Written by - ညီအောင်ညီ
အသစ်တွေ ဘယ်လိုကောင်းကောင်း ‘အဟောင်း’
ဆိုသည့် အရာများကို ကျွန်တော်တို့ မမေ့နိုင်ခဲ့ကြပေ။ လူ့သဘာဝအရ
‘အသစ်တွေ့လျှင် အဟောင်းကို မေ့တတ်ကြသည်’ ဟု ဝေဖန်ပြောဆိုတတ်ကြပါ၏။
အမှန်စင်စစ် အဟောင်းဆိုသည်မှာ ‘တစ်ခါတုန်းက’ အသစ်ဖြစ်ခဲ့သလို
အသစ်ဆိုသည်မှာလည်း ‘ဟောင်းနွမ်းခြင်း၏အစ’ ပင်ဖြစ်လေသည်။
အိမ်သစ်၊
အိမ်ဟောင်း၊ ယာဉ်အို၊ ယာဉ်ဟောင်း စသည်ဖြင့် သက်မဲ့ဝတ္ထုများကို
ခေါင်းစဉ်အမျိုးမျိုးတပ်၍ ‘အဟောင်းစာရင်း’ သွင်းတတ်ကြသော်လည်း လူဆိုသည့်
သတ္တ၀ါကိုတော့ ‘လူကြီး၊ လူလတ်၊ လူငယ်’
ဟူ၍ ယဉ်ကျေးစွာ အသုံးပြုထားပါသည်။
သို့သော် ဤကမ္ဘာ၊ ဤလောကတွင် အဟောင်းမဖြစ်၍ မရပါ။ ‘အဟောင်းသံသရာ’ ကို
လွန်ဆန်၍မရနိုင်ပါ။ ထို့ကြောင့် ကျွန်တော်တို့အားလုံး အဟောင်းဆိုသည့်
သဘောတရားကို မေ့ထား၍ မဖြစ်နိုင်ပါ။ ဤသည်ကား အဟောင်းနှင့်ဆက်စပ်၍ ‘စကားချီး’
ခဲ့မိခြင်း ဖြစ်ပါသည်။
အဟောင်းစားသူများဟု ခေါင်းစဉ်ပေးခဲ့မိပါသည်။
ထိုစကားက ကျွန်တော့်ကိုယ်ပိုင်စကား မဟုတ်ပါ။ ‘၀ိသာခါကျောင်းအမကြီး’ ၏
ဘ၀ဖြစ်စဉ်များကိုလေ့လာရင်း ‘ဓမ္မပဒ’ စာအုပ်ထဲမှ ရရှိခဲ့သော အတွေးစများပင်
ဖြစ်ပါသည်။ “အဟောင်းစားသူ” ဆိုသော စကားလုံးကို ၀ိသာခါကျောင်းအမကြီးက
‘လှလှပပ ပညာသားပါပါ’ သုံးစွဲထားခဲ့ပါသည်။ ၀ိသာခါဆိုလျှင် ဗုဒ္ဓဘာသာ အများစုက
သိကြသည်။
တစ်ပါးတခြားသော အယူဝါဒရှိသော ‘မိဂါရ’ သူဌေးကြီးကို ၀ိသာခါ
အမျိုးသမီးငယ်လေးက ယောက္ခမတော်ထားသည်။ အကောင်းစား ‘ယာဂု’ ကို
ထိုင်၍သောက်နေသော ယောက္ခမကို ၀ိသာခါက အနီးတွင် ထိုင်၍ယပ်ခတ်ပေးနေစဉ်
ရဟန်းတော်တစ်ပါး ဆွမ်းခံကြွလာ၏။ မိဂါရသူဌေးက မမြင်ချင်ယောင်ဆောင်နေ၏။
ထိုဖြစ်စဉ်ကိုသိသော ၀ိသာခါက “ကန်တော့ဆွမ်းပါဘုရား။ တပည့်တော်ရဲ့ ယောက္ခမဟာ
အဟောင်းပဲစားတတ်တာပါ” ဟု လျှောက်ထားလိုက်ပါသည်။
ဝိသာခါ၏စကားကို
အဓိပ္ပာယ်အကောက်လွဲသွားပြီး အိမ်မှနှင်ထုတ်ရန် ကြိုးစားခဲ့သည်။
“အရှင်သူဌေးမင်းဟာ ဒီဘ၀မှာ ကောင်းမှုပြုဖို့ မစဉ်းစားဘဲနဲ့
ရှေးကံအကျိုးပေးကြောင့် ရလာတဲ့ ချမ်းသာသုခကိုပဲ ထိုင်စားနေတာဟာ
‘အဟောင်းကိုစားခြင်း’ ဖြစ်သည်” ဟု သူဌေးကြီးလက်ခံနိုင်အောင်
ဝိသာခါအမျိုးသမီးက ပြောပြနိုင်ခဲ့သည်။
(၂)
ထိထိမိမိရှိခဲ့သော
‘အဟောင်းစားသူ’ ဆိုသော စကားတစ်ခွန်းက ကျွန်တော်တို့အတွက် အတွေးတွေ
အများကြီးရခဲ့သည်။ ပစ္စုပ္ပန်အတွက်ဖြစ်စေ၊ သံသရာအတွက်ဖြစ်စေ ၀ိသာခါ၏
‘အဟောင်းစားသူ’ ဆိုသော စကားတစ်ခွန်းက အသိဉာဏ်အတွက် အလင်းတစ်ခု
ဖြစ်နိုင်ပါသည်။
ဓမ္မနိယာမအရ ကောင်းမှုကံအသစ်များကိုလည်း မပြုလုပ်။
ရှေးကံအတိုင်းသာ စီးမျောသွားမည်ဆိုလျှင် အဲဒီသူကို အဟောင်းစားသူဟုပင်
ဆိုရပါလိမ့်မည်။ အဟောင်း၏သတ္တိများ ကုန်ခန်းသွားမည်ဆိုလျှင် ထိုသူဟာ
ဒုက္ခနွံထဲမှာ နစ်တော့မည်ပင်ဖြစ်သည်။ ထိုသဘောတရားကို နားလည်သူတိုင်းက
ဘ၀အဆက်ဆက် ကောင်းစားစေဖို့ရာ ကောင်းမှုကုသိုလ်တည်းဟူသော ကံအသစ်များကို
စိုက်ထူကြသည်ဟု ကျွန်တော်တို့ နားလည်ထားကြပါသည်။
အမှန်စင်စစ်
အဟောင်းစားသည်ဆိုသည့်စကားက ကုသိုလ်ကောင်းမှုနှင့် ဆက်စပ်၍ပြောဆိုခဲ့သည့်
စကားဖြစ်သော်လည်း ကျွန်တော်တို့အားလုံး၏ လူမှုလောကကြီးနှင့်
ဆက်စပ်တိုက်ဆိုင်ကြည့်စေလို့ ရပါသည်။ လူမှုလောကကြီးထဲတွင်
အသစ်ဖန်တီးသူများရှိသလို အဟောင်းစားနေသူ၊ အဟောင်းကို ဖြုန်းတီးနေသူများလည်း
ရှိလေသည်။
နှစ်ပေါင်းများစွာ တည်တံ့လာခဲ့သည့်
ကျွန်တော်တို့နိုင်ငံထဲတွင် တော၊ တောင်၊ ရေ၊ မြေ၊ ကျွန်းသစ်၊ သဘာဝသယံဇာတ၊
ဓာတ်ငွေ့ စသည်ဖြင့် တန်ဖိုးကြီးမားသည့်အရာတွေ များစွာရှိနေခဲ့သည်။
ထိုတန်ဖိုးကြီးမားသော အရာများကို သဘာဝတရားကြီးကလည်း ပေးစွမ်းခဲ့သည်။
ပြုပြင်၊ ထိန်းသိမ်း၊ စောင့်ရှောက်ခြင်းများဖြင့်လည်း ရရှိခဲ့သည်။
လွယ်လွယ်ကူကူ လုပ်ယူဖန်တီး၍ရသော အရာဝတ္ထုများ မဟုတ်ပေ။
ကုန်လွန်ခဲ့သည့် နှစ်သက္ကရာဇ်များထဲတွင် တောတောင်ရေမြေ၊ ကျွန်းသစ်၊
သဘာဝသယံဇာတများသည် အဟောင်းစာရင်းထဲတွင် ပါရှိသည်။
ထိန်းသိမ်းစောင့်ရှောက်ရမည့် စာရင်းထဲတွင် ပါရှိပါသည်။ ထိုအဟောင်းများကို
ဖြုန်းတီးနေသူ၊ အလွဲသုံးစား လုပ်နေသူများသည် ‘အဟောင်းစားသူ’ လူတန်းစားများ
ဖြစ်သည်ဟု ဆိုရပါလိမ့်မည်။ ပျက်စီးပြုန်းတီးသွားသည့် အရာတွေကို
စားရုံသာစားတတ်ပြီး ပြန်လည်းမဖြည့်၊ သဘာဝတရားကိုလည်း မငဲ့ကွက်ဘူးဆိုလျှင်
‘စားရုံသာစားတတ်သော’ အဟောင်းစားသူများပင် ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏
သဘာဝတရား ထိုသဘာဝတရားနှင့် ဆက်စပ်ဖြစ်ထွန်းနေသော သယံဇာတတည်းဟူသော
အဖိုးအနဂ္ဃထိုက်တန်သော တန်ဖိုးကြီးအဟောင်းများကို စားသုံးတတ်သူများကြောင့်
တိုင်းပြည်နှင့် ပြည်သူပြည်သားတို့အတွက် ထိခိုက်နစ်နာမှုများ ရှိနေသည်မှာ
‘မလွဲဧကန်၊ အမှန်ပင်’ ဖြစ်လေသည်။
အဟောင်းဆိုသည်မှာ
သုံးစွဲခြင်းဖြင့် ပြုပြင်ရသည်လည်းရှိ၏။ ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့်
ဆက်လက်တည်တံ့ရသည်လည်း ရှိပါသည်။ ဟောင်းပင်ဟောင်းငြားသော်လည်း
တန်ဖိုးရှိနေသည့်အရာတွေ အများကြီးပင်။ ထိုအဟောင်းများကို
တရားလွန်လောဘဇောတိုက်၍ ကိုယ်ကျိုးရှာနေကြမည်ဆိုလျှင် တိုင်းပြည်နှင့်
ပြည်သူပြည်သားတို့ များစွာထိခိုက် နစ်နာရမည်ဖြစ်လေသည်။ ထိုအချက်ကို
တိုင်းပြည်အုပ်ချုပ်နေသူများ အမြဲသတိပြုသင့်ပါသည်။
ရှိပြီးသားအဟောင်းများကို ထိုင်စား၊ ထိုင်အသုံးချနေ၍ မဖြစ်သေးချေ။
မပျက်စီး၊ မကုန်ခန်းအောင်လည်း ဂရုစိုက်ရပါဦးမည်။ ပြန်လည်အားဖြည့်
အစားထိုးကြရပါဦးမည်။ နွားနို့ညှစ်သော ဥပမာကဲ့သို့ပင် နွားမကြီးတွင်
ရှိနေသောနို့ကို အကုန်ညှစ်၍ မဖြစ်သေးချေ။ နွားသားပေါက်လေးများ စို့ရန်လည်း
ချန်ထားရပါဦးမည်။
ပစ္စုပ္ပန်တွင်ဖြစ်စေ၊ သံသရာတွင်ဖြစ်စေ
မည်သည့်ဘက်ကကြည့်ကြည့် အလွန်အကျွံမစားသင့်။ အဟောင်းကိုပံ့ပိုးမှု၊
ထိန်းသိမ်းစောင့်ရှောက်မှုများဖြင့် မိမိကိုယ်မိမိလည်း ကယ်တင်နိုင်သည်။
လူအများကိုလည်း ဘေးဒုက္ခမှလွတ်စေနိုင်သည်။ သဘာဝတရားကိုလည်း
စောင့်ရှောက်ရာကျသည်ဆိုသော သင်ခန်းစာတစ်ခုကို ရရှိခဲ့ပါသည်။
ကျွန်တော်တို့အားလုံးအနေဖြင့် အဟောင်းချည်းသက်သက် စားသုံးနေသူများ
မဖြစ်သင့်ပါ။ အဟောင်းဟူသော အကြောင်းပြချက်ဖြင့် တရားလွန် မပစ်ပယ်သင့်ပါ။
စောင့်ရှောက်သင့်သော တန်ဖိုးကြီးအဟောင်းများ လူမှုလောကထဲတွင်
ရှိနေကြောင်းကို ရိုးသားစွာ ဖော်ပြမိပါသည်။
Credit - Eleven Media Group
No comments:
Post a Comment