Monday, November 3, 2014

ကျောင်းသားထု အရေးပေါ်အစည်းအဝေး ကျင်းပမည့်နေရာ ပြောင်းမည်

ရန်ကုန်၊ နိုဝင်ဘာ ၂

  နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးပွဲ ကျင်းပရန် စီစဉ်ထားသည့် ရန်ကုန်မြို့တော် မရမ်းကုန်းမြို့နယ်ရှိ ခဝဲခြံမျက်မမြင်ကျောင်း နေရာမှာ မြို့နယ်အုပ်ချုပ်ရေးထံ ခွင့်ပြုချက် တောင်းရမည် ဖြစ်သဖြင့် အစည်းအဝေး ပြုလုပ်မည့်နေရာ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း ယင်းအစည်းအဝေး ဖြစ်မြောက်ရေး ကော်မတီ ပြန်ကြားရေးတာဝန်ခံ ကိုမင်းသူကျော်က The Voice သို့ ပြောကြားသည်။
အောက်တိုဘာလ ၃၁ ရက်နေ့က မရမ်းကုန်မြို့နယ် ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ခဝဲခြံမျက်မမြင်ကျောင်း တာဝန်ရှိသူများကို အစည်းအဝေး ကျင်းပခွင့် ခွင့်ပြုမိန့်တင်ရန် လာရောက်ပြောကြားခဲ့ပြီး မူလသတ်မှတ်ထားသော အစည်းအဝေး
ကျင်းပသော နေရာကိုလည်း နိုဝင်ဘာလကုန်ထိ ရွှေ့ဆိုင်းရန် ပြောကြားခဲ့ကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့ ကျောင်းသားတွေကတော့ ဘာခွင့်ပြုမိန့်မှတင်မှာ မဟုတ်ဘူး။ လုပ်မယ်ဆို လုပ်မှာပဲ။ အခု သူတို့ ပြောသွားသလို တင်ရင်တောင်မှ ၁၂ ရက်နဲ့ ၁၃ ရက် မရဘူးဆိုတော့ ဘာမှမထူးဘူး” ဟု ကိုမင်းသူကျော်က ပြောဆိုသည်။
အစည်းအဝေး ပြောင်းရွှေ့မည့်နေရာကို ရန်ကုန်မြို့တွင်း သတ်မှတ်ထားပြီး နေရာအတိအကျကိုမူ မဆုံးဖြတ်ရသေးကြောင်း ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များထံမှ သိရှိရသည်။
နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးတွင် အမျိုးသားပညာရေးဥပဒေ ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အခက်အခဲများအကြောင်း ဆွေးနွေးရန် လျာထားကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။
“ကျွန်တော်ကတော့ ဒီလို တားဆီးပိတ်ပင်မယ့်အစား သီးသီးသန့်သန့် နေရာတစ်ခုကို သတ်မှတ်ပေးသင့်တယ်။ ကျောင်းသားလှုပ်ရှားမှုဆိုတာ ပိတ်တာ မကောင်းဘူး။ ဒါလည်း နိုင်ငံအရေး တစ်ခုပဲလေ။ သူတို့လည်း ပညာရေးကို စိတ်ပါဝင်စားစွာ လုပ်နေတာဆိုတော့ သူတို့ကိုလည်း နေရာတစ်ခု ပေးစေချင်တယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ် (ယာယီ) အဖွဲ့ဝင် ဒေါက်တာစိုင်းခိုင်မျိုးထွန်းက သုံးသပ်သည်။
ယင်းကဲ့သို့ ကျောင်းသားလှုပ်ရှားမှုများကို တားဆီးမှုကြောင့် ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ကျောင်းသားထုများအကြား နားလည်မှု ပိုမိုလွဲမှားပြီး အပြန်အလှန် တွေ့ဆုံဆွေးနွေးမှု ခက်ခဲနိုင်ကြောင်း ၎င်းက သတိပေး ပြောဆိုသည်။
ကျောင်းသားထု အရေးပေါ်အစည်းအဝေးကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် တက္ကသိုလ် ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဦးဆောင်လုပ်ကိုင်ခြင်း ဖြစ်ပြီး နိုဝင်ဘာလ ၁၂ ရက် နှင့် ၁၃ ရက်နေ့တွင် ကျင်းပမည့် ယင်းအစည်းအဝေးအတွက် နိုင်ငံတစ်ဝန်းမှ ကျောင်းသားကိုယ်စားလှယ် ၅၀၀ နီးပါး ဖိတ်ကြားမည် ဖြစ်ကြောင်း အဆိုပါ သမဂ္ဂများထံမှ သိရှိရသည်။

Credit - The Voice Weekly

No comments:

Post a Comment