Sunday, November 2, 2014

စနစ်ဆိုးရဲ့ အသုံးချခံ သားကောင် (ဆောင်းပါး)

ဆောင်းပါးရှင် - ငြိမ်းချမ်းအေး
--------
  အောက်တိုဘာ ၂၅ ရက်နေ့ က ကွယ်လွန် ခဲ့ရှာတဲ့ ဆရာအောင်သင်း ၁၉၂၇-၂၀၁၄ ရဲ့ ၂၇ ရက်နေ့ ဈာပနမှာဝေတဲ့ မှတ်သားဖွယ် ဆရာ့စကားစုလေးတွေ ဖတ်ရတယ်။ အဲဒီထဲ က ကဗျာတပုဒ်မှာ ဆရာက ဆိုခဲ့တယ်။

လှံကို သို့ထား၊ ဓားကို သို့ငင်၊
သို့ဝင် သို့ထွက်၊ သို့တက် သို့ခွာ၊
စစ်ပညာကို၊ ကြေစွာ တတ်မြောက် ကျွမ်းကျင်လည်း
ပြည်သူ့ နှလုံး၊ မသိမ်းကျုံးသော်
ပြည်သူ့ ခွန်အား၊ မကိုးစားသော်
ဓားသွား ကျိုးကြေ၊ လှံသွားခွေအံ့ ။ ။


ဒီကဗျာလေးဖတ်ရတော့ ငယ်စဉ် ၁၉၉၀ အစောပိုင်းနှစ်များက နားထောင်ခဲ့ရတဲ့ ဟော ပြောပွဲတခုမှာ ဆရာ ပြည်သူချစ်တဲ့တပ်မတော် အကြောင်းထည့်ဆိုဖူးတာ သတိရမိတယ်။ ဆရာက ဖက်ဆစ်တော်လှန်ရေးကြီး ဆင်နွှဲ ချိန်မှာ အသက်နည်းနည်းငယ်သေးတော့ ထဲ ထဲဝင်ဝင် မလှုပ်ရှားခဲ့ရဘူးဆိုတယ်။ လူကြီး တွေ နောက်က အတိုအထွာ ခိုင်းတာ လုပ်ရုံ၊ ဆက်သား လုပ်ဖူးရုံ လောက်ပဲတဲ့။ ဆိုတော့ သူ့အတွက် ဂျပန်တော်လှန်ရေးမှာ တိုက်ပွဲ ဝင်ခဲ့တဲ့ လူထုလူတန်းစား အသီးသီးက တော်လှန်ရေးသမားတွေ၊ တပ်မတော်က ရဲ ဘော်တွေဟာ အားကျစရာ သူရဲကောင်းတွေ ချည်းပဲလို့ ဆိုတယ်။

အဲ့ဒီခေတ်က ပြည်သူနဲ့ ရဲဘော် တစိတ် တဝမ်းတည်း ရှိခဲ့ပုံတွေကိုလည်း ဆရာက တခုတ်တရ ထည့်ပြောခဲ့တယ်။ ပြည်သူအပေါင်း ဟာ တပ်မတော်ကို ရင်နှစ်သည်းချာပမာ လှိုက်လှိုက်လှဲလှဲ ချစ်ခင် ယုံကြည် ကိုးစားမှု ရှိကြပါတယ်တဲ့။ တပ်မတော်ကလည်း ပြည် သူအပေါ် မိရင်းဖရင်းပမာ စောင့်ရှောက် ကူ ညီခဲ့ပါသတဲ့။

မေမြို့စစ်တက္ကသိုလ်မှာလည်း မြန်မာစာ ကထိက လုပ်ခဲ့ဖူးတဲ့ဆရာဟာ သူတို့ စစ်ဗိုလ် လောင်းတွေကို သင်ကြားပေးခဲ့တဲ့ မိဘပြည် သူ အပေါ်မှာ ရေလို၊ လလို ကျင့်ဖို့ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပြည်သူနဲ့ တပ်မတော် မိဘ၊ သားသမီးသဖွယ် အပြန်အလှန် ချစ်ကြည်မှု အရင်းတည်နိုင်ဖို့အရေး ရှေးရှု အတိတ်သမိုင်း ကို ပြန်ခေါ် အလေးအနက် ထည့်သွင်းဩဝါဒ ပေးခဲ့တယ်။

နှောင်းခေတ် လူငယ်အဖို့မှာတော့ သက် ကြီးစကားမို့သာ မှတ်သားနာယူရတယ် ယုံချင် စရာတော့ တကွက်မှမရှိဘူးပေါ့။ ယုတ်စွအ ဆုံး ၁၉၈၈ စစ်တပ် ဒုကြိမ်အာဏာသိမ်းပြီး ရုပ်သံက ဆက်တိုက်လွှင့်လို့ ကြားနေရတဲ့ စစ်ချီတေးတွေလည်း နားယဉ်နေပေမယ့် နား ဝင်ဖို့တော့ ခဲယဉ်းလှတယ်။ ဘာတဲ့ ဒို့ဗိုလ်က ဓားကိုဆွဲလို့ ရှေ့ကတက်ပါသည် တဲ့။ ဆရာအောင်သင်းပြောပြခဲ့တဲ့ ပြည်သူနဲ့ တပ် မတော် အပေးအယူမျှခဲ့စဉ် ပြည်သူ့ တပ်မ တော်ခေတ် သီချင်းဖြစ်တော့ နှောင်းခေတ် အာဏာရှင့် တပ်မတော်ခေတ်နဲ့ကျ ယုတ္တိမဲ့ လှတယ်။

နှောင်းခေတ် လူများမျက်မြင် နေရတာ ကတော့ စစ်တပ်ရှေ့မှာ ပေါ်တာဆွဲခံထိတဲ့ အရပ်သားများ အထုပ်ထမ်းရင်း ထိပ်က မိုင်း ရှင်းရတယ်။ ဒို့ဗိုလ်က ဓားကိုဆွဲလို့ ရှေ့က မတက်ဘဲ နောက်ကနေ လူထုကို သေနတ်နဲ့ ထောက် ခြိမ်းခြောက်ကာ မိုင်းကွင်းတွေ ဖြတ် ခိုင်းတယ်၊ လုပ်အားပေးတွေ ဆင့်တယ်။ လူ မျိုးစုပဋိပက္ခ ဒေသတွေက သန်သန်မာမာ ယောက်ျား၊ မိန်းမနဲ့ ဆယ်ကျော်သက် က လေးအရွယ်ပါမကျန်ဟာ ပေါ်တာသံကို နား စွင့် ကျီးလန့်စာစား အသွားအလာ သတိထား ရတဲ့ ခေတ်ပျက်ကြီးကိုပဲ ဖြတ်သန်းခဲ့ရတယ်။

မြို့ကြီးတွေက လမ်းမတွေပေါ်မှာလည်း ]ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး လို့ ပြည်သူ့ခမျာ ဝမ်း ပန်းတနည်း ဟစ်ကြွေးရင်း စစ်တပ်ရဲ့ ရဟန်း ရှင်လူ ကျောင်းသား လူထုအပေါ် ရက်ရက် စက်စက် ပစ်ခတ်သတ်ဖြတ် ကျူးလွန်နေပုံ များကို ခေတ်အဆက်ဆက် တွေ့ခဲ့ရတယ်။ နိုင်မြန်မာရဲ့ ကိုယ်တော်မှိုင်း ရာဇဝင်တွေ လည်း ရိုင်းခဲ့ရပြီ အဖိုးရေ၊ သခင်အောင်ဆန်း နိုင်ငံတဝှမ်း သွေးစွန်းခဲ့ပြီ အဖရေ ဆိုတဲ့ သွေးမော်ကွန်းကိုသာ နာနာကြည်းကြည်း သီဆိုဖို့ ဖြစ်လာခဲ့ရတယ်။

စစ်အာဏာရှင်စနစ် အမြစ်တွယ်ခဲ့ခြင်း ကြောင့် သမိုင်းဝင် နယ်ချဲ့အင်္ဂလိပ်နဲ့ဖက်ဆစ် ဂျပန် တော်လှန်ရေးကြီးတွေအတွင်း ပြည်သူ ကြားက ပေါက်ဖွားလာခဲ့တဲ့ ပြည်ချစ်သား ဇာနည် တပ်မတော်ရဲ့ နာမည်ကောင်း၊ ပုံရိပ် ကောင်း၊ ဂုဏ်ရည်ကောင်းတွေဟာ တဖြည်း ဖြည်း ယုတ်လျော့ ပျောက်ဆုံးခဲ့ရတယ်။ တပ် မတော်ဟာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများ တစုရဲ့ မောင်ပိုင်စီး ဖျက်ဆီးခြင်း ခံခဲ့ရတယ်။ လူတစု အကျိုးစီးပွား အာဏာကို ကာကွယ် ဖို့သက်သက် အသုံးချခံခဲ့ရတော့ လူထုနဲ့ အမြဲထိပ်တိုက်တွေ့၊ လူအများ အသက် အိုး အိမ် စည်းစိမ်ကို ပျက်စီးစေဖို့ ဖြစ်ခဲ့ရတယ်။ အာဏာရှင် အကျိုးစီးပွားအတွက် ပြည်သူ့ အကျိုးစီးပွားကို ချနင်းရတယ်။ ဒီလိုနဲ့ မြေ သိမ်း၊ ယာသိမ်း၊ အိမ်သိမ်း၊ လူသိမ်း (ပေါ်တာ ဆွဲ၊ ကလေးစစ်သားဖမ်း)ဟာ အာဏာရှင် ဘက်တော်သား စစ်တပ်ရဲ့ နိစ္စဓူဝ ထမင်းစား ရေသောက် ဓလေ့ဖြစ်လာတယ်။ အာဏာရှင် ခိုင်းသမျှလုပ်ရင်း လူထုကို ဖိနှိပ်ဖို့ သက်သက် ဖြစ်နေတဲ့ စစ်တပ်ရဲ့ ပုံရိပ်ဆိုးဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ငါးစုအတွင်း ဝမ်းနည်းဖွယ် ကြီး ထွား လာတယ်။

၁၉၆၂ ကစလို့ ပြည်သူ့အင်အား မဏ္ဍိုင် ပြု ပြည်သူက အခရာကျ ထိပ်မှာ တည်ရှိတဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် တိုင်းပြည်မှာ ကွယ်ပျောက်ခြင်းနဲ့အတူ ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ဆိုတဲ့ လောက နိယာမ အမှန်တရား ကြွေးကြော်သံဟာလည်း မှေးမှိန် လာရတယ်။ အဲဒီအစား တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ ဆိုတဲ့ ဆောင် ပုဒ်သာ နေရာတိုင်းမှာ တွင်ကျယ် ကျယ်လောင် လာခဲ့တယ်။

တပါတည်း စစ်တပ်ဟာ အခွင့်ထူးခံ လူတန်းစားတရပ် ဖြစ်လာပြီး တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး အပါအဝင် ကဏ္ဍတိုင်းမှာ ဝင်ရောက် ခြယ်လှယ် လွှမ်းမိုး ချုပ် ကိုင်လာတယ်။ ပြည်သူက တဆင့်နိမ့်လူတန်း စားအဖြစ် အဖိနှိပ်ခံ၊ အခြယ်လှယ်ခံဖြစ်လာတယ်။ ပြည်သူ့အသံ ဆန္ဒ ပြန်လည် ဟစ် အော် ထုတ်ဖော်တဲ့ လူထု အရေးတော်ပုံတွေ မှာလည်း စစ်တပ်ဟာ အဓိက နှိမ်နှင်းရသူ၊ အကြမ်းဖက် ဖြိုခွင်းရသူအဖြစ် စစ်အာဏာ ရှင်တစု စိတ်တိုင်းကျ ခိုင်းသမျှ အသုံးတော်ခံ ရတယ်။ အကျိုးဆက်အဖြစ် တပ်နဲ့ပြည်သူ ကြား ညှိမရ စပ်မရလောက်အောင် စိတ်ဝမ်း ကွဲမှု၊ အမြင်မကြည်လင်မှု၊ မုန်းတီးမှုတွေဟာ ကြီးထွား ကျယ်ပြန့်လာခဲ့ရတယ်။

တကယ်တော့ ပြည်သူဟာ တပ်မတော် ကို မမုန်းပါ။ လူတစု ကောင်းစားရေးကိုသာ ဆောင်ရွက်တဲ့ စစ်အာဏာရှင် စနစ်ကိုသာ မုန်းတာပါ။ လူထုဟာ စစ်သားကို မမုန်းပါ။ လူအများကို ဖိနှိပ်ချနင်းပြီး မိုက်ရိုင်းရင်း ထွား ကျိုင်းကာ ကိုယ်ကျိုးစီးပွားရှာ၊ စံစားနေတဲ့ အာဏာရှင် တစုကိုသာ မုန်းတာပါ။

အမှန်တော့ တပ်နဲ့ ပြည်သူ ဘ၀တူပါ။ စနစ်ဆိုး လူဆိုးတွေရဲ့ ဖျက်ဆီးခံ နို့ပိန်ပျဉ်း တွဲ ခေတ်ဆိုးကြီးရဲ့ မချိုမြိန်တဲ့ နို့ဓမ်း နို့ချဉ် ကို အတူသောက်စို့နေရတဲ့ နို့စို့ဖက်တွေပါ။ ခေတ်ဆိုးရဲ့ ဖွားဖက်တော်တွေပါ။ စနစ်ဆိုးက ပုံဖော် ထုဆစ်လိုက်တဲ့ ဒင်္ဂါပြားရဲ့ ကျောချင်း ကပ် ခေါင်းနဲ့ပန်း မျက်နှာစာတွေပါ။ ဒီမိုက ရေစီမရှိမှု၊ မတရားမှုဒဏ်၊ ကြီးနိုင်ငယ်ညှဉ်း အုပ်ချုပ်မှုဒဏ်ကို တပ်တွင်းမှာဆိုရင် ပိုလို့ တောင် ခံနေရပါသေးတယ်။ ပြည်သူဟာ စစ်အာဏာရှင်စနစ်အောက်မှာ မတရား လုပ် အားပေး ပြန်ပေးဆွဲ ချွေးတပ်စာ ဖြစ်နေသလို စစ်သားလေးတွေလည်း ဖက်ထိပ်စာ ဖြစ်နေ တဲ့ ဘ၀တူတွေပါပဲ။

ဒီလို သဘောကြောင့် ခေတ်အဆက် ဆက် တပ်မတော်သားတွေထဲက အများအ ပြားဟာ ပြည်သူ့ တပ်မတော်သားအဖြစ် ခံ ယူ လူထုနဲ့ပူးပေါင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တော်လှန်ပုန်ကန် ခဲ့ကြတာပေါ့။ မဆလ အာဏာရှင်ကို ဖြုတ်ချဖို့ ကြံစည်ခဲ့တဲ့ အတွက် ကြိုးပေး ကွပ်မျက်ခံခဲ့ရတဲ့ ဗိုလ်ကြီး အုန်းကျော်မြင့်လို၊ ၁၉၈၈ မှာ ပြည်သူနဲ့ တသားတည်း ပေါင်းစည်းခဲ့တဲ့ ဗိုလ်ကြီး စိုင်း ဝင်းကျော် အပါအဝင် အခြားပူးပေါင်းခဲ့သူ အမည်မထင်ရှား စစ်သည်တော်များ လိုက နေ ဒီမိုကရေစီ လှုပ်ရှားမှုများကြောင့် အဖိ နှိပ်ခံခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဝင် ဦးတင်ဦး၊ ဦးအောင်ရွှေ၊ ဦးကြည်မောင်၊ ဦးလွင်၊ မောင်သော်က(ဗိုလ်မှူးဘသော်) အစ ရှိတဲ့ ပြည်သူ့တပ်မတော်သား ကောင်းကြီး တွေ အများအပြားပေါ်ထွန်းခဲ့တာ သမိုင်း သက်သေပါ။

တပ်ကလည်း ပြည်သူကို မမုန်းသလို ပြည်သူကလည်း တပ်ကိုမမုန်းပါ။ လူတစုက အုပ်ချုပ်တဲ့ အာဏာရှင်စနစ်ကြောင့် လူအ များစုက အုပ်ချုပ်တဲ့ ဒီမိုကရေစီစနစ်လိုလား သူ ပြည်သူနဲ့အာဏာရှင် ဒေါက်တိုင် စစ်တပ် တို့ အမုန်းပွားစရာ အခြေအနေ ဖြစ်နေခြင်း သာပါ။ အာဏာရှင်စနစ်နဲ့ သူ့ရဲ့ အကျင့်စရိုက် အတွေးအခေါ် အပုပ်အသိုးတွေ တိုင်းပြည်မှာ အလုံးစုံ ဖုတ်ကြည်းသင်္ဂြိုဟ် ပပျောက်အောင် လုပ်နိုင်ပြီးချိန် တနေ့မှာ လူထုအပေါင်း မျှော် လင့်နေတဲ့ အခုဆုံးသွားရှာတဲ့ ဆရာအောင် သင်း မသေခင် မျှော်လင့်တောင့်တ ဖြစ်စေ ချင်ခဲ့တဲ့ ပြည်သူအကျိုးကို ကာကွယ် စောင့် ရှောက်တဲ့ ပြည်သူ့တပ်မတော်ကို ပြန်မြင်ရ မှာ ဧကန်ပါ။

ဆရာ အောင်သင်းရဲ့ ပြည်သူ့ နှလုံး၊ မသိမ်းကျုံးသော် ဓားသွား ကျိုးကြေ၊ လှံသွားခွေအံ့ ဆိုတဲ့ သတိပေး ကဗျာကို ဆရာ့ဈာ ပနနဲ့အတူ ဝမ်းနည်းပန်းနည်း ပြန်ဖတ်လိုက် ရတဲ့ အချိန်ကလည်း တိုက်တိုက်ဆိုင်ဆိုင် စစ် တပ်က အလွတ်သတင်းထောက် တယောက် ကို တရားလက်လွတ် သတ်ဖြတ်လိုက်ကြောင်း သတင်းထွက်လာခဲ့တဲ့ အပတ် ဖြစ်နေတယ်။ အသတ်ခံခဲ့ရသူ ကိုပါကြီးကို သတင်းထောက် မဟုတ်ဘူး၊ နိုင်ငံရေးသမား၊ သူပုန် ဘာတွေ ပဲ တံဆိပ်ကပ်ကပ် ငြင်းမရတဲ့ အချက်က နိုင်ငံ သား တယောက်ဟာ လူမသိ၊ သူမသိ ဥပဒေ ပြင်ပ ဖမ်းဆီးစစ်ဆေး ညှဉ်းပန်းခြင်း ခံခဲ့ရ တယ်၊ နောက်ဆုံး အသတ်ပါခံခဲ့ရတယ် ဆို တာပါ။ ဒါဟာ စစ်တပ်၊ စစ်ဝါဒ၊ စစ်အာဏာ ရှင်စနစ်ဟာ အရာရာ အထက်မှာရှိနေကြောင်း ပြတဲ့ ပြယုဂ်ပါ။ ဒါက လိုရင်း မြင်ရမယ့်အ ချက်ပါ။

ဒီကိစ္စကို တရားမျှတ ပြန်လည်ဖြေရှင်း ပေးဖို့ အခုတောင်းဆိုကြတော့စစ်တပ် သတင်းထုတ်ပြန်ခဲ့တဲ့အတိုင်း အမှန်ဆိုရင် အသေပစ်ခတ်ဖမ်းဆီးခဲ့တဲ့ စစ်သားကိုတရားစီရင်ပါဆိုတဲ့ သဘောတောင်းဆိုနေကြတာကို စိတ်မကောင်းဖြစ်ဖွယ် ကြားရတယ်။ တကယ်တော့ ထွက်ပြေးလို့ပစ်ခတ်ရခြင်း မှန်ဦးတောင်မှ ပစ်ခတ်သူ စစ်သားဟာ တရားခံမဟုတ်ပါ။

ဆောင်းပါးတလျှောက် ဆိုခဲ့သလို စစ်တပ်ဟာ ပြည်သူလိုပဲ စစ်အာဏာရှင်စနစ်ရဲ့ သားကောင်မျှသာ ဖြစ်တာကြောင့် ပစ်ခတ်သူစစ်သားဖြစ်ဖြစ်၊ ဖမ်းဆီးသူ အမှတ် ၂၀၈ ခြေမြန်တပ်ရင်းဖြစ်ဖြစ်ဟာ စနစ်ဆိုးရဲ့ မောင်းတံငယ်မျှသာပါ။ စနစ်ဆိုးလည်ပတ်မောင်းနှင် သက်ဆိုးရှည်စေနေတဲ့ အင်ဂျင်စက် မဟုတ်ပါ။ စစ်ဝါဒ ရေရှည်ကြီးစိုး၊ စစ်အာဏာရှင်စနစ် အနာဂတ်မှာ တည်တံ့စေဖို့ စနစ်တကျစီစဉ်ထားတဲ့ ၂၀၀၈ စစ်ဖွဲ့စည်းပုံ၊ ဖားတပိုင်း ငါးတပိုင်း စစ်လွှတ်တော်၊ အရေခွံ လဲ စစ်တပိုင်း အစိုးရနဲ့ လက်ရှိ ပုံဖော်နေတဲ့ ခွေးတူဝက်တူ ဒီမိုကရေစီ စနစ်ကသာ အဓိက တရားခံပါ။

နိဂုံးချုပ်ရရင် ဒီအဓိက တရားခံကို လက် ရဖမ်းဆီး မထိန်းချုပ်နိုင်သရွေ့ အနာဂတ်မှာ ကိုပါကြီး ဖြစ်စဉ်တွေ အများကြီး လာလတ္တံ့ ဖြစ်နေမှာဖြစ်သလို တိုင်းရင်းသားအချင်းချင်း သတ်ဖြတ်နေရတဲ့ စစ်ပွဲတွေလည်း ရပ်မှာမ ဟုတ်ပါ။ တပ်နဲ့ပြည်သူလည်း လက်တွဲ ကြည် ဖြူနိုင်မှာ မဟုတ်ပါ။ စစ်တပ်ဟာလည်း ပြည်သူ့တပ်မတော် မဖြစ် လူသတ် တပ်မတော် လို့သာ နာမည် ဆက်လက် တွင်နေဦးမှာပါ။ ဒါကြောင့် လူထုနဲ့ တပ်မတော် ပူးပေါင်းပြီး အရင်းခံအကြောင်း လူတစု စစ်အာဏာရှင် သရုပ်ကို မြော်ချင့် နားလည် စနစ်ဆိုးကို ဘုံ ရန်သူအဖြစ် အတူတကွ တော်လှန်ဖို့လိုကြောင်း ပါခင်ဗျာ။

တပ်နဲ့ပြည်သူ တစိတ်တဝမ်းတည်းဖြစ်စေချင်ခဲ့တဲ့၊ တိုင်းပြည်အတွက် စာကောင်း၊ ပေကောင်း ဩဝါဒ ကောင်းများစွာ ထားသွား ခဲ့တဲ့ ဆရာအောင်သင်းရဲ့ ဂုဏ်ကျေးဇူးကို ဦးထိပ်ထား ပူဇော်လျက်။

(ဆောင်းပါးပါ အာဘော်ကို ဝေဖန်ရန် nyeinchanaye81@gmail.com သို့ စာရေးနိုင်သည်။)

Credit - The Ladies News Journal

  


No comments:

Post a Comment