Monday, November 3, 2014

သမိုင်းမှတ်တမ်းကောင်း ရေးထိုးပါ - အယ်ဒီတာအာဘော်

မြန်မာနိုင်ငံ၌ လတ်တလော လူပြောများနေသည့် အလွတ်တန်း သတင်းထောက် ကိုပါကြီး အသတ်ခံရမှုနှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ကိစ္စတို့ကြောင့် တပ်မတော်အပေါ် ပြစ်တင် ဝေဖန်မှုများစွာ ပေါ် ထွက်လာနေသည်။ အလွတ်တန်း သတင်းထောက် ကိုပါကြီး အသတ်ခံရမှုနှင့် ပတ်သက်၍ အရပ်ဘက် လူ့အဖွဲ့အစည်းများက တပ်မတော်အပေါ် ပြင်းပြင်း ထန်ထန် ဝေဖန်နေကြပြီး ဥပဒေမဲ့ လုပ်ရပ်ဟူ၍ပင် သုံးနှုန်းကာ ပြစ်တင်ပြော ဆို ကြသည်အထိ ဖြစ်လာသည်။ ယခင်အစိုးရ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အရပ်ဘက်အကြား ဖြစ်ပွား ခဲ့ဖူးသော ပဋိပက္ခများကို ရည်ညွှန်းထောက်ပြ၍ တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့အပေါ် ပြစ်တင် ရှုတ်ချ သံများလည်း
ကြားနေရသည်။ နိုင်ငံနှင့် ပြည်သူလူထုအား ဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးအတွက် အကာအကွယ် ပေးရန် တာဝန်ရှိသည့် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ကဲ့သို့သော လက်နက်ကိုင်အဖွဲ့ အစည်းများ ကိုယ်၌က ပြည်သူအပေါ် ရန်ရှာ ဖျက်ဆီးနေသဖြင့် မြန်မာပြည်သူ များအဖို့ ကျီးလန့်စာစား ဘ၀များဖြင့် အားကိုးရာမဲ့ကာ ဘ၀လုံခြုံမှု မရှိဘဲ ဖြစ်နေကြရသည်။
မြန်မာ့ အတိတ်သမိုင်းတွင် ပြည်သူများ အားကိုးအားထားပြုခြင်း၊ လေးစားချစ်ခင်ခြင်းကို ခံခဲ့ရသော မြန်မာ့ တပ်မတော်သည် အာဏာရှင် စနစ်ဆိုးကြောင့် ပြည်သူနှင့် ကင်းကွာ၍ ပြည်သူကို ကာကွယ် စောင့်ရှောက် ရမည့်အစား စစ်အုပ်စုတစ်စု၏ ကိုယ်ကျိုးစီးပွားကို ကာကွယ်ပေးနေရသော လက်ကိုင်တုတ် အဖွဲ့အစည်း အဖြစ်သို့ ကျရောက်ခဲ့ရပေသည်။ ယနေ့မြင်တွေ့ ကြားသိနေရသော နိုင်ငံရေး အဖြစ်သနစ်များကို သုံးသပ် ကြည့်မည်ဆိုလျှင် ယင်းအချက်ကို အထင်းသား သိမြင်နိုင်လိမ့်မည်။ အောက်တိုဘာ ၂၂ ရက်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့သော အစီရင်ခံစာတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ပုဒ်မ ၄၃၆ အား မပြင်ဆင် လိုကြောင်း ထည့်သွင်း ဖော်ပြထားသည်။ ပုဒ်မ ၄၃၆ ဆိုသည်မှာ ပြည်သူလူထုက ရွေးကောက် တင်မြှောက် ထားသော ကိုယ်စားလှယ် အားလုံးက အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရန် ဆန္ဒရှိလျှင်ပင် တပ်မတော်က ဆန္ဒမရှိပါက ပြင်ရန်လုံးဝ မဖြစ်နိုင်အောင် ကန့်သတ်ထားသော ပုဒ်မ ဖြစ်သည်။ တစ်နည်း ဆိုရလျှင် ဒီမိုကရေစီ အရေခြုံထားသော စစ်အာဏာရှင်စနစ်၏ အဓိက သော့ချက်သည် ပုဒ်မ ၄၃၆ ပင်ဖြစ် သည်။ အဆိုပါ ပုဒ်မ ၄၃၆ကို တပ်မတော်က မပြင်လိုဟု သဘောထား ပေးခြင်းသည် စစ်အာဏာရှင်စနစ်ကို မစွန့်လွှတ်ကြောင်း ကြေညာလိုက်ခြင်း ဖြစ်သည်ဟုပင် ဆိုနိုင်သည်။
စစ်အာဏာရှင်စနစ်သည် ပြည်သူနှင့် တပ်မတော်ကို စည်းခြားရုံမျှမက ရန်တိုက် ပေးတတ်သော သဘောပင် ရှိသည်။ အာဏာရှင်တို့၏ ကိုယ်ကျိုးစီးပွားကို မထိပါး၊ မနှောင့်ယှက် စေရေးအတွက် စစ်တပ်ကို လက်ကိုင်ပြုကာ ပြည်သူကို ဖိနှိပ်ပုတ်ခတ် တတ်ပေသည်။ ပြည်သူလူထုက တစ်ခဲနက် လက်မှတ်ရေးထိုး တောင်းဆို ဆန္ဒပြုထားသော ပုဒ်မ ၄၃၆ ပြင်ဆင်ပေးရေးကို တပ်မတော်က ပယ်ချခြင်းသည် ပြည်သူ့ဆန္ဒကို သွေဖည် တတ်သော အာဏာရှင် ဓလေ့စရိုက်ကို ထင်ရှားစွာ ပြသလိုက်ခြင်းလည်း ဖြစ်ပေသည်။ ပြည်သူကြားမှ ပေါက်ဖွားသော ပြည်သူ့ တပ်မတော်အနေနှင့် အာဏာရှင်စနစ်ကို ဖက်တွယ်ထားသော စစ်အုပ်စု တစ်စု၏ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးအတွက် နှစ်ပေါင်းများစွာ အသုံးချခံနေရခြင်းမှာ နိုင်ငံနှင့် နိုင်ငံသားတို့အတွက် အလွန်အင်မတန် ကြီးမားလှသော ဆုံးရှုံး နစ်နာမှုကြီးပင် ဖြစ်သည်။
သို့သော် မြန်မာ့သမိုင်းနှင့် ကမ္ဘာ့သမိုင်း စာမျက်နှာများကို ပြန်ကြည့်မည်ဆိုလျှင် အာဏာရှင်စနစ်သည် အချိန် တန်လျှင် ပျက်စီးရစမြဲဖြစ်ပြီး နိုင်ငံတော် အချုပ်အခြာ အာဏာသည် အချိန်တန်လျှင် မူလပိုင်ရှင်ဖြစ်သော ပြည်သူ့ လက်ဝယ်သို့ ပြန်လည် ရောက်ရှိစမြဲပင်ဖြစ်သည်။ အချိန်ကာလ အတိုအရှည်သာ ကွာခြားမည်ဖြစ် သော်လည်း တစ်ချိန်ချိန်တွင် ပြည်သူသည်သာ အောင်ပန်း ဆင်ရသည်သာ ဖြစ်သည်။ ပြည်သူတို့ အောင်ပွဲဆင်သော တစ်နေ့တွင် အာဏာရှင် အများစုသည် ဇာတ်သိမ်း မလှဘဲ ဘ၀နိဂုံးချုပ်ကြရစမြဲ ဖြစ်သည်။ အကြောင်းကြောင်းကြောင့် အာဏာရှင် ဖြစ်ခဲ့ရသော်လည်း နိုင်ငံနှင့် ပြည်သူအကျိုးကို မျှော်ကိုးကာ လိမ္မာ ပါးနပ်စွာ ပြည်သူ့ထံ အာဏာလွှဲနိုင်ခဲ့သူ တချို့သာလျှင် သမိုင်း မှတ်တမ်းကောင်း ရေးထိုး၍ ဇာတ်သိမ်း ကောင်းကြ ရပေသည်။
လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းအရ အာဏာရှင်စနစ် လွှမ်းမိုးနေသော ၂၀၀၈ အခြေခံ ဥပဒေကို ဒီမိုကရေစီ စံနှုန်းများနှင့်အညီ ပြင်ဆင်ခြင်းဖြင့် စစ်အုပ်စုအနေနှင့် သမိုင်းမှတ်တမ်းကောင်း ရေးထိုးနိုင်မည့် အခွင့်အလမ်းကို ရရှိထားသည်။ စဉ်ဆက်မပြတ် ဖော်ဆောင်သွားရမည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို မပြုလုပ်လိုသဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အဓိကကျသော ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ငြင်းဆန် နေမည်ဆိုပါက အဆိုပါ အခွင့်အလမ်းကို လက်လွှတ် ဆုံးရှုံးသွားနိုင်သည်။ ထိုအခါ စစ်အုပ်စုအနေနှင့် စိုးရိမ်ကြောင့်ကြ နေသည်ဟုဆိုသော ဘ၀နိဂုံးမလှသည့် အခြေအနေများမှာ အမှန်တကယ် တွေ့ကြုံလာရ ပေလိမ့်မည်။ မည်သို့ပင်ထိန်းချုပ် ပိတ်ပင်ထားသည်ဖြစ်စေ အချိန်တန်လျှင် ပြည်သူသာ အောင်ပွဲဆင်မည်ဖြစ်၍ လိမ္မာပါးနပ်စွာ ပြုပြင်ပြောင်းလဲမှု မလုပ်ဆောင်ပါက ပြည်သူ၏ ဒဏ်ခတ်ခြင်းကို ခံရပေလိမ့်မည်။ သို့ဖြစ်၍ ပြည်သူနှင့် တပ်မတော် ပြန်လည်ရင်ကြားစေ့ပြီး ပြည်သူ့အကျိုးကို ဆောင်သော တပ်မတော်အဖြစ် ပြည်သူ လူထု၏ ယုံကြည်ကိုးစားမှုကို ပြန်လည်ရရှိစေရေး အတွက်လည်းကောင်း၊ အကောင်းဆုံး ထွက်ရပ်လမ်းကို ရွေးချယ်၍ သမိုင်းမှတ်တမ်းကောင်း ရေးထိုးကာ ဇာတ်သိမ်း လှနိုင်ရေး အတွက်လည်းကောင်း စစ်အုပ်စု အနေနှင့် အခြေခံဥပဒေ ပြင်ဆင်ရေးကို လူထုဆန္ဒနှင့်အညီ အကောင်အထည် ဖော်ပေးသင့်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။
အယ်ဒီတာ
၂၉-၁၀-၂၀၁၄
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment