက်နေရာရယူမှုကို လျှော့ချဖို့ထက် အစိုးရနှင့်လွှတ်တော်များတွင် တပ်မတော်၏အခန်းကဏ္ဍကို ပိုမိုမြှင့်တင်လိုမှုလွန်ကဲနေသည်ဟု သုံးသပ်နိုင်သည်။ အကယ်စင်စစ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းပုံကို ရွေးကောက်ခံကိုယ်စားလှယ်အများစုဖြင့် ပြုပြင်ပြောင်းလဲနိုင်ရန် အဓိကလိုအပ်မည်ဖြစ်သည်။ ကောင်စီအဖွဲ့ဝင် ၁၁ ဦးအနက် လေးဦးသာ ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်နိုင်ခြင်းအပေါ် ပြန်လည်သုံးသပ်လျက် ကောင်စီကိုရွေးကောက်ခံကိုယ်စားလှယ်အများစုဖြင့် ပြင်ဆင်ဖွဲ့စည်းနိုင်မှသာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် လိုက်လျောညီထွေမည်ဖြစ်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှခန့်အပ်သော ကောင်စီဝင်ဦးရေကို လျှော့ချထိန်းညှိနိုင်ရန် ပြင်ဆင်ဆောင်ရွက်နိုင်မှသာ အစိုးရတွင် တပ်မတော်၏ သြဇာလိုသည်ထက် ပိုမိုလွှမ်းမိုးမှုများကို ထိန်းကျောင်းနိုင်မည်ဖြစ်သည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏တာဝန်များအဖြစ် ပုဒ်မ ၂၀၁ (ခ)တွင် ဖြည့်စွက်ရန် တပ်မတော်သား ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက အကြံပြုခဲ့သည်။ အဆိုပါအကြံပြုချက်များမှာ -

(၁) အရေးပေါ်အခြေအနေကြေညာရာတွင် နိုင်ငံတော်သမ္မတအား လိုအပ်သောအကြံဥာဏ်ပေးရမည်။
(၂) နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုသည့်အခါ နိုင်ငံတော်သမ္မတအား လိုအပ်သည့်ထောက်ခံချက်များပေးရမည်။
(၃) နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံတော်သမ္မတအား အကြံဥာဏ်ပေးရမည်။
(၄) အာဏာသုံးရပ်အချင်းချင်း အပြန်အလှန်ထိန်းကျောင်းမှုများ ယိုယွင်းလာသည့်အခါ ပြည်သူ့လွှတ်တော်သို့မဟုတ် အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းရန် သင့်၊ မသင့် နိုင်ငံတော်သမ္မတကို အကြံပေးရမည်။
(၅) ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အရေအတွက် သုံးပုံတစ်ပုံနှင့်အထက် အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားပါက လွှတ်တော်ကိုဖျက်သိမ်းရန် သင့်၊ မသင့် နိုင်ငံတော်သမ္မတအား အကြံပေးရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့်ပတ်သက်သော ပုဒ်မများ အဓိကပါဝင်သည်။ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့်ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေကြေညာနိုင်ခြင်း၊ အရေးပေါ်အခြေအနေကြေညာချက်ကို သက်တမ်းတိုးနိုင်ခြင်း၊ အရေးပေါ်အခြေအနေကြေညာချက်ကို ဖျက်သိမ်းနိုင်ခြင်း စသည်တို့ကို အသေးစိတ်ဖော်ပြထားပြီး ဖြစ်သည်။ အဆိုပါ အခန်း(၁၁)ပါ ကာလုံနှင့်ပတ်သက်သောပြဋ္ဌာန်းချက်များကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် လိုအပ်နေဆဲကာလတွင် ကာလုံ၏တာဝန်များကို ထပ်မံဖြည့်စွက်ရန်အကြံပြုခြင်းသည် ကြောင်းကျိုးဆီလျော်မှုအားနည်းပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ချည့်နဲ့စေလိမ့်မည်ဟု သုံးသပ်နိုင်သည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းရန် သင့်၊ မသင့် နိုင်ငံတော်သမ္မတကို အကြံပေးရမည်ဟုဖော်ပြထားသော ပြင်ဆင်ရန်အကြံပြုချက်သည် ဒီမိုကရေစီစနစ်ကို ဗြောင်ကျကျ ဖီလာဆန့်ကျင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီအပြောင်းအလဲအပေါ် တိုင်းရင်းသားပြည်သူလူထုနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ယုံကြည်မှုနှင့် တန်ဖိုးထားမှုတို့ကို လျော့ကျစေနိုင်သည့် အကြံပြုချက်ဖြစ်သည်။ ကာလုံအနေဖြင့် အာဏာသုံးရပ်အချင်းချင်း အပြန်အလှန်ထိန်းကျောင်းမှုကို စောင့်ကြည့်၊ ဆန်းစစ်၊ အကဲဖြတ်နိုင်သည့် အဖွဲ့အစည်းနေရာကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရယူလာနိုင်မည့် အဆိုပါအကြံပြုချက်သည် စစ်အာဏာရှင်စနစ်၏ အငွေ့အသက်များ ပိုမိုလွှမ်းခြုံရေးဘက်ကို တွန်းအားပေးနေသည်ဟု ယေဘုယျကောက်ချက်ပြုနိုင်သည်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးပါဝင်သော သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က နိုင်ငံတော်သမ္မတလောင်းများဖြစ်သည့် ဒုတိယသမ္မတသုံးဦးအနက် မိမိတို့ကြိုက်နှစ်သက်သည့် ဒုတိယသမ္မတတစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ဆန္ဒမဲပေးရွေးချယ်တင်မြှောက်ရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၀ (င)တွင် ပြဋ္ဌာန်းထားသည်။ ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတကို ရွေးချယ်တင်မြှောက်ပြီး၊ သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၁ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ဦးဆောင်ဖွဲ့စည်းသည်။ ပြည်ထောင်စုလွှတ်တော်က ရွေးကောက်တင်မြှောက်သော သမ္မတက ဦးဆောင်ဖွဲ့စည်းသည့်ကာလုံသည် ပြည်ထောင်စုလွှတ်တော်ကို ဖျက်သိမ်း သင့်၊ မသင့် နိုင်ငံတော်သမ္မတကို အကြံပေးနိုင်ခြင်းသည် နိုင်ငံရေးအရ အဆီအငေါ်မတည့်သည့်အပြင် ဒီမိုကရေစီကျင့်စဉ်နှင့်လည်း ဖီလာဆန့်ကျင်နေသည်ဟု ယေဘုယျကောက်ချက်ပြုနိုင်သည်

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၅၊ ပုဒ်မ ၁၂၈ နှင့် ပုဒ်မ ၁၅၅ တို့အရ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဦးရေ၏ ထက်ဝက်ကျော်ဦးရေတက်ရောက်လျှင် ယင်းအစည်းအဝေးအထမြောက်ပြီး အစည်းအဝေးရွှေ့ဆိုင်းပြီးနောက် ကျင်းပသောအစည်းအဝေးများနှင့် အထမြောက်ပြီးနောက် ကျင်းပသောအစည်းအဝေးများတွင် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံတစ်ပုံတက်ရောက်လျှင် အစည်းအဝေးအထမြောက်သည်ဟု ပြဋ္ဌာန်းပြီးဖြစ်သည့်အလျောက် ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အရေအတွက် သုံးပုံတစ်ပုံနှင့်အထက် အကြောင်းအမျိုးမျိုးကြောင့်လစ်လပ်သွားပါက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် လွှတ်တော်ကိုဖျက်သိမ်းရန် သင့်၊ မသင့် နိုင်ငံတော်သမ္မတအား အကြံပေးရမည်ဟူသော တပ်မတော်သားပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ ပြင်ဆင်လိုသည့်အကြံပြု ချက်သည် ကြောင်းကျိုးဆီလျော်မှုမရှိသည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် လိုက်လျောညီထွေမှုမရှိဟု ကောက်ချက်ပြုသုံးသပ်နိုင်သည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၂၁၂ တွင် အပိုဒ် ခွဲ(ဆ)အဖြစ် နိုင်ငံတော်သမ္မတသည် အာဏာသုံးရပ် အချင်းချင်း အပြန်အလှန်ထိန်းကျောင်းမှုများ ယိုယွင်းလာသည့်အခါ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံအကြံပြုချက်ဖြင့် ပြည်သူ့လွှတ်တော်ကိုဖြစ်စေ၊ အမျိုးသားလွှတ်တော်ကိုဖြစ်စေ၊ ဖျက်သိမ်းပြီး ရက်ပေါင်း ၉၀ အတွင်း ရွေးကောက်ပွဲပြန်လည်ကျင်းပပေးရမည်ဟု ဖြည့်စွက်ပြဋ္ဌာန်းသင့်ပါကြောင်း အကြံပြုခဲ့သည်။ ကာလုံအနေဖြင့် လွှတ်တော်ဖျက်သိမ်းခြင်း၊ ရွေးကောက်ပွဲပြန်လည်ကျင်းပခြင်းအထိ လက်တံရှည်ရှည်သြဇာတည်ဆောက်လာမည်ဆိုလျှင် မြန်မာ့နိုင်ငံရေးအပြောင်းအလဲသည် ကျွမ်းထိုးမှောက်ခုံဖြစ်လာနိုင်ခြေမြင့်မားသည်ဟု ယေဘုယျသုံးသပ်နိုင်သည်။

လွှတ်တော်၊ အစိုးရနှင့် တရားစီရင်ရေးဟုဆိုနိုင်သည့် အာဏာသုံးရပ်အချင်းချင်း အပြန်အလှန်ထိန်းကျောင်းနိုင်ရေးသည် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတို့တွင် အသက်သွေးကြောဖြစ်သော်လည်း နိုင်ငံတော်သမ္မတက ဖွဲ့စည်းသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သော လွှတ်တော်များကို ဖျက်သိမ်းသင့်ကြောင်း အကြံပြုနိုင်ခြင်းနှင့် သမ္မတအနေဖြင့် ကာလုံ၏ထောက်ခံအကြံပြုချက်အပေါ်တွင် အခြေပြုလျက် လွှတ်တော်များကိုဖျက်သိမ်းလျက် ရွေးကောက်ပွဲများပြန်လည်ကျင်းပနိုင်ခြင်းသည် ပြည်သူ့ဆန္ဒနှင့်အညီ ဖွဲ့စည်းထားသော လွှတ်တော်များအပေါ် ပြည်သူ့ဆန္ဒနှင့်အညီဖွဲ့စည်းထားခြင်းမရှိသော ကာလုံက သြဇာသက်ရောက်နေခြင်းဖြစ်သည်

အချုပ်အားဖြင့်ဆိုသော် အာဏာသုံးရပ်အချင်းချင်း အပြန်အလှန်ထိန်းကျောင်းမှုများ ယိုယွင်းလာခြင်းကို အာဏာသုံးရပ်ပိုင်ရှင်ဖြစ်သော အစိုးရများ၊ လွှတ်တော်များနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့အနေဖြင့် အပြန်အလှန်ထိန်းကျောင်းပြုပြင်ရမည်ဖြစ်သည်။ သတင်းမီဒီယာများနှင့် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့်လည်း ၀ိုင်းဝန်းဆော်သြကြသည့်နည်းတူ တပ်မတော်အနေဖြင့်လည်း ၀ိုင်းဝန်းထိန်းကျောင်းရမည်သာဖြစ်သည်။ အကယ်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် အာဏာသုံးရပ်အချင်းချင်း အပြန်အလှန်ထိန်းကျောင်းမှုများ ယိုယွင်းလာခြင်းကိုအကြောင်းပြုလျက် သမ္မတကိုထောက်ခံအကြံပြုပြီး လွှတ်တော်များဖျက်သိမ်းနိုင်ရေးနှင့် ရွေးကောက်ပွဲများပြန်လည်ကျင်းပနိုင်ရေးကို အခြေခံဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်ရရှိနိုင်ရန် ရှေ့တိုးဆောင်ရွက်လာမည်ဆိုလျှင် မြန်မာ့ဒီမိုကရေစီအပြောင်းအလဲ၏ စိုးရိမ်ရေမှတ်သည် မြင့်သထက် မြင့်တက်လာနိုင်ခြေရှိပါကြောင်း မီးမောင်းထိုးဆော်သြလိုက်ရပါသည်


Credit - Eleven Media Group


(အောက်တိုဘာ ၂၅ ရက်ကကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်)

No comments:

Post a Comment