(ဆောင်းပါးရှင် - ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်))
ဒီကနေ့
ကမ္ဘာကြီးက လုံးရာကနေ ပြားလာနေတယ်။ ၂ဝ ရာစုအကုန် ၂၁ ရာစုအစမှာ ကမ္ဘာကြီးကို
ရုတ်တရက် ချက်ချင်းဆိုသလို သိသာတဲ့ပြောင်းလဲမှု ဖြစ်လာစေတဲ့ အားသုံးခု
ပေါ်ပေါက်လာတယ်။ အဲဒီအားသုံးခုက -
(၁) လူဦးရေဖောင်းပွလာမှု
(၂) နည်းပညာတိုးတက်လာမှု
(၃) အလွယ်တကူဆက်သွယ်ချဉ်းကပ်နိုင်စေမှု ဖြစ်ပါတယ်။ တစ်ဖက်မှာ
လူဦးရေပေါက်ကွဲ ဖောင်းပွလာသလို အခြားတစ်ဖက်မှာ လူသားအချင်းချင်း
မေတ္တာစိတ်တွေပျောက်ပြီး နိုင်ငံသားအချင်းချင်းနဲ့ နိုင်ငံတွေကို
ကျူးကျော်တိုက်ခိုက်
သတ်ဖြတ်မှုတွေလည်း များလာနေတယ်။ တစ်ခါ လူသားအချင်းချင်း
နည်းလမ်းပေါင်းစုံနဲ့ လိမ်လည်လှည့်ပတ်မှုတွေလည်း ပေါ်ပေါက်လာနေတယ်။ အဓိကတော့
လူတွေမှာ စိတ်ဓာတ်တွေ ယိုယွင်းပျက်ပြားလာကြလို့ဖြစ်တယ်။ ငါသာလျှင်
အရာရာကို ပိုင်စိုးနိုင်ရမယ်ဆိုတဲ့ အတ္တစိတ်တွေ လွှမ်းမိုးမှုတွေ
လွန်ကဲလာလို့ဖြစ်တယ်။
နိုင်ငံတကာမှာ Fraud 419 လို့ခေါ်တဲ့
ကြိုတင်ငွေတောင်းခံ၍ လိမ်လည်နည်းဆိုတာ ရှိပါတယ်။ အင်တာနက်က Google မှာ
Fraud 419 လို့ ရိုက်ထည့်လိုက်ရင် တွေ့ရပါလိမ့်မယ်။ အဲဒီလိမ်လည်နည်းက Ponzi
Scheme လို့ခေါ်တဲ့ လိမ်နည်းကနေ စတင်ခဲ့ပြီး နောက်ပိုင်းမှာ ပိရမစ်အစီအစဉ်
Pyramid Scheme လို့လည်း ခေါ်ကြတယ်။ အဲဒီရဲ့ နောက်ဆက်တွဲအဖြစ် MLM လို့
အတိုကောက်ခေါ်ကြတဲ့ Multi-Level Marketing ဆိုတာလည်း ဒီအထဲမှာပါတယ်။ MLM က
ထုတ်ကုန်ပစ္စည်းကို ဆိုင်းဘုတ်လည်း မတင်၊ ကြော်လည်း မကြော်ငြာဘဲ
ကြားခံလူတွေကို အဖွဲ့ဝင်ကြေးတစ်ခုနဲ့ အဖွဲ့ဝင်၊ ပြီးရင် လစဉ် Point
Value(PV) လို့ခေါ်တဲ့ အဲဒီလုပ်ငန်းကနေ သတ်မှတ်ထားတဲ့ပစ္စည်းကို ပမာဏတန်ဖိုး
တစ်ခုအထိ ဝယ်ယူရတယ်။ အဲဒီလို ဝယ်ယူရာမှာ ဝယ်ယူသူကို အကျိုးခံစားခွင့် ၂၅
ရာခိုင်နှုန်းပေးတယ်။ PV ထက်ပိုဝယ်ရင်လည်း ကော်မရှင်ပေးတယ်။
အပေါ်ဆုံးအဆင့်မှာရှိသူတွေက အကျိုးခံစားခွင့် ၂၅ ရာခိုင်နှုန်းရပေမယ့်
အောက်ဘက်ကို အဆင့်ဆင့်လူပွားလိုက်ရင် အောက်ကလူတွေက အကျိုးခံစားခွင့်တွေ
တစ်ဆင့်ပြီးတစ်ဆင့် လျော့လျော့သွားတယ်။ သို့ပေမဲ့ မိမိအောက်ကလူတွေရဲ့
ရောင်းအားတွေကနေ အနည်းငယ်သော ကော်မရှင်တွေက များများလာပြီး အထက်ဆုံးကလူကို
တစ်လတစ်လ အကျိုးခံစားခွင့် မြင့်မားလာစေတဲ့အတွက် ထိပ်ဆုံးကလူတွေက
အောက်ကလူတွေထက်ပိုပြီး အကျိုးရှိစေတယ်။ နောက်ဆုံးဝယ်ယူတဲ့ End Purchaser
အတွက် ဈေးများများပေး ဝယ်ယူကြရတာဖြစ်တယ်။ အသိပညာနည်းပါးသူတွေက MLM နဲ့
အလုပ်လုပ်လို့ရတဲ့ ငွေတွေကို သမ္မာအာဇီဝလို့ မှတ်ထင်နေကြတယ်။ အမှန်အားဖြင့်
လူပေါ်လူဇော်လုပ်ပြီး အမြတ်ထုတ်တဲ့သဘောဖြစ်တယ်။ ဆက်စပ်လို့ ၁၉ဝဝ
ပြည့်နှစ်နောက်ပိုင်း စာရေးသူတို့ မြန်မာနိုင်ငံကို ဝင်လာခဲ့ဖူးတဲ့
Invisible Trading လို့ခေါ်တဲ့ ထုတ်ကုန်ပစ္စည်းကို မမြင်တွေ့ရဘဲ
အရောင်းအဝယ်တွေ လုပ်ကြတဲ့ လုပ်ငန်းတစ်ခု ပေါ်ပေါက်ခဲ့ဖူးတယ်။ ထုတ်ကုန်ပစ္စည်း
လေးမျိုးရဲ့ ဈေးနှုန်းတွေကို တစ်နေ့သုံးကြိမ်ပို့ပေးတယ်။ အဲဒီအချိန်တုန်းက
အင်တာနက်မပေါ်သေးတာမို့ ဖက်စ်နဲ့ပို့ပေးတာဖြစ်တယ်။
အဲဒီအရောင်းအဝယ်လုပ်ငန်းမှာ ပါဝင်ဆောင်ရွက်မယ်ဆိုရင် အက်ဖ်အီးစီ ၅ဝဝဝ ကို
အဲဒီလုပ်ငန်းမှာ အပ်ထားရတယ်။ ပြီးရင် ထုတ်ကုန်ဈေးနှုန်းတွေကို ကွန်ပျူ
တာနဲ့ ရေးဆွဲထုတ်ပေးတဲ့ ဂရပ်ဖ်ပုံတွေကနေ လေ့လာရတယ်။
ထုတ်ကုန်တစ်ခုက
အကျမရှိဘဲ အတက်ကိုသာ ပြနေရင် အဲဒီထုတ်ကုန်ကို အရောင်းအဝယ်လုပ်မယ့်သူတွေက
စိတ်ဝင်စားလို့ အရောင်းအဝယ်လုပ်မယ်လို့ ဆုံးဖြတ်ရင် အဲဒီအချိန်ကစပြီး
အရောင်းအဝယ်ကို လေ့လာဖို့ ကွန်ပျူတာဂရပ်ဖ်တွေကို ဆက်တိုက်လေ့လာပြီးရင်
ဆက်တိုက်တက်နေပြီး အတိုင်းအတာတစ်ခုမှာ ကျလာရင် ပြန်ရောင်းမှာလား
ဆက်ပြီးဈေးနှုန်းကို စောင့်ကြည့်ဦးမှာလား။ အကယ်၍ မိမိကတစ်တန်ကို ဒေါ်လာ ၂ဝဝ
မှာ ဝယ်ထားပြီး နေ့စဉ်ဈေးနှုန်းတက်တာကိုပြတဲ့ ဂရပ်ဖ်ပုံအရ
အကျိုးအမြတ်ရှိလို့ ပြန်ရောင်းဖို့ဆုံးဖြတ်ရင် မိမိတည့်ဝင်ထားတဲ့
အက်ဖ်အီးစီ ၅ဝဝဝ ပေါ်ကနေမဟုတ်ဘဲ နောက်ထပ် ၅ဝဝဝ စောင်းပေးပြီး အက်ဖ်အီးစီ
၁ဝဝဝဝ အပေါ်က အကျိုးအမြတ်ထုတ်ပေးတဲ့ မက်လုံးပေးထားတာဖြစ်လို့
ဒီအရောင်းအဝယ်မှာ မျက်ကန်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကနေ
အဲဒီလုပ်ငန်းလုပ်သူက သူ့ထံမှာ အပ်ထားတဲ့ငွေတွေကိုယူပြီး ထွက်ပြေးသွားတာ
လူအတော်များများ ငွေကြေးဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတယ်။
စာရေးသူတို့နိုင်ငံမှာ စီးပွားရေးနဲ့ပတ်သက်ပြီး ငွေကြေးဆိုင်ရာ
သဘောတရားတွေကို မသိနားမလည်တဲ့ မျက်ကန်းလုပ်ကြတာတွေ များခဲ့တယ်။
အသိနည်းတာကြောင့် အမှားတွေများခဲ့ကြတယ်။
မြန်မာကျုံယွမ်၊့ ဧရာမြေ၊
သဘာဝဆိုတဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ ပေါ်ပေါက်လာရာမှာလည်း လူတွေက
မက်လုံးပေးထားတဲ့အရာကို လောဘမျက်စိနဲ့သာ လုပ်ဆောင်ခဲ့ကြတာကြောင့်
ငွေကြေးဆုံးရှုံးမှုတွေ များခဲ့ကြတယ်။ အခု ဒီမိုကရေစီခေတ်
ရောက်လာပြန်တော့လည်း အသိနည်းသူတွေရဲ့ အားနည်းချက်ကိုနှိုက်ပြီး
တစ်လကိုသုံးသောင်း သွင်းရုံမျှနဲ့ သိန်း ၁ဝဝ တန်အိမ်ကို
ပိုင်ဆိုင်စေရမယ်ဆိုပြီး မက်လုံးပေးလိမ်လည်ဖို့ ကြိုးပမ်းနေတယ်။
အများပိုင်ကုမ္ပဏီတွေ ဖွင့်ခွင့်ပေးရာမှာလည်း စတော့ဈေးကွက် မပေါ်လာသေးဘဲနဲ့
စတော့ဈေးကွက်ပုံစံဖမ်းပြီး Over The Counter Market (OTC) ဈေးကွက်လို့
ပြောဆိုသုံးနှုန်းနေတာတွေကလည်း လှည့်ကွက်တွေဖြစ်တာမို့ သတိထားဖို့
လိုအပ်တယ်။ အများပိုင် ကုမ္ပဏီတစ်ခုဆိုရင် ၂ဝ၁၄ ခုနှစ်ကနေ ၂ဝ၁၇ အထိ
အမြတ်ဝေစု ရာခိုင်နှုန်း ၆ဝ ခွဲပေးမယ်။ ၂ဝ၁၇ ကျော်ရင် အမြတ်ဝေစု
ရာခိုင်နှုန်း ၅ဝ ခွဲဝေပေးမယ်ဆိုတဲ့ မက်လုံးနဲ့ အစုရှယ်ယာတွေ ထည့်ဝင်အောင်
ဆွယ်နေကြတယ်။
၂ဝ၁၅ နှစ်လယ်မှာ ရန်ကုန်စတော့
ရှယ်ယာအိတ်ချိန်းဈေးကွက် ပေါ်လာမယ်လို့ ဆိုကြတယ်။ ဘယ်လိုဖြစ်ဖြစ်
ငွေကြေးကို ရင်းနှီးမြှုပ်နှံကြမယ်ဆိုရင် မျက်ကန်းရင်းနှီးမြှုပ်နှံမှုတွေ
မလုပ်ကြဘဲ မှန်ကန်တဲ့အရှိ၊ မှန်ကန်တဲ့အသိနဲ့ မှန်ကန်တဲ့အလုပ်တွေ
လုပ်ဆောင်ကြဖို့ဖြစ်တယ်။ စာရေးသူကတော့ ရောင်းမှားဝယ်မှား မဖြစ်စေဖို့
စတော့ဈေးကွက် သဘောတရားတွေ သေချာဂဃနဏသိအောင် လုပ်ထားဖို့လိုအပ်မှာ ဖြစ်တယ်။
နိုင်ငံတော်အနေနဲ့လည်း မိမိနိုင်ငံသားတွေကို စတော့အိတ်ချိန်းနဲ့ပတ်သက်တဲ့
အသိပညာပေး ဟောပြောပွဲ ကျယ်ကျယ်ပြန့်ပြန့်လုပ်ပေးဖို့ လိုအပ်တယ်။ မသိရင်တော့
ပတ်နေမှာဖြစ်ပြီး သိမှပြတ်မှာဖြစ်တယ်။
စာရေးသူ အမြဲရေးပေးနေတဲ့
အချက်တစ်ခုက ငါးစာကိုသာမြင်ပြီး မဟပ်မိကြစေဘဲ ငါးစာအတွင်းမှာ မြှုပ်ထားတဲ့
ငါးမျှားချိတ်ကို မြင်အောင်ကြည့်ဖို့ လိုအပ်တယ်လို့ ဆိုချင်ကြောင်းပါ။
Credit - Eleven Media Group
No comments:
Post a Comment