အသွင်ကူးပြောင်းမှု အနုပညာ (The Art of Transition)
အာဏာရှင်စနစ်၊ ဗဟိုဦးစီးစနစ်၊ တံခါးပိတ်စနစ် စသည်တို့မှ လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် နိုင်ငံများ၏ မူလဗီဇ၊ စီးပွားရေး အဆင့်အတန်း၊ ပညာရေးရေချိန်၊ အင်စတီကျူးရှင်း အတိုင်းအဆ စသည်တို့အပေါ် မူတည်၍ တုံ့ပြန်မှုအမျိုးမျိုး ကြုံတွေ့ရလေ့ ရှိသည်။ ဤသို့သော အသွင်ကူးပြောင်းရေးတွင် အဆင့်သင့် မဖြစ်သေးဘဲ ရင်ဆိုင်လိုက်ရသည်မှာ Cultural Shock ဟု ခေါ်သည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။ “ယဉ်ကျေးမှုရှော့ခ်” ဟု ဆိုသော်လည်း အရပ်ရပ်နယ်ပယ်စုံတွင် ကြုံတွေ့ရသော ရှော့ခ်ကို ဆိုလိုခြင်း ဖြစ်သည်။
ဥပမာအားဖြင့် စီမံကိန်း စီးပွားရေးစနစ်တွင် လက်သင့်ရာ စားတော်ခေါ်ခဲ့သော လုပ်ငန်းရှင်များမှာ ဈေးကွက်ယန္တရား မြေညီကွင်းတွင် လွတ်လပ်စွာ ယှဉ်ပြိုင်ရမည့် စီးပွားရေးစနစ်ကို ကြုံတွေ့ရခြင်း၊ အဆိုပါ ယှဉ်ပြိုင်မှုတွင် နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးများ ပါဝင်လာသောအခါ မည်သို့ ရင်ဆိုင်ယှဉ်ပြိုင်ရမည်ကို မသိတတ်တော့ဘဲ အကျိုးစီးပွား ကာကွယ်မှုများကို အားကိုးတကြီး ပြုတတ်ခြင်း၊ ဈေးကွက်ကို လက်ဝါးကြီး အုပ်ထားခဲ့သော ဝေစုများအစား နိုင်ငံတကာ ကုန်ပစ္စည်းများ အလုံးအရင်းဖြင့် ဝင်ရောက်လာခြင်း၊ လွတ်လပ်စွာ ရေးသားပြောဆိုမှုတို့ ပွင့်လင်းလာသည်နှင့်အမျှ အတွင်းကြိတ် ခြေပုန်းခုတ်မှုများဖြင့် ကျင်လည်ခဲ့သော လည်ပတ်မှုများ အလန့်တကြား ဖြစ်သွားရခြင်း၊ အပြန်အလှန် ထိန်းကျောင်းမှုများ ထွက်ပေါ်လာသောအခါ စောင့်ကြည့်ခြင်းမှ ကင်းလွတ်ရပါလို၏ ဟူသော ဆုတောင်းများ ပျက်ပြယ်သွားရခြင်း၊ တစ်သွေးတစ်သံတစ်မိန့်တို့ နေရာတွင် “ဥပဒေနှင့်အညီ” ဟူသော စကားရပ်များ အစားထိုး ဝင်ရောက်လာခြင်း၊ နိုင်ငံရေး ပင်မရေစီးကြောင်း ပြောင်းလဲသွားချိန်တွင် ကျွမ်းကျင်ရာ လိမ္မာခဲ့သော ဓလေ့ဟောင်းများ သဟဇာတ မဖြစ်တော့ခြင်း စသည့် ဖြစ်ရပ်များ ဖြစ်သည်။
ရှော့ခ်ဝင်သွားရသည်မှာ နယ်ပယ်တစ်ခုတည်း၊ လူတန်းစား တစ်လွှာတည်းတွင် မဟုတ်ဘဲ အရပ်ရပ် နယ်ပယ်စုံသို့ ပြိုင်တူသက်ရောက်မှု ရှိကြသည်မှာလည်း ဓမ္မတာပင် ဖြစ်သည်။ ယင်းတို့အားလုံးကို အသွင်ကူးပြောင်းရေး ကျမ်းရှင်တို့က Cultural Shock ဟု တင်စားခေါ်တွင်လေ့ ရှိကြသည်။ ဆိုခဲ့ပါရှော့ခ်သည် မူလအထိုင်၊ မူလအခွင့်အရေး၊ မူလအကျိုးစီးပွား၊ မူလအခွင့်အာဏာများကို လှုပ်ယမ်းလိုက်သကဲ့သို့ ဖြစ်လာခဲ့ပြီး တည်တည်ငြိမ်ငြိမ် ရှင်သန်ရပ်တည်နိုင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းကြကုန်၏။ ဤသည်မှာ အသွင်ကူးပြောင်းရေးကို ဒုတ်ဒုတ်ထိ တွေ့ကြုံလိုက်ရချိန်၌ အချိန်မီ ဟန်မပျက် ဟန်ချက် ထိန်းသိမ်းနိုင်ရေးအတွက် ဖြစ်ပေါ်လာသည့် မေးခွန်းမှာ Capacity ဟူ၍ ဖြစ်လာခဲ့သည်။ ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေး လေ့လာသူတို့က ဒီမိုကရေစီ မကူးပြောင်းမီ တင်ကူးဖြည့်ဆည်းထားရမည့် လိုအပ်ချက်များကို ရွေးထုတ်ချပြထားသည်များ ရှိနေသော်လည်း ကြိုတင်ဖြည့်ဆည်းခြင်း မရှိဘဲ ကူးပြောင်းရသည့် နိုင်ငံများအဖို့ အသွင်ကူးပြောင်းရေးကို Capacity Building နှင့်အတူတူ လျှောက်လှမ်းခဲ့ကြရသည် များလည်း ရှိခဲ့ကြသည်။
ထို့ကြောင့်လည်း “အသွင်ကူးပြောင်းမှု အနုပညာ The Art of Transition” ဟု ဆိုကြခြင်း ဖြစ်သည်။ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ ပန်းတိုင်ကို ထပ်တူထပ်မျှ အတည်ပြုနိုင်ခဲ့ကြပြီး အရှိန်အဟုန်ဖြင့် ချီတက်ကြခြင်း၌မူကား ပုံသေသဘော မရှိနိုင်သလို၊ ပုံတူကူးသဘောဖြင့်လည်း အောင်မြင်နိုင်မည် မဟုတ်ပါ။ အသွင်ကူးပြောင်းမှု အောင်မြင်ရေးအတွက် မော်ဒယ်လ်၊ နမူနာ အမျိုးမျိုးအဖုံဖုံ ရှိနေကြသော်လည်း သက်ဆိုင်ရာနိုင်ငံ၏ ဓလေ့၊ ဗီဇ၊ သမူဟကို အခြေခံ၍ သင့်တင့်လျောက်ပတ်သော မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်ဆောင်ရွက်နိုင်ရေးမှာ အထူးပင် အရေးကြီးလှပေသည်။
စေ့စပ်ညှိနှိုင်းမှု အနုပညာ (The Art of Engagement)
ဒီမိုကရေစီ ခိုင်မာရင့်သန်သည့် အဆင့်သို့ မရောက်မချင်း ခိုင်မာသည့်အဆင့် မရောက်သေးဟူ၍ သတိပြုကြရန်လိုသည်။ အသွင်ကူးပြောင်းရေးကို ကြည့်မြင်ရာတွင် စံနှုန်းအပြည့် အညွှန်းကိန်းများဖြင့် ထပ်တူပြု၍ မရနိုင်သလို ပါဝင်သော နိုင်ငံရေးခေါင်းဆောင်များ၏ အမြော်အမြင်နှင့် နိုင်ငံရေး ခန္တီပါရမီတို့က အဓိကကျနေသည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လျှောက်လှမ်းရာ၌ မည်မျှ အောင်မြင်ခဲ့သည်၊ မည်မျှကူးပြောင်းနိုင်ခဲ့သည် စသည်တို့နှင့် စပ်လျဉ်း၍ ဝိဝါဒ အမျိုးမျိုး ကွဲပြားနေမည် ဖြစ်သော်လည်း မှန်ကန်သော အချက်တစ်ချက်မှာ ၂၀၁၀ ရွေးကောက်ပွဲအလွန် ကာလများမှ အစပြုခဲ့သော မြန်မာ့ ဒီမိုကရက်တိုက်ဇေးရှင်းသည် ယနေ့တိုင် အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်တွင် ရှိနေဆဲဖြစ်သည် ဟူသော အချက်ဖြစ်ပေသည်။
အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံဟူသော ဗဟိုဦးစီးရှုမြင်ချက်များ ပြောင်းလဲလာခဲ့ပြီ ဖြစ်သည့် ယနေ့ခေတ်တွင် ပြည်သူလူထုသည် မဏ္ဍိုင်ကြီးသုံးရပ်စလုံးကို မေးခွန်းထုတ်လာနိုင်ပြီ ဖြစ်သည်။ လူမှုအဖွဲ့အစည်းများတွင် ရစ်ပတ်လွှမ်းခြုံထားသော အကြောက်တရားဟူသည် ယနေ့ခေတ်တွင် ဥပဒေစိုးမိုးရေးနှင့် အစားထိုး လဲလှယ်လာခဲ့ပြီ ဖြစ်သည်။ Political Space ဟူသော နိုင်ငံရေး အကွက်အကွင်းတို့ ပွင့်လာသည့်အပေါ် အခြေပြု၍ ရှေ့သို့တိုး၍ တက်လှမ်းလာနိုင်ပြီ ဖြစ်သော ပြည်သူတို့၏ ခြေလှမ်းများကိုလည်း မြင်တွေ့နေရပြီ ဖြစ်သည်။ ယခင် နှစ်ပေါင်းများစွာက မေးခွန်းထုတ်ခြင်း အလျှင်းမရှိခဲ့သော တပ်မတော်သည်ပင်လျှင် လူထု၏ မေးခွန်းထုတ်မှုများကို ကြည်ဖြူစွာဖြင့် တုံ့ပြန်ဖြေရှင်း ရှင်းလင်းခြင်းများ ပြုလာခဲ့ပြီ ဖြစ်သည်။ မည်မျှရွေ့ခဲ့သနည်း ဟူသော အချက်နှင့် ပတ်သက်လျှင်မူ တိုင်းတာသော စံနှုန်း၊ ပေတံများပေါ် မူတည်၍ နည်းနည်းရွေ့၊ များများရွေ့၊ အရွေ့မရှိ စသည်အားဖြင့် သတ်မှတ်ချက်အမျိုးမျိုး ဖြစ်ပေါ်လာမည်ကား ဓမ္မတာပင်။
ဆိုရလျှင် အသွင်ကူးပြောင်းရေးကို “အသွင်ကူးပြောင်းရေး” ဟု ရှုမြင်လက်ခံနိုင်မှသာ စံနှုန်းများဖြင့် စီခြယ်အပ်သော တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီကို တဖြည်းဖြည်းချင်း ချဉ်းကပ်နိုင်ပေလိမ့်မည်။ သို့သော် ရှင်းမှကြိုက်သည်၊ ပြတ်မှရှင်းသည်ဟု ဆိုကြသူများအတွက် မပြီးဆုံးနိုင်သေးသော တော်လှန်ရေး ခံယူချက်ကြောင့် အဖြူ-အမည်း အုပ်စုခွဲခြင်းများဖြင့် ရင်ကြားမစေ့နိုင် ဖြစ်ရပေလိမ့်မည်။ ဤသို့ စစ်မက်ခုံမင်သော၊ စစ်ဓလေ့ကဲသော၊ စစ်ဘုရင်ဝါဒဖြင့် မြို့ပြနိုင်ငံများစွာ ဖြတ်သန်းခဲ့သော မြန်မာနိုင်ငံ၏ နိုင်ငံရေးယဉ်ကျေးမှုသည် အုပ်စုပွဲ၊ ထိပ်တိုက်စိန်ခေါ်ပွဲ၊ အလဲထိုးပွဲများဖြင့် ဆင်ယင်ထားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း နိုင်ငံတော်သမ္မတကြီး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးခေါင်းဆောင်များ အားလုံးတို့သည် ပြည်သူလူထု၏ ဘုံအကျိုးစီးပွားကို ရှေးရှု၍ “မတူတာ ခွဲလုပ်၊ တူတာ တွဲလုပ်” ဟူသော နိုင်ငံရေး စိတ်စေတနာတို့ဖြင့် ပြိုင်တူတွန်းခဲ့သောကြောင့် စစ်ဓလေ့ကဲသော နိုင်ငံရေးယဉ်ကျေးမှု အဟောင်းမှ တဖြည်းဖြည်းချင်း ရုန်းထွက်နိုင်လာခဲ့သည်ဟုဆိုက မမှားပေ။ လျှောက်ခဲ့ပြီးသော အရွေ့ကိုမူ အကျိုးစီးပွားဖြင့် လျှောက်လှမ်းခဲ့သည်မှာ သမိုင်းဝင်ခဲ့ပြီ ဖြစ်သည်။ ခွဲလုပ်ရန် ချန်လှပ်ထားခဲ့သော “မတူကွဲပြားမှုများကို ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းသော နိုင်ငံရေးယဉ်ကျေးမှုအသစ်” ဖြင့် ဆက်လက်လျှောက်လှမ်းရန် အချိန်တန်နေပြီ ဖြစ်သည်။ ဤသည်ပင် သန်း ၅၀ ကျော်ကို ဗဟိုပြုသော စေ့စပ်ညှိနှိုင်းမှု အနုပညာ ဖြစ်ပါလိမ့်မည်။
၂၀၁၅ အလွန် စိန်ခေါ်မှုသုံးရပ်
၂၀၁၅ မတိုင်မီနှင့် ၂၀၁၅ အလွန်ကာလများသို့ မျှော်မှန်းကြည့်လျှင် မြန်မာနိုင်ငံ လျှောက်သောလမ်း၌ အုံ့မှိုင်းနေသည့် အဓိကစိန်ခေါ်မှု သုံးရပ် ရှိနေသည်။
(၁) အမျိုးသား ပြန်လည်ပေါင်းစည်း ညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို မည်သို့ ဆောင်ကြဉ်းကြမည်နည်း၊
(၂) ပြည်သူများ မျှော်လင့်လျက်ရှိသော လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို မည်သို့မည်ပုံ စွမ်းဆောင် တည်ဆောက်ကြမည်နည်း၊
(၃) လက်ရှိ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှ ဒီမိုကရေစီ အခြေတည်ခိုင်မာသည့် အဆင့်သို့ မည်သို့မည်ပုံ လျှောက်လှမ်းကြမည်နည်း၊
ဤစိန်ခေါ်မှု သုံးရပ်အနက် ဘယ်သင်းက အရေးကြီးသည်ကို လက်ရှိ နိုင်ငံရေးခေါင်းဆောင်များ မျက်မှောက်ပြုနိုင်ခဲ့ကြပြီ ဆိုလျှင် သန်း ၅၀ ကျော်အတွက် အနိုင်ပွဲရရှိမည် ဖြစ်သည်။
မျှော်မှန်းချက်-၂၀၂၀
အိန္ဒိယနိုင်ငံတွင် သမ္မတကြီး အေပီဂျေ အဗ္ဗဒူလာခန်းဆိုလျှင် ကလေးကအစ သိရှိထားကြပြီး သမိုင်းတွင်ရစ်သည့် အိန္ဒိယနိုင်ငံ၏ အနာဂတ်ပန်းတိုင်ကို သတ်မှတ်ခဲ့သော (၁၁) ဦးမြောက် အိန္ဒိယသမ္မတကြီး ဖြစ်သည်။ သမ္မတကြီးခန်းသည် သိပ္ပံနှင့် နည်းပညာရှင်တစ်ဦး ဖြစ်သလို အိန္ဒိယ၏ မောင်းနှင်အား ဖြစ်လာမည့် ကလေးသူငယ်များနှင့် အမြဲမပြတ် ရင်းရင်းနှီးနှီး ထိတွေ့ဆက်ဆံလေ့ ရှိသူလည်း ဖြစ်သည်။ လူငယ်များနှင့် နေ့လယ်စာ စားပွဲများကျင်းပပြီး လူငယ်များကို စိတ်ဓာတ်နှင့် ခံယူချက် တက်ကြွထက်သန်လာစေရန် အစဉ်တစိုက် လှုံ့ဆော်ခဲ့သူလည်း ဖြစ်သည်။ တစ်ခါသော် သမ္မတကြီးခန်းသည် စာသင်ကျောင်းတစ်ကျောင်းသို့ သွားရောက်စဉ် ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး ကလေးများ၏ အနာဂတ်အိပ်မက်များအကြောင်း မေးမြန်းခဲ့လေသည်။ ကလေးငယ်များကလည်း သမ္မတကြီးကဲ့သို့ သိပ္ပံပညာရှင် ဖြစ်ချင်သည်၊ သမ္မတ ဖြစ်ချင်သည်၊ ဆရာဝန်ကြီး ဖြစ်ချင်သည်၊ အိုင်တီပညာရှင် ဖြစ်ချင်သည်၊ တာတာသူဌေးကြီး ဖြစ်ချင်သည် စသည်အားဖြင့် ငယ်အိပ်မက်များကို ဝမ်းသာအားရ ပြောပြခဲ့ကြသည်။ ကလေးချစ်သော အိန္ဒိယသမ္မတကြီးကို ကလေးများက အကြောက်အလန့်မရှိ ဖြစ်ချင်စိတ်များကို အလုအယက် ထုတ်ဖော် ပြောကြားခဲ့ကြသည်။
ထိုအချိန်တွင် သမ္မတကြီးခန်းသည် နောက်တန်းအစွန် ချောင်ကျကျ စာသင်ခုံတွင် တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေသော ကျောင်းသူလေးတစ်ဦးက မည်သည့်စကားမှ မဆိုဘဲ ဆိတ်ဆိတ်ငြိမ်နေသည်ကို သတိထားမိခဲ့ပြီး အဆိုပါ ကျောင်းသူလေးကို “ကဲ…သူများတွေလည်း အသီးသီး ပြောနေကြပြီ။ ကြီးလာရင် ဘာလုပ်မယ်၊ ဘာဖြစ်ချင်တယ် ဆိုတာကို။ သမီးလေးကရော ဘာဖြစ်ချင်သလဲ” ဟု မေးမြန်းခဲ့သည်။ ယင်းကျောင်းသူလေး၏ မဝံ့မရဲ လေးလေးပင်ပင် ဖြေကြားလိုက်သော အဖြေစကားသည် သမ္မတကြီး၏ရင်သို့ အရှိန်ပြင်းပြင်း ရိုက်ခတ်သွားစေခဲ့သည်။ အဆိုပါ ကျောင်းသူကလေး၏ အဖြေစကားမှာ “ကျွန်မတို့ အိန္ဒိယနိုင်ငံကြီးကို အမေရိကန်နိုင်ငံလို ဖြစ်ချင်တယ်” ... ဟူ၍ပင် ဖြစ်သည်။
ပြုံးရွှင်နေခဲ့သော သမ္မတကြီး၏ မျက်နှာပေါ်တွင် ခံစားမှုအမျိုးမျိုး ယှက်သန်းသွားခဲ့ရသည်။ သမ္မတကြီး၏ရင်ကို ကိုင်လှုပ်လိုက်သော အိန္ဒိယ စာသင်ကျောင်းကလေးမှ ကျောင်းသူလေး၏ အဖြေစကားသည် နက်ရှိုင်းသော အိပ်မက်များကို ကိုယ်စားပြုနေပါ၏။ စာသင်ကျောင်းမှ အပြန်လမ်းတစ်လျှောက် သမ္မတကြီးခန်း၏ နားထဲတွင် “ကျွန်မတို့ အိန္ဒိယနိုင်ငံကြီးကို အမေရိကန်နိုင်ငံလို ဖြစ်ချင်တယ်” ဟူသော စကားများက ပဲ့တင်ရိုက်ခတ်နေခဲ့သည်။ ထိုမှအစတည်၍ သမ္မတကြီးခန်းသည် အဆိုပါ ကျောင်းသူကလေး၏ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ရန် အစဉ်တစိုက် နေ့ရောညပါ ကြိုးပမ်းခဲ့သည်။ ယင်းအိပ်မက်သည် အိန္ဒိယနိုင်ငံသား အားလုံး၏ အိပ်မက်ပင် ဖြစ်ရမည်၊ ယင်းမျှော်မှန်းချက်သည် အိန္ဒိယနိုင်ငံသား အားလုံး၏ မျှော်မှန်းချက်ပင် ဖြစ်ရမည်။ အဆိုပါ အိပ်မက်၊ အဆိုပါ မျှော်မှန်းချက်ကို လက်တွေ့ဖော်ဆောင်ရန် သမ္မတကြီးခန်း ဖော်ဆောင်ခဲ့သော စီမံကိန်းမှာ အိန္ဒိယ မျှော်မှန်းချက်-၂၀၂၀ India Vision-2020 ဟူ၍ ဖြစ်သည်။
သမ္မတကြီးခန်း၏ မျှော်မှန်းချက်-၂၀၂၀ တွင် အဓိက အပိုင်းကြီးသုံးပိုင်း ပါရှိသည်။ ယင်းတို့မှာ (၁) Freedom (၂) Development (၃) Stand Up TO The World ဟူ၍ ဖြစ်သည်။ India 2020: A Vision for the New Millennium အမည်ရှိ စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ ယင်းစာအုပ်တွင် အိန္ဒိယနိုင်ငံ၏ အားနည်းချက်၊ အားသာချက်များကို နက်နက်ရှိုင်းရှိုင်း သုံးသပ်ဝေဖန်ထားသည်။ အိန္ဒိယ လူငယ်အားလုံးသို့လည်း ၂၀၂၀ တွင် အိန္ဒိယနိုင်ငံသည် ဖွံ့ဖြိုးပြီးနိုင်ငံ ကြီးဖြစ်ရမည်ဟူသော ပန်းတိုင်ကို သတ်မှတ်ပေးခဲ့သည်။ “၂၀၂၀ သို့မဟုတ် ၂၀၂၀ မတိုင်ခင်တွင် ဖွံ့ဖြိုးပြီး အိန္ဒိယနိုင်ငံ ဖြစ်လာရေးမှာ အိပ်မက်မဟုတ်ပါ။ ထို့အပြင် မျှော်လင့်ချက်လည်း မဟုတ်ပါ။ ဤသည်မှာ မိမိတို့ အိန္ဒိယနိုင်ငံသားအားလုံး လျှောက်လှမ်းရမည့် ပန်းတိုင်တစ်ခုသာ ဖြစ်ပြီး ဤပန်းတိုင်သို့ ၂၀၂၀ တွင် အရောက်သွားရပါမည်” ဟု သမ္မတကြီး ခန်းက ထုတ်ဖော် ပြောကြားခဲ့သည်။
သမ္မတကြီးခန်း၏ မျှော်မှန်းချက်တွင် ပန်းတိုင်ကိုးရပ် ပါဝင်သည်။ ပန်းတိုင် (၁) မှာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် အမျိုးသားညီညွတ်ရေး ဖြစ်သည်။ ပန်းတိုင် (၂) မှာ စားနပ်ရိက္ခာနှင့် အာဟာရဖူလုံရေး ဖြစ်ပြီး ပန်းတိုင် (၃) မှာ အားလုံးအတွက် အလုပ်အကိုင်၊ ပန်းတိုင် (၄) အသိပညာ (စာတတ်မြောက်မှု၊ ကျောင်နေနှုန်း၊ အသက်မွေးပညာ တတ်မြောက်မှု ၁၀၀ ရာခိုင်နှုန်း ဖြစ်ရမည်ဟု သတ်မှတ်ထားသည်)၊ ပန်းတိုင် (၅) ကျန်းမာရေး၊ ပန်းတိုင် (၆) နည်းပညာနှင့် အခြေခံအဆောက်အဦ၊ ပန်းတိုင် (၇) ဂလိုဘယ်လိုက်ဇေးရှင်း (၂၀၂၀ တွင် အိန္ဒိယ စီးပွားရေးသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် အောင်မြင်စွာ ပေါင်းစည်းနိုင်ရမည်)၊ ပန်းတိုင် (၈) အုပ်ချုပ်မှုကောင်း၊ ပန်းတိုင် (၉) အလုပ်တန်ဖိုး စသည်တို့ ဖြစ်သည်။
ယင်းပန်းတိုင်များ ပြည့်ဝစေရန်အတွက် သမ္မတကြီးခန်းသည် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူ ပညာရှင် ၅၀၀ ပါဝင်သောအဖွဲ့ဖြင့် လေ့လာဆန်းစစ်ပြီးနောက် (၁) လယ်ယာစိုက်ပျိုးရေးနှင့် စားသောက်ကုန် ထုတ်လုပ်ရေး၊ (၂) လျှပ်စစ်စွမ်းအားနှင့် အခြေခံအဆောက်အဦ၊ (၃) ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု၊ (၄) သတင်းဆက်သွယ်မှု နည်းပညာ၊ (၅) အဆင့်မြင့်နည်းပညာနှင့် မဟာဗျူဟာမြောက် စက်မှုလုပ်ငန်းများ (နျူကလီးယား၊ အာကာသ၊ ကာကွယ်ရေး) ကဏ္ဍကြီးငါးရပ်ကို အခြေခံ၍ အိန္ဒိယနိုင်ငံကို ဖွံ့ဖြိုးပြီးနိုင်ငံ ဖြစ်လာစေရန် စီမံကိန်းချမှတ်ခဲ့သည်။ အရေးကြီးဆုံးသော အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် Indian Army Strategic Vision 2020 ကိုလည်း ချမှတ်ခဲ့ကြသည်။ ၂၀၂၀ တွင် အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေးအင်အား မည်သည့်အဆင့်အတန်းသို့ ရောက်ရှိရမည်ဟု ပန်းတိုင် သတ်မှတ်ထားခြင်းလည်း ဖြစ်သည်။
မြန်မာ့မျှော်မှန်းချက်-၂၀၅၀
မန်မာ့နိုင်ငံရေးတွင် ဒိုင်ယာလော့ခ်များစွာ တွေ့မြင်နေရသလို ယင်းဒိုင်ယာလော့ခ်များ၏ ဦးတည်ချက်များမှာလည်း အမျိုးမျိုး အဖုံဖုံ ရှိနေပါ၏။ နိုင်ငံရေးပါတီများကလည်း နိုင်ငံရေးပါတီများ အလျောက် လိုလားချက်များ သတ်မှတ်ထားကြပြီး တိုင်းရင်းသား အဖွဲ့အစည်းများကလည်း တိုင်းရင်းသားများအလျောက် တောင်းဆိုချက်များ ချမှတ်ထားကြပါ၏။ အချို့က စံကိုက်နှုန်းအပြည့် ဒီမိုကရေစီကို လိုလားကြ၏။ အချို့က လူ့အခွင့်အရေး ပြည့်ဝရေးကို ဦးတည်ကြ၏၊ အချို့က အမေရိကန်ပုံစံ အခြေခံဥပဒေမျိုးဖြင့် စခန်းသွားလို၏၊ အချို့က အိန္ဒိယပုံစံ ပါလီမန်ဗဟိုပြုဖြင့် စခန်းသွားလို၏၊ အချို့က အမေရိကန် ဖက်ဒရယ်မျိုး လိုချင်ကြပါ၏။ အချို့က ဆွစ်ဇာလန် ဖက်ဒရေးရှင်းမျိုး လိုချင်ကြပါ၏။
အချို့တစ်နိုင်ငံတည်းတွင် တပ်မတော်များစွာ ထားရှိလိုကြ၏၊ အချို့က တပ်မတော်တစ်ရပ်တည်းသာ ထားရှိလိုကြ၏။ ဂိုဏ်းဂဏ အမျိုးမျိုး ပန်းတိုင်အဖုံဖုံ ဖြစ်နေကြသည်ကို သတိပြုကြစေလိုသည်။ ဤသို့သော ပန်းတိုင်ကွဲပြားမှု အမျိုးမျိုးကြားတွင် တစ်နိုင်ငံလုံး၊ သန်း (၅၀) ကျော်စလုံးအတွက် အားလုံးလွှမ်းခြုံသော “နောင်လာမည့် ၂၀၅၀ တွင် မြန်မာနိုင်ငံ ဘာဖြစ်ရမည်ဟူသော မျှော်မှန်းချက်ကို အေပီဂျေ အဗ္ဗဒူလာခန်းကဲ့သို့ ချမှတ်နိုင်လျှင် မသင့်လော” စဉ်းစားကြရန် ဖြစ်သည်။ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ပြဿနာအတွက်လည်း ၂၀၅၀ တွင် မြန်မာ့တပ်မတော်သည် မည်သည့်တပ်မတော်မျိုး ဖြစ်ရမည်ဟူ၍ မျှော်မှန်းချက် ချမှတ်နိုင်မည်ဆိုလျှင် ဖက်ဒရယ်ကိစ္စလည်း တစ်ပေါင်းတည်း ဖြေရှင်းလိုက်ရာ ရောက်ရှိစေနိုင်သလို အခြေခံဥပဒေ ပြင်ဆင်ရေး အငြင်းပွားမှုများကိုလည်း တစ်ပါတည်း အဖြေရှာရာ ရောက်ရှိစေနိုင်သည်။
နိုင်ငံရေး ဒိုင်ယာလော့ခ်၊ ငြိမ်းချမ်းရေး ဒိုင်ယာလော့ခ်၊ စီးပွားရေး ဒိုင်ယာလော့ခ်၊ အမျိုးသားပညာရေး ဒိုင်ယာလော့ခ် စသည်အားဖြင့် ရေပန်းစားနေသော ဒိုင်ယာလော့ခ် အမျိုးမျိုးတွင် အပေး-အယူလုပ်၊ စေ့စပ်ညှိနှိုင်း၍ ပဋိညာဉ် ရှာပုံတော်ခရီး ထွက်ကြရာ၌ သမ္မတကြီး အဗ္ဗဒူလာခန်းကဲ့သို့ နောက်လာမည့် မျိုးဆက်သစ်များ လက်ထက် အိန္ဒိယနိုင်ငံအတွက် မျှော်မှန်းချက်ပန်းတိုင်ကို သတ်မှတ်ကြမည်ဆိုလျှင် ကြီးကြီးမားမား အငြင်းပွားခြင်းများ အတန်အသင့် လျော့နည်းကျဆင်းမည်ဟု ယူဆရပေသည်။ သို့သော် အဆိုပါ မျှော်မှန်းချက်-၂၀၅၀ သည် တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း အကျိုးစီးပွားထက် ဘုံအကျိုးစီးပွားကို ဦးတည်မည် ဖြစ်၍ ရေတိုအကျိုးမျှော်သူတို့ လက်ခံချင်မှ လက်ခံနိုင်ပေလိမ့်မည်။ အဆိုပါ မျှော်မှန်းချက်သည် နိုင်ငံရေး ပဋိညာဉ်ထက် ခိုင်မာသော ပန်းတိုင်တစ်ရပ် ဖြစ်ပါလိမ့်မည်။ အဆိုပါ မျှော်မှန်းချက်သည် အနာဂတ် မျိုးဆက်သစ် လူငယ်များ လက်ထက်တွင် လက်ရှိ မြန်မာနိုင်ငံ ရောက်ရှိရမည့် စံနှုန်းသတ်မှတ်ချက်ပင် ဖြစ်ပါလိမ့်မည်။ အဆိုပါ မျှော်မှန်းချက်သည် ဂိုဏ်းဂဏအမျိုးမျိုး၊ အဖွဲ့အစည်း အမျိုးမျိုးအတွက် တူညီသော ဘုံမျှော်မှန်းချက် ဖြစ်ပါလိမ့်မည်။
ထိုမျှော်မှန်းချက်ကို မြန်မာ့မျှော်မှန်းချက်-၂၀၅၀ (အမျိုးမျိုးသတ်မှတ်နိုင်) ဟု တူညီစွာ သတ်မှတ်၍ အားလုံး လက်ခံနိုင်မည် ဆိုပါလျှင် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ နိုင်ငံရေးပဋိညာဉ်တို့ထက် မည်သူတစ်ဦး တစ်ယောက်၏ အကျိုးစီးပွားကိုမှ အလေးပေးခြင်း မရှိသည့် သန်း ၅၀ ၏ မျှော်မှန်းချက် ဖြစ်လာပါလိမ့်မည်။ အဓိကအချက်မှာ မိမိ ဘာဖြစ်ချင်သည် ဆိုသည်ထက် ၂၀၅၀ တွင် မိမိနိုင်ငံ (မြန်မာနိုင်ငံ) ကို ဘယ်လိုနိုင်ငံမျိုး ဖြစ်စေချင်သနည်း၊ ၂၀၅၀ တွင် မည်သို့သော နိုင်ငံမျိုး ဖြစ်လာစေရန် တည်ဆောက်လိုပါသနည်း ဟူသော မေးခွန်းကို ဝိုင်းဝန်းဖြေဆိုကြရန်၊ နိုင်ငံရေးခေါင်းဆောင်များ အနေဖြင့် မိမိတို့ အဖြေများကို တိုက်ဆိုင်စစ်ဆေးပြီး အများလက်ခံနိုင်မည့် အဖြေကို ဖော်ထုတ်နိုင်သည့် စေ့စပ်ညှိနှိုင်းမှု အနုပညာကို ကျင့်သုံးကြရန် အချိန်တန်နေပြီ ဖြစ်ပါကြောင်း မီးမောင်းထိုး တင်ပြလိုက်ရပေသည်။
မှူးဇော်
Credit - The Voice
No comments:
Post a Comment