Written by - ရွှေဒါးမောင်လေးရည်
ကမ္ဘာဦးအစမှသည် ယနေ့မျက်မှောက်
အချိန်အထိ မိဘတို့မည်သည် ကြီးမားလှစွာသော မေတ္တာအတိုင်းအဆဖြင့်
သားသမီးတို့အပေါ် ထာဝရပေးဆပ်မှု ပြုနေကြပေသည်။ ကြီးမားလှသော မိဘမေတ္တာ
သရုပ်သဏ္ဌာန်ပင် ဖြစ်သည်။ ထိုပေးဆပ်ခြင်းတို့၌ တုံ့လှည့်တစ်ဖန်ပြန်လည်၍
ရကောင်းစေဟူသော ရည်ရွယ်ချက်တစ်စုံတစ်ရာ မပါရှိသည်မှာလည်း မိဘမေတ္တာ၏
ကြီးမြတ်လှသော အလှတစ်ပါး ဂုဏ်ရည်တစ်ရပ် ဖြစ်ပါသည်။ မိဘတို့မည်သည်
သားသမီးတို့အပေါ်၌ ထာဝရစုန်ရေအဖြစ်သာ
စီးဆင်းလျက်ရှိသည့် မေတ္တာစမ်းချောင်း
ရေအလျဉ်ဟုဆိုသော်မှ ပြည့်ဝစုံလင်သော အဓိပ္ပာယ်ဖွင့်ဆိုချက်ဟု
မထင်မြင်မိသေးပါ။ အမိအဖတို့၏ မြင့်မြတ်လှစွာသော မေတ္တာတရား၏ အထုအထည်ကို
ပုံဆောင်ခိုင်းနှိုင်းဖွယ်တို့မှာ ကျွန်တော်တို့လူသားဝန်းကျင်၌
များပြားလွန်းလှပေသည်။
ကျွန်တော်တို့ ငယ်နုစဉ်က ဆရာကြီးဦးသုခ၏
‘စကားပြောသော အသည်းနှလုံး’ ဇာတ်ကားထဲမှ ထိုဇာတ်ကလေးတစ်ခု၌
သားဖြစ်သူမှိုင်တွေလျက်ရှိသည်ကို မြင်ရ၍ မိခင်ဖြစ်သူက မေးမြန်းခဲ့ရာ
သားရဲ့ချစ်သူက မွေးမိခင်၏ အသည်းနှလုံးကို ယူငင်ပေးရန် တောင်းခံသဖြင့်
မိခင်အားမပြောရက်၍ မှိုင်တွေနေရပါကြောင်း ပြောပြခဲ့ရာ မိခင်ဖြစ်သူမှ
သား၏ရင်တွင်းအပူကို မကြည့်ရက်နိုင်စွာဖြင့် သူ၏အသည်းနှလုံးကို
လှီးထုတ်ပေးခဲ့သည့်ဖြစ်ရပ်မှာ မိဘတို့၏ သားသမီးအပေါ် ထားအပ်သော မိဘမေတ္တာ
အနက်အရှိုင်းကို သိသာနိုင်လောက်ပါသည်။ ပြောရမည်ဆိုပါက
ဗိမ္ဗိသာရမင်းကြီး၏သားတော် အဇာတသတ်အပေါ် ထားရှိခဲ့သည့် မိဘမေတ္တာ၊
သားငယ်၏အသက်ကို ပြန်လည်ရှင်သန်စေလိုသည့်ဇောဖြင့် လူမသေဖူးသေးသောအိမ်ကို
လိုက်လံရှာဖွေခဲ့သည့် သားဇောဖြင့် ရူးနေရရှာသည့် မိခင်အရူးမကြီး ‘ပဋာစာရီ’
တို့၏ ဖြစ်ရပ်မှန် မိဘမေတ္တာ သက်သေသာဓကများ။
မိဘတို့မည်သည်
သားသမီးများအပေါ် မျှော်လင့်ချက်တစ်စုံတစ်ရာဖြင့် ကျွေးမွေးခဲ့၊ ပြုစုခဲ့၊
ပဲ့ပြင်သွန်သင်ခဲ့ကြသည် မဟုတ်ပါ။ သို့သော်လည်း သားသမီးတို့အနေဖြင့်
ကျွေးမွေးစောင့်ရှောက်ခဲ့ကြသည့် မိဘတို့အပေါ် ကျေးဇူးတုံ့ပြန်
ပေးဆပ်ကြဖို့ဆိုသည်မှာ လူ့ဘောင်လောက၏ အလှတရား ယဉ်ကျေးမှုတစ်ရပ် မည်ပါသည်။
ထိုကျေးဇူးတရားအပေါ်၌ အကျည်းတန် အရုပ်ဆိုးစေမည့်
ကျေးဇူးကန်းလုပ်ရပ်များဖြင့် မတုံ့ပြန်မိဖို့တော့ လိုအပ်ပါမည်။ သည်တော့
သားသမီးတို့ဘက်မှ ရေဆန်ပြန်လည်၍ မဆန်တက်နိုင်သော်မှ ‘ကျေးဇူးမဆပ်လိုက နေပါ၊
ကျေးမစွပ်ပါနှင့်’ ဟုဆိုရလောက်အောင် အကျည်းတန်အရုပ်ဆိုး အဖြစ်မျိုးများသည်
ကနေ့လူ့ဝန်းကျင်၌ အမှိုက်များသဖွယ် တောထတောက်လောင် နေကြပေသည်။ သတင်းစာ၊
ဂျာနယ် စာမျက်နှာများပေါ် ပျံသန်းလျက်ရှိသည့်ဖြစ်ရပ်များက ကြောက်ခမန်းလိလိ။
အရက်ဖိုးတောင်း၍ မပေးသဖြင့် မိခင်အားသားဖြစ်သူက ဓားဖြင့်ခုတ်သတ်သည့်သတင်း၊
သမီးဖြစ်သူက မိခင်ကြီးအား ပုဆိန်ဖြင့်ခုတ်သတ်သည့်သတင်း စသဖြင့်
ရက်စက်မှုအပေါင်း သရဖူဆောင်းနေကြပုံများက မကြားဝံ့မနာသာ။ သည်ထက်
အဆပေါင်းများစွာ ရင်နာစရာ သတင်းတစ်ပုဒ်တွင် အရွယ်လွန်အဘွားအိုတစ်ဦးအား
ဘုရားစောင်းတန်းအနီးတွင် စွန့်ပစ်ထားရစ်ခဲ့သည့်ဖြစ်ရပ်။
မတွေးရက်
မထင်ရက်စရာများ လူ့ဝန်းကျင်တစ်ခွင်၌ ငရဲပန်းအသွင် မြင်ရတွေ့ရ
ဖတ်ရှုရသူရင်တွင်း အပူရောင်မြားတွေ အစင်းစင်းပစ်သွင်းလျက် ရှိနေကြသည်။
သည်ကနေ့ ယဉ်ကျေးလှပါသည်။ ချစ်မက်ဖွယ် ဓလေ့စရိုက်တို့ဖြင့်
မျက်နှာပွင့်အောင် ပန်းဆင်နေကြသည့် ရွှေမြန်မာတို့၏ ရပ်ဝန်း၌
‘နံ့သာချိုများတို့အလယ်မှ မစင်တစ်စက်’ သဖွယ် ရှက်စရာကောင်းလွန်းပါဘိ။
‘ငါက ဒီခုတင်ပေါ်မှာ ငါ့အဖော်က ဟောဟိုနံရံပေါ်က ကျွတ်ကျွတ်မြည်နေတဲ့
အိမ်မြှောင်ကလေး ဟိုအခန်းထောင့်က ကြွက်ကလေးတစ်ကောင်က တကျွီကျွီနဲ့သည်
အသံကြားပြန်တော့ ငါ့အဖော်တစ်ယောက် တိုးပြန်ပြီပေါ့။ မနက်မိုးလင်းလာရင်
အိမ်ဖော်မိန်းကလေးလာတယ်။ အဘိုး ဘာစားမလဲ လာမေးနေကျ။ မကြာခင်
သူထမင်းလာပို့မယ်။ နေ့စဉ်နေ့တိုင်းပါပဲ။ ငါမွေးခဲ့တာ သားသမီး ဘယ်နှယောက်လဲ။
ငါမသိတော့ဘူး။ သူတို့ ဘယ်ရောက်နေပြီလဲမသိ၊ ငါဘယ်သူလဲ။ ငါဟာ ဘာကြောင့်လဲ၊
ဘာအပြစ်ရှိလို့လဲ။ ဒီမှာ တစ်ယောက်တည်း နေနေရတာ’
သည်စာသားကလေးများမှာ
အထီးကျန် ဖခင်အိုတစ်ဦး၏ အပစ်ပယ်ခံဘ၀ထဲမှ ပွင့်အန်ထွက်ပေါ်လာသည့်
ရှိုက်နင့်ဖွယ် ခံစားချက်များ။ ရင်နှစ်သည်းချာ သားသမီးသုံးဦးရှိခဲ့ပြီး
အဝေးရောက်လူသားများ။ ဖခင်အိုကြီးတစ်ဦးတည်း အမိမြေ၌ ထားရစ်ခဲ့ကြပြီး
အစောင့်အရှောက်အဖြစ် အိမ်ဖော်မိန်းကလေးတစ်ဦးနှင့် မေ့မေ့လျော့လျော့။
သည်တွင် ဖခင်အိုကြီးခမျာ အားငယ်ရွံ့စိုးလျက်ဖြင့် စောစောက ဖတ်ရှုခဲ့ရသည့်
အထီးကျန် ဖွင့်ဟချက်များဖြင့် နှလုံးသားရှိသူများအဖို့ ထိရှဖွယ်များဖြင့်။
ငယ်စဉ်ကတော့သည် ဖခင်အိုကြီးပင် ရင်တွင်းသားသမီးတို့အပေါ် လိုအပ်သည်
မရှိရလေအောင် အစစပြုစုခဲ့၊ ပျိုးစိုက်ခဲ့၊ မြေတောင်မြှောက်ခဲ့၊
ပေါင်းသင်မြေဆွခဲ့ဖြင့် တာဝန်မလစ်ဟင်းစေခဲ့သူ။ ယခုသော် အဘယ်သို့သော
ဝဋ်ကြွေးခြင်းရာများကြောင့် သည်သို့သည်နှယ် တစ်ဦးတည်း အထီးကျန်ဆန်ခဲ့ရ။
အတိတ်ဘ၀များဆီက ၀ဋ်ကြွေးပင်လေလား။ ကျေးဇူးမဲ့တတ်သူ ရင်သွေးများကိုမှ
ရွေးချယ်မွေးမြူခဲ့သည်တော့လည်း မဖြစ်တန်ရာပါ။ အကြောင်းကြောင့်
အကျိုးဖြစ်ပေါ်ရခြင်းမျှသာပင်ဟူ၍ နှလုံးသွင်းခဲ့သော် ပစ်ပယ်အဝေးပြေးထွက်သူ
ရင်သွေးများလည်း အပြစ်ဆိုဖွယ်များမှ ကင်းလွတ်လေမည်လား။
ဆောင်းနှောင်းတစ်ရက်ဆီက မိတ်ဆွေအယ်ဒီတာထံမှ ကဗျာစာရွက်လေးတစ်ရွက် ရခဲ့သည်။
ကဗျာခေါင်းစဉ်က ‘ငါအိုသွားသောအခါ’ ငါအိုသွားသောအခါ၊ ငါဟာ အရင်ကငါ
မဟုတ်တော့ဘူး။ ငါ့ကိုနားလည်ပေးပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
ချည့်ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊
ဖိနပ်စည်းကြိုးတွေချည်ဖို့ မေ့သွားတဲ့အခါ ငါ့ကိုမရွံပါနဲ့။ ငယ်ငယ်တုန်းက
ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြု၍ သတိရပေးပါ။ မလှုပ်ရှားနိုင်လို့
ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းက
ချော့တစ်ခါခြောက်တစ်ခါ ရေချိုးပေးခဲ့တဲ့ ပုံရိပ်ကလေးကို မြင်ယောင်ပေးပါ။
စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့
လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးပါ။ လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း
လမ်းလျှောက်ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြု၍ သတိရပေးပါ။ ငါ့ဘဝ
နောက်ဆုံးအချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမြမှုတွေကို
ငါပြုံးပြုံးလေး လက်ခံမှာပါ။ ဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ
တွေ့ရမှာပါ။’ ကဗျာရဲ့ တစ်ပိုင်းတစ်စမျှသာပါ။ ဆိုလိုချင်တာကို
တွေ့ထိခံစားရတဲ့ အခါမှာတော့ လူအိုလူမင်းတစ်ယောက်ရဲ့ ဘ၀နေ၀င်ချိန်
ခံစားချက်တွေ ကူးစက်ခံစားရပြီး ထိထိရှရှ ဖြစ်ရပေသည်။ သူပြောနေပုံ လေသံကလေးက
ဖျော့ဖျော့မှိန်မှိန် ရှိလှသည်။ ငယ်စဉ်ဘ၀ ရောင်စဉ်တန်းများဖြင့်
တလျှမ်းလျှမ်း လက်ပချိန်များနှင့်တော့ မတူကွဲပြားရှိလှသည်။
ဟိုစဉ်ကာလများဆီကတော့ အကောင်းဆုံးဆိုသည့် အရာများဖြင့် ရင်သွေးတို့အတွက်
ပညာရေးဆိုလည်း အကောင်းဆုံးဆိုသည့်ကျောင်း အမြင့်ဆုံးသော
လူနေမှုအဆင့်အတန်းတို့ဖြင့် မျက်နှာပန်းတွေ ဘယ်လိုပင် ပွင့်ခဲ့လန်းခဲ့
လျစ်လျူရှုတတ်ပြီး တစ်ကိုယ်ကောင်းဆန်သော သားသမီးမျိုးနှင့် ရေစက်ဆုံရသော
မိဘမျိုးတွေ အနေနှင့်တော့သည် ကဗျာလေးက ထင်ဟပ်ပြသပြီး သက်ရွယ်အိုမိဘများ၏
ဘ၀နေ၀င်ချိန်က မချိစရာတွေ များလွန်းပေသည်။
လက်ရှိအချိန်သည်သာ
အကောင်းဆုံးဟု ဆိုကြပေသည်။ မီရာအချိန်ကာလမှ စတင်၍ ကျွန်တော်တို့အားလုံး
အကောင်းဆုံးပုံဖော် ပျံသန်းကြဖို့ပဲ ရှိပါတယ်။ အရွယ်သုံးပါးစလုံးက
ကိုယ်ရောက်ရှိရာရပ်ဝန်းမှ စတင်၍ ကျွန်တော်တို့အားလုံး
ကိုယ့်တာကိုယ်လုံခြုံအောင် တာဝန်ယူကြဖို့ပင်။ မိဘသည်လည်း မိဘအလျောက်
သားသမီးလည်း သားသမီးအလိုက် ကိုယ့်စည်းကိုယ့်တာ လုံခြုံပျော်ပိုက်
ကြသည်ဆိုလျှင် စိုးရိမ်ကြောင့်ကြမှုတို့ဖြင့် နောက်ကျစရာလိုမည် မဟုတ်ပါ။
သည်အခါ သားသမီးတို့ဘက်မှလည်း လူအိုလူမင်းများအား ထည့်၍စွန့်ပစ်စရာခြင်း
တောင်းများကြိုတင်ရက်လုပ်နေကြတော့မည် မထင်ပါ။ မိဘတို့အပေါ် တာဝန်ကျေ
ချစ်မြတ်နိုးတတ်သည့် သားကောင်းသမီးမွန်များဖြင့် လောကမျက်နှာစာကို
တင့်တယ်စေလျက် မိဘတို့အပေါ် လျစ်လျူပြု ဂရုမထားတတ်သည့် အကျည်းတန်
သားဆိုးသမီးဆိုးများလည်း ဆွံ့ရှားသွားမည်ဖြစ်ပေသည်။
ငါ...အိုသွားသောအခါဆိုသည့် ကဗျာမျိုးလည်း ပျောက်ရှလွင့်ပါးလျက်၊ မိဘနှင့်
သားသမီးတို့၏ ၅၂၈ မေတ္တာရိပ်မြုံသည်လည်း အေးမြသောစမ်းချောင်းရေ၊ မွှေးလှသော
ပန်းပေါင်းလှေထုံရနံ့တို့ဖြင့် ထာဝရ သင်းပျံ့ရှင်းသန့်နေတော့မည်မှာ
အသေအချာပါပေ။
Credit - Eleven Media Group
No comments:
Post a Comment