Sunday, November 2, 2014

ငြိမ်းချမ်းရေးကို ပြည်သူတွေက အလိုချင်ဆုံးပါ

Written by - ဘစံကောက်

တိုင်းပြည်တစ်ပြည် နိုင်ငံတစ်နိုင်ငံ မြို့ရွာတစ်ခု စစ်တလင်းဖြစ်ပြီဆိုတာနဲ့ အများဆုံး ထိခိုက်နစ်နာ သေကျေပျက်စီးရသူတွေကတော့ ပြည်သူတွေပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အတိတ်ကာလတွေမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေရဲ့ စာမျက်နှာတွေကို ပြန်လှန်ကြည့်မယ်ဆိုရင်လည်း ပြည်သူတွေသာ အထိခိုက်အနစ်နာဆုံး ဖြစ်ရတယ်ဆိုတာ တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ စစ်ပွဲတစ်ပွဲ ဖြစ်ပြီဆိုတာနဲ့ စစ်ပွဲနဲ့ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးနဲ့ ကလေးသူငယ် အများစုဟာ
စစ်ပွဲရဲ့သားကောင် ဖြစ်ကြရသလို ပျိုမျစ်နုနယ် အရွယ်ကောင်း ယောက်ျားလေးတွေဟာလည်း စစ်ပွဲထဲမှာ ပါဝင်တိုက်ခိုက်ရင်းနဲ့ အသက်ဆုံးရှုံးကြရပြန်ပါတယ်။
ဒီအထဲမှာ စိတ်ထိခိုက်ကြေကွဲစရာ အကောင်းဆုံးကတော့ ကိုယ့်လူမျိုးအချင်းချင်း သွေးရင်းသားရင်းတွေ တစ်ဦးနဲ့တစ်ဦး အာဃာတနဲ့ စိတ်ဝမ်းကွဲမှုကို အခြေခံပြီး တိုက်ခိုက်ကြတဲ့ ပြည်တွင်းစစ်ပွဲတွေကြောင့် ပြည်သူတွေ ဆင်းရဲဒုက္ခရောက်ပြီး သေကျေပျက်စီးကြရတာပါပဲ။ ၁၉၇၅ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် ကမ္ဘောဒီးယား ပြည်သူတွေ နှစ်သန်းကျော် သေဆုံးခဲ့ရမှုဟာ ပြည်တွင်းစစ်ရဲ့ အနိဋ္ဌာန်ရုံကို ကမ္ဘာက မြင်တွေ့ခွင့်ရခဲ့တဲ့ အဆိုးရွားဆုံးဖြစ်ရပ်နဲ့ သာဓကတစ်ခုပါပဲ။
‘စစ်ပွဲဆိုတာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့မရတဲ့ ပြဿနာတွေကို စစ်ရေးနည်းနဲ့ ဖြေရှင်းကြတာ’ ဆိုပေမယ့် ဒီလိုဖြေရှင်းတိုင်း ပြဿနာတွေက ပြေလည်သွားကြတာတော့ မဟုတ်ပါဘူး။ တစ်ခါတလေ ဒီလိုဖြေရှင်းရင်းနဲ့ပဲ မဆုံးနိုင်တဲ့ စစ်ပွဲသံသရာထဲက ရုန်းမထွက်နိုင်တော့ဘဲ တိုင်းပြည်လည်း စစ်ပွဲတွေရဲ့ဒဏ်ကြောင့် ဖွပ်သထက်ညစ်ရပြန်ပါတော့တယ်။
ပြောရရင် ကျွန်တော်တို့ မြန်မာနိုင်ငံဟာ သယံဇာတလည်းကြွယ်ဝပြီး တိုင်းပြည်အကျယ်အ၀န်းနဲ့ လူဦးရေကလည်း အချိုးအစား မျှတပါတယ်။ မှီတင်းနေထိုင်ကြတဲ့ လူမျိုးအသီးသီးရဲ့ ယဉ်ကျေးမှုအမျိုးမျိုး ဓလေ့စရိုက် အစုံစုံကိုလည်း မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဘယ်နိုင်ငံမှ ဒီလောက်သဘာဝရဲ့ မျက်နှာသာပေးမှုကို မခံရတာမို့ အင်မတန် ချမ်းသာကြွယ်ဝပြီး တိုးတက်ဖို့ကောင်းတာမှန်ပေမယ့် ၁၉၄၈ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ ပြည်တွင်းစစ်ရဲ့ဒဏ်ကြောင့် ဒီကနေ့အထိ တိုင်းပြည်တိုးတက်မှုလည်း နိမ့်ကျနေတဲ့အပြင် အဆင်းရဲဆုံးနိုင်ငံ စာရင်းထဲကတောင်မှ ရုန်းမထွက်နိုင်သေးပါဘူး။
အယူအဆ ၀ါဒရေးရာ သဘောတရားတွေ၊ အငြိုးတွေ၊ အာဃာတတွေ၊ အချင်းချင်း မယုံသင်္ကာမှုတွေ၊ လူမျိုးအသားအရောင် ကွဲပြားတာတွေ၊ ဘာသာအယူဝါဒ မတူကြတာတွေဟာ တစ်ဦးနဲ့တစ်ဦးကြားမှာ ဘယ်လိုမှ ညှိနှိုင်းအဖြေရှာလို့ မရအောင်ကိုဘဲ တစ်စစီပဲ့ထွက်ပြီး စစ်ပွဲဆီကို ဦးတည်နေပါတယ်။ အများသဘောတူ လက်ခံနိုင်တဲ့ ဘုံအယူအဆတစ်ခုကို ညှိညှိနှိုင်းနှိုင်းနဲ့ အလျှော့ပေးအနစ်နာခံပြီး မရယူနိုင်သမျှ ကာလပတ်လုံး ဒီစစ်ပွဲတွေကို ရပ်တန့်နိုင်ဖို့ ဆိုတာကလည်း မလွယ်ပါဘူး။ ဒီလို မရပ်တန့်နိုင်သေးသရွေ့လည်း အသက်တွေ ပေးနေကြရဦးမှာပါပဲ။ ဘ၀တွေလည်း ပျက်နေကြရဦးမှာပါပဲ။ ဒုက္ခသည်တွေ ဆိုတာကလည်း ပြေးနေကြရဦးမှာပါပဲ။
ပြီးခဲ့တဲ့တစ်ရက်က သတင်းတစ်ပုဒ်မှာ ‘ငြိမ်းချမ်းရေးကို တပ်မတော်က အလိုချင်ဆုံးပါ’ ဆိုတဲ့ စကားလေးတစ်ခွန်း ကြားလိုက်ရပါတယ်။ ဟုတ်မှာပါ။ ကိုယ့်တိုင်းပြည်ကို ချစ်တဲ့သူတွေ ကိုယ့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်တာ အမှန်တကယ်မြင်ချင်ကြတဲ့ ဘယ်သူမဆို ကိုယ့်လူမျိုးအချင်းချင်း ခုလိုတိုက်ခိုက်နေရတာကို ၀မ်းသာနေမှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကို တပ်မတော်က လိုချင်သလို ပြည်တွင်းလက်နက်ကိုင် အဖွဲ့တွေကလည်း လိုချင်ကြမှာပါပဲ။ ပြောရရင် ပြည်တွင်းစစ်ကြောင့် အမှန်တကယ် ဒုက္ခနဲ့ ကြုံတွေ့ပြီး တိုးတက်မှုအနိမ့်ဆုံး ဖြစ်နေရတာကလည်း နယ်စပ်ဒေသမှာ နေထိုင်ရတဲ့ တိုင်းရင်းသားလူမျိုးစုတွေ ဖြစ်နေကြလို့ပါပဲ။
ဒါနဲ့ပတ်သက်လို့ တစ်လောက စစ်ပြန်ရဲဘော်ဟောင်းတစ်ယောက်နဲ့ကြုံလို့ စကားပြောဖြစ်တဲ့အခါ ရက်ရှည်လများ၊ ရှေ့တန်းစစ်စခန်းမှာ မိသားစုတွေနဲ့ခွဲပြီး တာဝန်ထမ်းဆောင်နေရတာ ရှေ့တန်းစခန်းမှာ အငတ်ငတ်အပြတ်ပြတ်နဲ့ နေခဲ့ရတာ ကျည်ဆန်တွေ၊ ဗုံးဆန်တွေကြားမှာ အသက်နဲ့ရင်းပြီး တာဝန်ထမ်းဆောင်ခဲ့ရတာတွေအပြင် ကံမကောင်းအကြောင်းမသင့်လို့ သူ့ရဲ့ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရတာတွေဟာ ငြိမ်းချမ်းရေးကို အမြန်ဆုံးရစေချင်တဲ့ သူ့ရဲ့ဆန္ဒကို အကောင်းဆုံးထောက်ပံ့ပေးနေတဲ့ အကြောင်းတရားတွေပဲ ဖြစ်မှာပါ။
ဒီနေရာမှာ သူပြောပြလို့ စစ်ပွဲမှာ အသုံးပြုတဲ့ ဗုံးဆန်တစ်လုံးရဲ့ တန်ဖိုးဟာ ကျပ်ငွေ ၁၀ သိန်းဂဏန်းလောက် တန်ဖိုးရှိပါသတဲ့။ လူတွေရဲ့အသက်ကိုခြွေဖို့ ပစ်လိုက်ရတဲ့ ဗုံးဆန်တစ်လုံးရဲ့တန်ဖိုးနဲ့ညီတဲ့ ငွေတွေကိုသာ မဖွံ့ဖြိုးမတိုးတက်သေးတဲ့ တိုင်းရင်းသားနယ်မြေတွေမှာ ဆေးရုံတွေ၊ ကျောင်းတွေ ဆောက်လိုက်ရရင်ဆိုတဲ့ မချိတင်ကဲအတွေးမျိုး ကျွန်တော်တွေးသလို တပ်မတော်သားတွေလည်း တွေးမိမှာပါ။ ငြိမ်းချမ်းရေးသာရခဲ့ရင် အမှန်တကယ် သုံးစွဲနိုင်မှာဖြစ်လို့ ဒီကနေ့ အချင်းချင်းတိုက်ခိုက်နေကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးလည်း ဒါကိုတွေးမိကြမှာပဲ ဖြစ်ပါတယ်။ တွေးလည်းတွေးသင့်ပါတယ်။
ဒီကနေ့ ကမ္ဘာပေါ်မှာ အစွန်းရောက် အတွေးအခေါ်ရှိတဲ့ ခေါင်းဆောင်တွေ တဖြည်းဖြည်းနည်းလာတာလည်း တွေ့ရပါတယ်။ ဒါကလည်း ကိုယ့်အယူအဆ ကိုယ်လက်ခံယုံကြည်တဲ့ ၀ါဒသဘောတရားတွေကို ရှေ့တန်းတင်ပြီး စစ်ပွဲတွေကို ဖန်တီးနေလို့ ဘယ်သူ့အတွက်မှ အကျိုးမရှိနိုင်ဘူးဆိုတာ နားလည်လာကြလို့ပါပဲ။ အရှေ့တောင်အာရှမှာ တစ်ချိန်က မငြိမ်းချမ်းနိုင်တဲ့ ပြည်တွင်းစစ်တွေနဲ့ ဒုက္ခပင်လယ်ဝေခဲ့ရတဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာ ခေါင်းဆောင်တွေဟာ ညှိညှိနှိုင်းနှိုင်း ချင့်ချင့်ချိန်ချိန်နဲ့ တိုင်းပြည်ရဲ့အနာဂတ်အရေးကို ရှေ့တန်းတင်ပြီး လုပ်ကိုင်လာကြလို့ ခုနေခါမှာ အဲဒီနိုင်ငံက ပြည်သူတွေရဲ့ ဘ၀တွေဟာ အေးချမ်းလုံခြုံပြီး တိုင်းပြည်လည်း တစ်စတစ်စ ဖွံ့ဖြိုးတိုးတက်လာနေကြတာကို မြင်ရပါတယ်။ ပြောရရင် လာအို၊ ကမ္ဘောဒီးယားပြည်သူတွေရဲ့ တစ်နှစ်ဝင်ငွေဟာ မြန်မာပြည်သူတွေထက် မြင့်ပါတယ်။
ဒါကြောင့် ဒီကနေ့ လက်နက်ကိုင်ပြီး တိုက်ခိုက်နေကြရတဲ့ အဖွဲ့အစည်းတွေကို မေတ္တာရပ်ခံချင်တာက စဉ်းစားကြပါ။ တွေးခေါ်ကြပါ။ အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုကို နှိုင်းယှဉ်ပြီး ချိန်ထိုးကြည့်ပါ။ ပြည်သူတွေရဲ့ ဘ၀တွေကို အလေးထားပြီး ဦးစားပေးရွေးချယ်ကြပါ။ ယုံကြည်တာတစ်ခုကတော့ နှစ်ဖက်အဖွဲ့အစည်းတွေကြားမှာ အတွေးအမြင်တွေ အယူအဆတွေ သဘောထားမှတ်ချက်တွေ ဘယ်လိုပဲကွဲပြားနေပါစေ၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကြီးပွားတိုးတက်ပြီး ပြည်သူတွေရဲ့ဘ၀ လုံခြုံစိတ်ချ အေးချမ်းသာယာတာကို မြင်လိုတဲ့ ဆန္ဒကတော့ အတူတူပဲဖြစ်မှာပါ။ ဒါကပဲ ဘုံရပ်တည်ချက် အားလုံးက မမှိတ်မသုန်ယုံကြည်ပြီး ချမှတ်လျှောက်လှမ်းရမယ့် တစ်ခုတည်းသောလမ်းပဲ ဖြစ်မယ်ဆိုတာပါပဲ။
ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘယ်သူတွေက ဘယ်လောက်လိုချင်တယ်ပဲပြောပြော ပြည်သူတွေနဲ့ယှဉ်လို့တော့ ရနိုင်မယ်မထင်ပါဘူး။ မှန်သောစကားကိုပြောရရင် ငြိမ်းချမ်းရေးကို ပြည်သူတွေက အလိုချင်ဆုံးပါ။ ပြည်သူတွေက အရချင်ဆုံးပါ။ ပြည်သူတွေက အမက်မောဆုံးပါ ဆိုတာပါပဲ။

Credit - Eleven Media Group

No comments:

Post a Comment