Monday, November 3, 2014

စိတ်မသက်မသာချခဲ့ရသောအမိန့်များ

ဆောင်းပါး - ဖိုးသုဥာဏ်
-------

တရားသူကြီးတစ်ယောက်အနေနဲ့ တ ရားမှုခင်းတွေမှာအမိန့်တွေချခဲ့ရပါတယ်။ တရားစီရင်ရေးအပေါ် လွှမ်းမိုးစွက်ဖက်မှုတွေ အထိုက်အလျောက်လျော့နည်း လာတာကလည်းတစ်ကြောင်း၊ အသက်ကလေးရလာတာလည်း တစ်ကြောင်းကြောင့် အမိန့်ချပြီးမှပြန်တွေးပြီး နောင်တ တစ်ဖန်ပူပန်နေရမယ့် အမိန့်မျိုး၊ အပါယ်ဘေးအတွက် စိတ်မအေးရမယ့် အမိန့်မျိုး၊ ပြန်တွေးမိတိုင်း အိပ်ရေးပျက်မယ့် အမိန့်မျိုးကိုအတတ်နိုင်ဆုံးရှောင်ရှားခဲ့ပါတယ်။ မတရား ဒုက္ခရောက်မဲ့ သူတွေကိုတတ်နိုင်သမျှကယ်တင်စောင့်ရှောက်ဖို့ကြိုးစား ခဲ့ပါတယ်။ မှန်တဲ့စကားပါ။


ကိုယ့်အမိန့်ကတရားဥပဒေနဲ့ညီညွတ်တဲ့အပြင်မတော်မတရားမှုတွေကို ဖယ်ရှားပြီး ဒုက္ခရောက်မယ့်သူကို ကယ်နိုင်တဲ့ အမိန့်မျိုး ဖြစ်ခဲ့ရင် အင်မတန် စိတ်ချမ်းသာရပါတယ်။ တစ်ခါတစ်ရံကိုယ်ချလိုက်တဲ့ အမိန့်ကဥပဒေနဲ့ ညီပေမဲ့ ပကတိ အခြေအနေဖြစ်ရပ်မှန်နဲ့သွေဖည်ပြီး တရားမျှတမှု အပိုင်းမှာ ချွတ်ယွင်း အားနည်းချက် ရှိနေတယ်လို့သိရတဲ့အခါမျိုး မှာ စိတ်မသက်မသာဖြစ် ရတတ် ပါတယ်။ အဲ့ ဒီလိုအမိန့်မျိုးကလည်း တကယ်ပဲရှိခဲ့၊ ရှိဆဲ၊ရှိမြဲဖြစ်ပါတယ်။

လောင်းကစားမှုတွေနဲ့ပတ်သက်တဲ့ အ မိန့်တွေ မကြာခဏ ချရပါတယ်။ နှစ်လုံး သုံး လုံး၊ ဘောလုံး၊ ဖဲ၊ ဟောင်စီ(ခ)တင်ပိုလာစတဲ့အမှုတွေဖြစ်ပါတယ်။ ဆင်းရဲ မွဲတေမှုလျော့ချရေး ဆောင်ရွက်တဲ့နေရာမှာလောင်းကစားမှုတွေဟာ အဓိက အန္တရာယ်တစ်ခုပဲလို့ပြောသူကလည်း ပြောကြပါတယ်။

မှားတယ်လို့ မဆိုပါဘူး။ သို့သော် မှန်ကန်မျှတဖို့တော့ လိုပါလိမ့်မယ်။

ဟောင်စီ(ခ) တင်ပိုလာဆိုတဲ့ကစားနည်း က ဂဏန်း ၃ ကွက် ၃ တန်းပါတဲ့ ကဒ်ကလေးတွေကိုထိုးသားကလောင်းကြေးတင်ပြီး ဒိုင်လုပ်သူကနှိုက် ထုတ်တဲ့ ဂဏန်းနဲ့ မိမိထိုး ထားတဲ့ ဂဏန်းထဲကသုံးလုံးတစ်တန်းတည်း ကိုက်ညီသွားရင် ဒိုင်ကလျော်ပေးရတဲ့ ကစားနည်းမျိုးလို့သိရပါတယ်။ မဲနှိုက်ကစားတဲ့ ပုံစံ တစ်မျိုးပါ။

တချို့ပွဲလမ်းသဘင်တွေမှာမဲလက်မှတ်တွေရောင်းပြီး ပစ္စည်းတွေ မဲဖေါက်ပေး တာ မျိုး ရှိပါတယ်။ ဌာနကြီးတချို့ကရံပုံငွေအတွက်ဆိုပြီး မဲလက်မှတ်တွေရောင်း ၊ ရေခဲသေတ္တာ၊ ဆိုင်ကယ်၊ တီဗွီစတာတွေ မဲဖောက်ပေးတာမျိုး လည်း တွေ့ဖူး ပါတယ်။ စတိုးဆိုင်၊ ကုမ္ပဏီတချို့က ကား၊ ဆိုင်ကယ်တွေပြပြီး မဲလက်မှတ်ရောင်း၊ မဲနှိုက်ပေးတာမျိုးလည်း တွေ့ဖူး ပါတယ်။ ဟောင်စီ(ခ) တင်ပိုလာနဲ့သဘောချင်းမကွာပါဘူး။ လောင်းကစားခြင်းတစ်မျိုး ပါပဲ၊ အဲဒါတွေ ကိုတော့ တရားဝင်သဘောမျိုး ခွင့်ပြုထားပြီး ဟောင်စီ(ခ) တင်ပိုလာကျမှ ဖမ်းဆီး အရေးယူနေတာမျှတပါ့မလား။

ဒါပေမဲ့ ဟောင်စီ(ခ)တင်ပိုလာကစားသူကို ဖမ်းဆီး တရားစွဲလာတော့ လည်း လောင်း ကစားဥပဒေအရလောင်းကစားမှုထဲအကျုံး ဝင်နေတော့ အပြစ်ပေး ရပါတယ်။ စိတ်ထဲမှာတော့မသက်မသာဖြစ်ရတာပေါ့။

တစ်နေ့မြေးမလေးနဲ့အတူဈေးသွား တော့ မြေးကဈေးဝယ်နေတုန်း ဈေးအနီး တိုက်အိမ်တစ်အိမ်ရှေ့နားမှာရပ်စောင့်နေခဲ့ပါတယ်။ အိမ်ရှေ့ခြံထဲမှာဆိုင်ကယ် ၃ စင်း လောက်ထိုးထားပြီး အောက်ထပ်အိမ်ရှေ့ပြူတင်းပေါက်မှာ အရောင်း အဝယ် လုပ်နေပုံမျိုး တွေ့ပါတယ်။ စာရွက်ကလေးတွေကိုင်ပြန်ထွက်လာပြီး စကားသံနားထောင်ကြည့်မှနှစ်လုံး၊ သုံးလုံးထီထိုးမှန်းသိရပါတယ်။

ဈေးနားမှာတိုက်အိမ်ကြီးနဲ့အထင်ကရပါ။ ကျွန်တော်တောင် သိရင် ရဲက မသိ စရာ မရှိပါဘူး။ ရဲကိုယ်တိုင်ငါ ၃၆ ထိုးတာ ၃၇ ထွက်သွားတယ် လို့ပြောတာ လည်း ကြားဖူးပါတယ်။ အဲဒီလိုလူတွေက ဟန်တစ်လုံးနဲ့နေချိန်မှာနှစ်လုံး ထီဘောက်ချာလေး တစ်အုပ်နှစ်အုပ်အိတ်ထဲထည့်ပြီး လမ်းပေါ်လျှောက် ၊ တောကြိုအုံကြားလိုက်ရောင်းနေတဲ့သူတွေ၊ နှစ်လုံး ထီဘောက်ချာ တစ်ရွက် အိတ်ထဲမိတဲ့ သူတွေကို ဆင်းရဲမွဲတေမှုရဲ့ တရားခံတွေ ဆိုပြီး ပြစ်ဒဏ်တွေ လှိမ့် ချနေရတာ တစ်ခါ တစ်ခါတော့ စိတ်မသက်မသာဖြစ် မိပါတယ်။

ကာလစည်းကမ်းသတ်နှင့်ကြာရှည် အသုံးပြုခြင်းဆိုင်ရာဥပဒေများ မှာ အောက်ပါအခြေခံမူများ ရှိပါတယ်

-တရားဥပဒေသည် ထကြွလုံ့လရှိသူကိုကူညီ၍ပျင်းရိဖင့်နွဲ့သူကိုမကူညီ။

-မိမိ၏အခွင့်အရေးများကိုပေါ့ပေါ့လျော့လျော့နှင့်အချိန်ကာလလွန်ကျွံစွာပစ်ထား သူတစ်ယောက်အား ထိုအခွင့်အရေးများနှင့် ပတ်သက်၍ တရားစွဲ ခွင့်ပြုမည် မဟုတ်။

-လိမ်လည်ခြင်း၊ယုံကြည်မှုဖေါက်ဖျက်ခြင်းမပြုဘဲလူတစ်ယောက်သည်ပစ္စည်း တစ်ရပ်၊ သို့မဟုတ်အခွင့်အရေးတရပ်၊ သို့မ ဟုတ် တစ်ပါးသူတောင်းခံခြင်းမှ ကင်းလွတ်ခြင်းတစ်ရပ်ကိုဥပဒေကပြဌာန်းထားသည့်ကာလအတွင်း ခံစား ခဲ့ပြီးဖြစ်လျှင်ထိုသူသည်ထိုပစ္စည်း၊ သို့မဟုတ်ထိုအခွင့်အရေး၊ သို့မ ဟုတ် ထိုကင်းလွတ်ခွင့်ကိုနောင်အစဉ်တစိုက်အေးဆေးတည်ငြိမ်စွာခံစားခွင့်ရှိစေရမည်။ ၎င်းပြင်ထိုသူသည် ကာလရှည်ကြာကာမှ တရားစွဲခံရကာ မမျှော်မှန်းသော အနှောင့်အ ယှက်မတွေ့စေရ။ အကြောင်းခြင်းရာများကို သိသူသက်သေ များ သေပျောက်လောက်ခါမှ၊ ပိုင်ရေးပိုင်ခွင့် အထောက်အထား များ ပျောက် ဆုံးလောက်ခါမှ ဟောင်းနွမ်းဆွေးမြေ့နေသည့်တောင်းခံချက်များ အတောင်း မခံရစေရ။

တရားမှုခင်းများကို ကာလစည်းကမ်း သတ်ဥပဒေက သတ်မှတ်ထားတဲ့ ကာလ အတွင်း တရားစွဲဆိုကြရပါတယ်။ ကာလစည်း ကမ်းသတ်ကျော်သွားရင် မိမိ ဘက်က မှန်ပေမဲ့ရနိုင်မဲ့အခွင့်အရေးတွေ ဆုံးရှုံးသွားနိုင်ပါ တယ်။

နိုင်ချေရှိလျှက်နဲ့ ထကြွလုံ့လမရှိ၊ ပျင်းရိ ဖင့်နွဲ့ပေါ့လျော့လို့ အမှုရှုံးသွားတဲ့ သူတွေ ရှိပါ တယ်။

သာဓကဖြစ်ရပ်ကလေးတင်ပြပါမယ်။ တောရွာတစ်ရွာမှာလူပျို၊ အပျိုချစ်ကြိုက်ပြီး ခိုးပြေးကြပါတယ်။ တစ်ပတ်လောက်ပေါင်း ပြီး မိန်းကလေးကို မိဘထံပြန် အပ်တော့မိန်း ကလေးမိဘတွေက မကျေနပ်ပေမယ့်ပြဿနာတော့ မလုပ်ပါဘူး၊ မင်္ဂလာ မဆောင်နဲ့တော့လို့ပြောပါတယ်

ယောက်ျားလေးဘက်ကအတင်းလုပ်လို့မင်္ဂလာဆောင်ဖို့စီစဉ်ဖြစ်ပါတယ်။ မိန်းကလေး က ယောက်ျားလေးအိမ်လိုက်နေတယ်။ ဒီ ကြားထဲမှာ မိန်းကလေး ဖခင်က စိတ်ဆိုးလို့ ဆူပူတာနဲ့မိန်းကလေးက ပိုးသတ်ဆေးသောက်ပြီး ဆေးရုံရောက် ပါတယ်။

မိန်းကလေးဆေးရုံတက်စဉ်မှာ ယောက်ျm;လေးနဲ့သူ့မိခင်တို့က ဆေးရုံစရိတ်သူတို့ဘဲ အကုန်ခံရတယ်။ ဆေးရုံဆင်းရင်ဘယ်မှာနေမှာလဲ၊ ငါ့ကိုပြတ်နိုင်လား စသည်ဖြင့်နိုင်ထက်စီးနင်းပြောလို့ မပြေမလည်ဖြစ်ကြပြီး မင်္ဂလာပွဲပျက် ခဲ့ပါတယ်။

အဲ့ဒါကိုယောက်ျားလေးဘက်ကမိန်း ကလေးနဲ့မိဘတွေကို ဆေးကုစရိတ်နဲ့ မင်္ဂလာဆောင် အတွက်ပြင်ဆင်စရိတ်ကျပ် ၁၂ သိန်း၊ မင်္ဂလာပွဲပျက်လို့ အရှက်ကွဲတဲ့ အတွက် နစ်နာကြေး ကျပ် ၅၈ သိန်း၊ ပေါင်းကျပ်သိန်း ၇၀ လျော်ကြေးရဖို့ တရားစွဲပါတယ်။ ဆေးကုစရိတ်နဲ့ ထင်းတို ထင်းစပါထည့် တွက်မှ မင်္ဂလာစရိတ် ၁၂ သိန်းကုန်တဲ့လူက အရှက်ကွဲတဲ့အတွက် နစ်နာကြေး ၅၈ သိန်းတောင်းတာဘယ်လိုမှမအပ်စပ်ပါဘူး။

မိန်းကလေးဘက်ကဘာကြောင့်မှန်းမ သိ၊ တရားရုံးကိုမသွားတော့ မူလ တရားရုံး က ဥပဒေအရ တရားလို(ယောက်ျားလေး) ဘက်ကိုဘဲ တစ်ဘက်သတ် စစ်ဆေးပြီး တရား လိုစွဲဆိုတဲ့အတိုင်း ဒီကရီချပေးခဲ့ပါတယ်။ အဲ့ ဒီတော့မှ မိန်းကလေးဘက်ကအယူခံတက်ဖို့လုပ်တယ်။ အယူခံတက်တော့လဲ ကာလ စည်းကမ်းသတ် ၁ လလောက်ကျော်နေပြန်တယ်။

ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ ၃ မှာ ကာလ စည်းကမ်းသတ်ကျော်ပြီးမှ တင်တဲ့ အ ယူခံမှုကိုပလပ်ရမယ်လို့ပြဌာန်းထားတော့ အထက်ရုံးတွေကလည်း ဘာမှလုပ်မပေးနိုင်တော့ပါဘူး။ အယူခံကိုပလပ်တဲ့အမိန့်ဘဲချရပါတော့တယ်။

အဲ့ဒီအမှုမှာမိန်းကလေးဘက်ကမူလရုံးကိုသွားပြီး အမှုကိုရင်ဆိုင်ဖြေရှင်းမယ် ဆိုရင်သူ့အတွက်အများကြီးအခွင့်အရေး ရနိုင်ပါတယ်။ အယူခံကို ကာလ စည်းကမ်း သတ်အတွင်းတက်ခဲ့မယ်ဆိုရင်လည်း သက်သာခွင့်တွေ အများကြီး ရနိုင်ပါသေးတယ်။ မသိကျိုးကျွံပြုလွန်း၊ ပေါ့လျော့လွန်းတဲ့ အတွက် အခွင့်အရေးတွေ ဆုံးရှုံးရတာပါ။ အထက် ရုံးကလည်း မတရားမှန်း သိပေမဲ့ သူတို့ဘက် က ကူကယ်ချင်ပေမဲ့ ဥပဒေက ပိတ်ပင်ထားတဲ့ အတွက် ကယ်လို့ မရနိုင်တော့ပါဘူး။ ဒါကိုသူတို့ကမသိဘဲ တရားရုံးအပေါ် မကောင်း မြင် ဦးမယ် ။ မြှောက်ပေးမယ့်ပညာရှိနဲ့တွေ့ရင်တိုင်ဦးမယ်။ တကယ်ဘဲ စိတ်မသက်မသာဖြစ် မိပါတယ်။

ဒီခေတ်အရပ်ထဲမှာ ဟန်ဆောင်စာချုပ် ဆိုတဲ့ပြဿနာတွေတော်တော် များများ ရှိနေ ပါတယ်။ တချို့စာချုပ်တွေကိုရှေ့နေကြီးတွေ၊ ရပ်ကွက်နဲ့ကျေးရွာ အုပ်ချုပ်ရေး မှူးတွေ ကကမကထပြုပြီးချုပ်ပေးပါတယ်။ နေ့ပြန်တိုး တွေ၊ အလီလီ ယူတဲ့ အကြွေးတွေ၊ သားသမီး နိုင်ငံခြားပို့ဖို့ ယူတဲ့ အကြွေးတွေ ၊ နှစ်လုံးသုံး လုံးကြွေးတွေအတွက်ငွေယုံကြည်အပ်နှံစာချုပ်၊ အိမ် အရောင်းအဝယ် စာချုပ် မျိုးတွေ တစ်ဖက်စောင်းနင်းချုပ်ကြပါတယ်။

မပြေလည်ကြတဲ့အခါတရားမမှုတွေအပြင်တချို့ရက်စက်ယုတ်မာသူတွေကရာဇ ဝတ်မှုပါ စွဲကြပါတယ်။ သူတို့ဘက်က စာ ချုပ်စာတမ်း အခိုင်အမာ ရှိတဲ့ အပြင် မျက်နှာကြီးရာ ဟင်းဖတ်ပါဆိုသလိုသက်သေတွေကလည်း သူတို့ ဘက်လိုက်ပေးတတ်ကြလို့အထောက်အထားခိုင်မာနေတတ်ပါတယ်။

တစ်ဘက်ကနေ့ပြန်တိုးတွေ၊ အလီလီ ယူထားတဲ့ကြွေးတွေကိုတိုးရင်းပေါင်းပြီး ဟန်ဆောင်ချုပ်ထားတာပါ။ နှစ်လုံး၊ သုံးလုံး ကြွေးတွေပါလို့ ထုချေကြပေမဲ့ ပါးစပ်ပြောက လွဲပြီး ဘာအထောက်အထားမှမတင်ပြနိုင်ကြတာကများပါတယ်။ အနန္တောအနန္တ ငါးပါးမှာ ကြွေးရှင်ကိုတစ်ပါးထည့်ပြီး အနန္တော အနန္တခြောက်ပါး လို ကိုးကွယ်ထားတော့ ကြွေးတွေ ဆပ်ပေမယ့် အထောက်အထား ယူမထားကြ ဘူးလေ။

ဗမာစကားမှာနှုတ်တစ်ရာစာတစ်လုံး ဆိုတာအထင်အရှားရှိပါတယ်။ သက်သေခံ ဥပဒေမှာလည်း ဒီသဘောပဲပြဌာန်းထား ပါတယ်။ စာချုပ်စာတမ်း ကို ဆန့်ကျင်ပြီး သက်သေပြ၊ အနိုင်ရဖို့ဆိုတာအင်မတန်ခဲယဉ်းပါတယ်။ တရားရုံးတွေကလည်း အခိုင်အမာပြထားတဲ့ စာချုပ်စာတမ်းကို အလွယ်တကူ မျက်ကွယ်ပြုပြီး လက်လွတ်စပယ်ဆုံးဖြတ်လို့မရပါဘူး။ စာချုပ်စာတမ်း ကိုချေဖျက်ကျော်လွှား နိုင်လောက်အောင် အားကောင်းတဲ့ အထောက်အထား မပြနိုင်ရင် စာချုပ်စာတမ်းသမားကပဲ အနိုင်ရသွားတတ်ပါတယ်။

ဒီခေတ်၊ ဒီအခြေအနေမှာ ဒါမျိုးတွေဖြစ်တတ်တယ်လို့ တရားသူကြီး စိတ်ထဲက ထင်မိပေမဲ့ ထင်ကြေးနဲ့အမိန့်ချမရလို့ တရားရုံး ရှေ့မှာ အခိုင်အမာပေါ်ပေါက်နေ တဲ့ သက်သေခံချက်များ အရသာ အမိန့်ချလိုက်ရတဲ့ အခါစိတ်ထဲမှာ မသက်မသာဖြစ် မိပါတယ်။ ဘယ်လိုလုပ်ကြပါ့မလဲ။

ရာဇဝတ်မှု တားဆီးနှိမ်နင်းတဲ့အဖွဲ့တွေ က စေ့စေ့စပ်စပ်၊ မှန်မှန်ကန်ကန် မျှမျှတတဆောင်ရွက်ကြပါစေ။ ကျေးရွာရပ်ကွက်အုပ်ချုပ်သူတွေ၊ ရှေ့နေကြီးတွေသမာသမတ် ရှိကြပါစေ။ ရပ်ကွက်ထဲကလူတွေဥပဒေဗဟု သုတနဲ့ လုံ့လ၀ရိယ ရှိကြပါစေ။ စာချုပ်တွေမှာပြီး စလွယ် လက်မှတ်မထိုးကြ ပါစေနဲ့ ။ နှစ်လုံး၊ သုံးလုံးနဲ့ ဟန်ဆောင်စာချုပ်အန္တရာယ်ကို သ တိပြုရှောင်ရှားနိုင်ကြ ပါစေလို့ ဆုတောင်း မေတ္တာပို့ရုံဘဲ တတ်နိုင်ပါတော့တယ်။

Credit - The Ladies News Journal

 

No comments:

Post a Comment