ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ အကြံပေး ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးအောင်သောင်းကို အမေရိကန် ပြည်ထောင်စုက အထူးကန့်သတ်သည့်
ပိတ်ဆို့မှု အမည်မည်းစာရင်းတွင် ထည့်သွင်းလိုက်ကြောင်း အမေရိကန်
ဘဏ္ဍာရေးဝန်ကြီး ဌာနက အောက်တိုဘာ ၃၁ ရက် က ကြေညာခဲ့သည်။
သမ္မတ အိုဘားမား လာရောက်မည့် နေပြည်တော်ခရီးစဉ် မတိုင်မီ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ပပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး(OFAC)က ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ အမေရိကန်က မြန်မာအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှု
အချို့ ဖြေလျှော့ပေးခဲ့သော်လည်း အထူးကန့်သတ်ထားသည့် တစ်ဦးချင်း နိုင်ငံသားများစာရင်းကို ဆက်လက်ထားရှိဆဲဖြစ်သည်။
အစိုးရသစ် လက်ထက်တွင် မြန်မာစစ်ဗိုလ်ချုပ်ကြီး သိန်းဌေးအား လက်နက်ရောင်းဝယ်မှုတွင် ပါဝင်ပတ်သက်မှုဖြင့် ပိတ်ဆို့မှု စာရင်း၌ ထပ်မံထည့်သွင်းခဲ့သည်။ ထို့အပြင် Asia Metal ကုမ္ပဏီကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနနှင့်ပတ်သက်၍ လုပ်ငန်းများ လုပ်ကိုင်သောကြောင့် ပိတ်ဆို့မှုတွင် ထည့်သွင်းခဲ့သည်။
ယခင် စက်မှုဝန်ကြီးဟောင်း တစ်ဦးဖြစ်ပြီး ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင် နေရာကိုရယူထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းမှာ မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သည့် စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ပျက်စီးစေရန် အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ အကျင့် ပျက်လာဘ်စားမှုများ ဖြစ်ပေါ်အောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်နေသူဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးဆိုင်ရာ ဘဏ္ဍာရေးဌာန (OFAC)၏ ညွှန်ကြားရေးမှူး အာဒမ်ဇူဘင်က ပြောကြားသည်။
ထို့ပြင် အတိုက်အခံ ဒီမိုကရေစီအင်အားစုများကို နှိမ်နင်းရာတွင်လည်း ပါဝင်ပတ်သက်သူ ဖြစ်နေကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ဦးအောင်သောင်းမှာ ယခင် စစ်အစိုးရလက်ထက်တွင် စက်မှု ၀န်ကြီးတစ်ဦးဖြစ်ပြီး လက်ရှိ၌တောင်သာမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ် သည်။
ဦးအောင်သောင်းသည် အစိုးရသစ်လက်ထက်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်များတွင် တာဝန်ရှိကြောင်း ပြည်တွင်းစွပ်စွဲမှုများရှိထားသော်လည်း ၎င်းက တရားဝင်ငြင်းဆိုထားသည်။ ထို့ ပြင် ၂၀၁၃ နှစ်ဆန်းက အမျိုးသားရေး ၀ါဒီတစ်ဦးဖြစ်သူ မန္တလေးမစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူထံ သွားရောက်ဖူးမြော်သည့် ဗီဒီယိုဖိုင်မှာ အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပြီးနောက် အဆိုပါ စွပ်စွဲချက်များ ပိုမိုထွက်ပေါ်လာခဲ့သည်။
ပိတ်ဆို့မှုကြောင့် အမေရိကန်တွင် ထားရှိသော ဦးအောင်သောင်း၏ ပိုင်ဆိုင်မှုအားလုံးကို ထိန်းချုပ်လိုက်ပြီး အမေရိကန်နိုင်ငံသားများ၎င်းနှင့်အတူ စီးပွားရေးလုပ်ကိုင်ခွင့်ကို တားမြစ်လိုက်ကြောင်း OFAC ထုတ်ပြန်ချက်ကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြထားသည်။
အမေရိကန် အစိုးရသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု များနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များကို ပံ့ပိုးပေးရန် ဆက်လက်စောင့် ကြည့်နေပြီး အဆိုပါ ပြုပြင်ပြောင်းလဲမှုများကို ပျက်စီးစေရန် တစ်ဦးချင်းက ကြိုးပမ်းမှုများရှိနေသည်ကို အမေရိကန်အစိုးရက စိုးရိမ်ကြောင်း ပြောကြားသည်။ ယခု ပိတ်ဆို့မှုမှာ ဦးအောင်သောင်း တစ်ဦးတည်းနှင့်သာ သက်ဆိုင်ပြီး အစိုးရအဖွဲ့နှင့် ၎င်းပါဝင်ပတ် သက်နေသော အဖွဲ့အစည်းများ နှင့် သက်ဆိုင်ခြင်း မရှိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
အမေရိကန်က အဖွဲ့အစည်းနှင့် သက်ဆိုင်ခြင်းမရှိဟု ဆိုသော်လည်း ယခုလုပ်ရပ်မှာ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန်နှင့် ကိုက်၍ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကို တိုက်ခိုက် ခြင်းသာဖြစ်ကြောင်း ပါတီဗဟို ကော်မတီဝင် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးလှဆွေ က ပြောကြားသည်။
‘‘ပါတီကို ထိုးနှက်ချင်လို့ အမေရိကန်က ခုလိုလုပ်တာပါ။ နောက်ထပ်လည်း ပါတီထဲက Strong (သဘောထားခိုင်မာတဲ့) ဖြစ်တဲ့ ပါတီဝင်နှစ်ဦး၊ သုံးဦး လောက်ကို သူတို့ထပ်ပြီး ပိတ်ဆို့ ဦးမှာ ကျွန်တော်တို့ မြင်ယောင် နေတယ်။ ဘယ်ကရောက်လာ မှန်းမသိတဲ့၊ ဒေါသထွက်နေတဲ့ လူအုပ်ကြီးကို ဦးအောင်သောင်း လွှတ်တယ်လို့ ပြောတာကို ယုံတဲ့ သူကလည်း ယုံတယ်။ ဦးအောင် သောင်းက စွမ်းအားရှင်ဆိုတာ ဘယ်အဖွဲ့လဲဆိုတာ သူမသိ ဘူးလို့ပြောဖူးတယ်။ ဒါအမေရိကန်က ပါတီကိုထိုးနှက်လိုက်တာပဲ’’ဟု ၎င်းကပြောသည်။
လတ်တလောတွင် ဦးအောင်သောင်းမှာ ကျန်းမာရေး မကောင်းကြောင်းနှင့် အနားယူနေကြောင်း ပြည်ခိုင်ဖြိုးပါတီအသိုင်းအ၀ိုင်းက ပြောသည်။ ဦးအောင်သောင်းနှင့် ၎င်း၏သားများ ပိုင်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းအပါအ၀င် စီးပွားရေးလုပ်ငန်းများရှိပြီး ယခုပိတ်ဆို့မှုတွင် ၎င်း၏ သားများမပါဝင်ပေ။
အမေရိကန်၏ တစ်ဦးချင်း ပိတ်ဆို့မှုစာရင်းတွင် ဦးတေဇ၊ Max မြန်မာဦးဇော်ဇော်၊ အေးရှား ဝေါလ်လုပ်ငန်းစုမှ ဦးထွန်းမြင့် နိုင်၊ ဒဂုံအင်တာနေရှင်နယ်မှ ဦးဝင်းအောင်၊ ယုဇနဦးဌေးမြင့်၊ ဇေကမ္ဘာဦးခင်ရွှေ၊ ယခင်လျှပ်စစ် ၀န်ကြီးဟောင်း ဦးဇော်မင်း၊ ယခင်ကျန်းမာရေးဝန်ကြီး ဟောင်း ဒေါက်တာကျော်မြင့်၊ ပညာရေးဝန်ကြီးဟောင်း ဒေါက်တာချမ်းငြိမ်း အပါအ၀င် ပိတ်ဆို့ခံထားရသူများ ကျန်ရှိနေပြီး ယင်းစာရင်းထဲမှ အချို့ကို အိုဘားမား ခရီးစဉ်မတိုင်မီ ဖြေလျှော့မှုများ ရှိနိုင်ကြောင်း သတင်းများထွက် ပေါ်နေသည်။
လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး တွမ်မောလီနောစကီးနှင့် အမေရိကန်အရှေ့ အာရှရေးရာ ဗိုလ်ချုပ်ကြီးတို့ ခရီးစဉ်အတွင်း ပိတ်ဆို့ခံစီးပွားရေး လုပ်ငန်းရှင် များနှင့် တွေ့ဆုံခဲ့ပြီး ပိတ်ဆို့မှုမှ ကင်းလွတ်လိုပါက ၎င်းတို့၏ ဘဏ္ဍာရေးစီးဆင်းမှုအပေါ် အမေရိကန် က စစ်ဆေးမှုအား ခွင့်ပြုရန်လို ကြောင်း အကြံပြုခဲ့သည်။
ယင်းစစ်ဆေးမှုကို Max မြန်မာဦးဇော်ဇော်က လက်ခံခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ခရီးစဉ်တွင်လည်း ဦးဇော်ဇော်ပိုင်ဟိုတယ်၌ တည်းခိုမှုကြောင့် ပိတ်ဆို့မှုမှ ဖယ်ရှားမည့် စာရင်းတွင် ဦးဇော်ဇော်ပါဝင်နိုင်ကြောင်း ခန့်မှန်းပြော ဆိုမှုများ ရှိနေသည်။
Credit - 7DAY DAILY

No comments:
Post a Comment