Monday, November 3, 2014

ကျွန်တော်တို့ မြန်မာပြည်မှာ ယခုအခါ အရေးကြီးသည်မှာ – မြတ်ဆွေ

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ တပ်မတော်နှင့် ပတ်သက်သော ဆွေးနွေးစရာများစွာ ပါရှိ၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံမှဖြစ်မည် …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မိမိအသက်ကို သေသေချာချာ တွက်ကြည့် မိပါသည်။ ၇၅ နှစ်နှင့် ရှစ်လရှိနေပြီကို တွေ့ရသည်။ ၇၆ နှစ်ပင် ပြည့်ခါနီးနေပြီဖြစ်ရာ မြန်မာလူမျိုးတစ်ဦး၏ သက်တမ်းအနေဖြင့် မနည်းတော့ဟု ယူဆမိပါသည်။
သည်ဘ၀ခရီးကို ဘယ်လို လျှောက်လှမ်း ခဲ့သနည်းဟုလည်း မိမိကိုယ်မိမိ စစ်တမ်းထုတ်မိသည်။ စလေဦးပုည၏ မေတ္တာ စာထဲက စာတစ်ပိုဒ်ကို သတိရမိ၏။ ““တူကြီးတော့ပေ၊ လူကြီးတော့တေ”” တဲ့။
ကျွန်တော်သည်လည်း အသက်ကြီးမှ တေတေပေပေ နေခဲ့မိလေသည်။ မနက်စောစော
အလွန်အေးနေချိန် ရေချိုးမိသည်။ ပြီးတော့ ကျေညက်ခဲသော ကောက်ညှင်းပေါင်းကိုလည်း ပလုတ်ပလောင်း စားမိသည်။ ယမကာကိုလည်း လက်မလွှတ်၊ အစာမကျေ၍ ဆေးခန်း သွားရတာလည်း များပြီ။ သို့သော် လွန်ခဲ့သော ၁၀ နှစ်လောက်ကရှိသည့် သွေးတိုးသည် ဘယ်ကဘယ်လို ငုပ်လျှိုးနေသည်မသိ အစွမ်းမပြ။ ဘယ်အခါမှ ထွက်ပြီး တိုက်ခိုက်မလဲ မသိရသော အနေအထားရှိ၏။ ဒါကို သိပ်မစိုးရိမ်။ လောလောဆယ် ဖြစ်နေသော ရောဂါက အာရုံကြော အားနည်းသည် ဟူ၏။
အထူးကုဆရာဝန်ပေးသော ဆေးဝါးများ စားနေရသည်။ လူကြီးတော့တေ ဆိုပေမယ့် သေတော့ မသေချင် သေးပေ။ ဘာကြောင့်ပါလဲ။
လောကဇာတ်ခုံ၊ နိုင်ငံရေး ဇာတ်ခုံပေါ်က ကကြိုးတစ်ပိုဒ်ကိုတော့ ကြည့်သွား လိုက်ချင်သေးသည်။ ယခုအခါမှာ လူထု ခေါင်းဆောင်ဟု အများက ကင်ပွန်းတပ်ထားသော ဒေါ်အောင်ဆန်းစုကြည် ဘာတွေ လုပ်နေသလဲဟု လေ့လာကြည့်မိပါသည်။
ကော့မှူးမှအစပြု၍ နယ်ထွက် လူထုဆန္ဒခံယူပွဲများ ပြုလုပ်ခဲ့ရာ မန္တလေးရောက် သတင်းကိုလည်း ဖတ်ပြီးပြီ။ ထို့နောက် သတင်းစာများမှာတော့ သာယာဝတီတွင် ပြုလုပ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒရယူပွဲသတင်း ပါရှိလာသည်။ ဓာတ်ပုံကို အရင်ကြည့်လိုက်မိသည်။ အေးသော နံနက်ခင်းမှာ တက်ရောက် လာကြသည့် ပြည်သူလူထုက ကွင်းလုံးအပြည့် တွေ့ရသည်။ အလွန်ပင် စိတ်အားထက်သန် နေကြပုံရသည်။ ကော့မှူးကစသော ပွဲသည် အနယ်နယ် ပျံ့နှံ့တော့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တင်ပြဟောပြောရာ၌ ပရိသတ် ၉၅ ရာနှုန်းက ထောက်ခံသည်ဟု သိရလေသည်။
ဒေါ်အောင်ဆန်းစုကြည် ဘာတွေ ပြောသနည်း။ အများသိပြီးဖြစ်ပါသည်။
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေသည် လူထုအများဆန္ဒဖြင့် မဟုတ်ဘဲ လူတစ်စုဆန္ဒအရ ဆောင်ရွက် ခဲ့ပုံ ပြည်သူလူထု အများစုကို အကျိုးမပြု၊ တပ်မတော် အခန်းကဏ္ဍများ မလိုအပ်ဘဲပါနေပုံ၊ လူထုနှင့် တပ်မတော် တစ်သားတည်း မရှိစေဘဲ ကွဲပြားခြားနားအောင် ရေးဆွဲထားပုံများကို သတင်းစာ ဂျာနယ်များက တစ်ဆင့် ကျွန်တော်တို့ သိရှိခဲ့ရပါသည်။
တကယ်တော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ တပ်မတော်နှင့် ပတ်သက်သော ဆွေးနွေးစရာ များစွာပါရှိ၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံမှ ဖြစ်မည်။ ဒေါ်အောင်ဆန်းစုကြည်က ကြီးလေးကြီး ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် တောင်းဆို ထားသည်ကိုလည်း ကျွန်တော်တို့ သိရှိခဲ့ကြပြီ။
ယနေ့အချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် အချို့နှင့် အပစ်အခတ်ရပ်စဲရေး၊ ရခိုင်ပြည်နယ် နယ်စပ်လူမျိုးရေး ကိစ္စများ၊ လယ်သမားတို့၏ လုပ်ပိုင်ခွင့် လယ်ယာများ ပြန်လည်ရရှိရေး ကိစ္စများတို့သည်လည်း အရေးကြီး လှပါသည်။ သို့သော် အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စမှာ အရေးကြီးမှုအပေါင်း သရဖူဆောင်းနေသည် မဟုတ်ပါလား။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို မပြင်ဆင်နိုင်ဘဲ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြီးသည် လွတ်လပ် မှန်ကန်မှု အနေအထား ရောက်ရှိလာမည် မဟုတ်ပါဟု အများက ဝေဖန် ပြောကြား နေကြသည်။
စာရေးဆရာကြီး မောင်ထင်က ““ဘာအရေးကြီးဆုံးလဲ””ဟု စာတစ်ပုဒ်စာတစ်အုပ် ရေးခဲ့သည်ကို မှတ်မိပါသည်။ ထိုစကားလုံးသည် အင်အားရှိလှသည်။ ယခုအခါ ဘာအရေးအကြီးဆုံးလဲ။
၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသာ ဖြစ်ကြောင်း လူထုအပေါင်း၏ ဆန္ဒကိုလည်း တွေ့မြင်နေရပါသည်။ အရေးတကာ့အရေးတို့တွင် အခြေခံဥပဒေ ပြင်ဆင်ရေးသာ အရေးကြီးဆုံး ဖြစ်သည်ဟု ဆိုလိုက်ပါရစေ။
သည်တော့ အထက်ကစကားကို ပြန်၍ဆက်ရသော် … လူကြီးတော့တေ ဆိုပေမယ့် သေတော့ မသေလို သေးပါ။ ပြည်သူလူထု တစ်ရပ်လုံး လိုလား တောင့်တနေသည့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို အများဆန္ဒအရ ပြုပြင်ပြီးမှ သေလိုက သေပါစေတော့။ အသေဖြောင့်မှာ သေချာပါပြီဟု ဆိုလိုက်ချင်ပါသည်။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment