Monday, November 3, 2014

ဆီးသီးစားသူများ – ရွှေကူမေနှင်း

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးပြောတာ နည်းတောင် နည်းနေပါသေးသည်။ ပွဲခင်းထဲ ဆီးသီး ဗန်းမှောက် ကျရုံမက ဆီးခြံထဲက ဆီးပင်တွေကို ၀ါးလုံးရှည်နှင့် ရိုက်ချ ပြောမဆုံးပေါင် တော သုံးထောင် ဖြစ်နေသော ဤဆီးသီး စီမံကိန်းများကို နောင်တက်မည့် အစိုးရကတော့ တိတိကျကျ ကိုင်ပေးတော်မူကြပါ . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီး ဦးခင်အောင်မြင့်၏ ““ပွဲခင်းထဲ ဆီးသီးဗန်း မှောက်ကျခြင်း”” ဥပမာ စကားသည် စာပေလောကနှင့် နိုင်ငံရေး နယ်ပယ်တွင် အလွန်ပေါ်ပြူလာ ဖြစ်ခဲ့၏။ စာဖတ်သူများရော၊ စာရေးသူများပါ သဘောကျ နှစ်ခြိုက်ကြရ၏။ အရေးပါသော ပုဂ္ဂိုလ် တစ်ဦး၏ ထောက်ပြ မှုကြောင့် ပို၍ သဘောကျကြ၏။သို့သော် ဖြစ်ရပ်များကို တစ်ခုစီ ထိရောက်အောင် စွဲချက် မတင်ကြသဖြင့် သဘောကျရုံက လွဲပြီး အကျိုးသက်ရောက်မှု မရှိနိုင်သေးပါ။ နောက်ထပ်၍ ဆီးသီးဗန်း များ မှောက်မကျအောင် မည်သို့
သတိထားရမည်ဟု ညွှန်ကြားဖို့ လိုပါဦးမည်။ ပွဲခင်းဆိုသည်မှာ လူမျိုးစုံဖြစ်၍ မှောက်ကျလျှင်တော့ သူ့ထက်သူ ဦးအောင် လုကြသည်မှာ သဘာဝပဲဖြစ်၏။ အဓိကမှာ ဆီးသီးဗန်းရွက်သူ၏ တာဝန်ဖြစ်သည်။ သူ့ခေါင်းပေါ်က ဆီးသီးဗန်း မှောက်မကျခဲ့လျှင် မည်သူမျှ လုရဲမည် မဟုတ်ပေ။ ပွဲခင်းထဲက လူများကို မလုကြနဲ့ဟု မေတ္တာ ရပ်ခံ၍ကား ရမည်မထင်ပါ။ မှောက်ကျသူ တာဝန်လား၊ လုသူများ၏ တာဝန်လား၊ စေ့ငုသင့်သည်။
ကျွန်မကြားဖူး၊ မြင်ဖူးခဲ့သော ဆီးသီးစားသူ အချို့အကြောင်း တင်ပြလိုပါသည်။ ဆီးသီးဗန်း မှောက်ရုံမက ဆီးသီးပင်ပေါ်ကို ပင်ဝါးလုံးနှင့်ရမ်းပြီး ဆီးသီးကြွေအောင် လုပ်ကြသူများဖြစ်၏။ သူတို့ လက်ထဲရောက် ဆီးသီးများကို သူခိုးစွပ်စွဲမည့် ဆီးခြံပိုင်ရှင်များက ဘာလုပ်နေသနည်းဟု မေးခွန်းထုတ်ဖွယ် ဖြစ်နေသည်။
ကြာတော့ကြာပါပြီ။
၁၉၉၀.. ၀န်းကျင်လောက်က ဖြစ်၏။ ပြည်နယ် တစ်ခုအတွက် အစိုးရ လာချပေးသော ဘတ်ဂျက်အရ လမ်းမကြီး ဖောက်ဖို့လိုသည်။ ထိုလမ်းမကြီးကို ယခုကဲ့သို့ ကုမ္ပဏီများ မရှိသေး၍ လမ်းတံတားဌာန၊ ဆောက်လုပ်ရေး ၀န်ကြီးဌာနက တာဝန်ယူရသည်။ ဆောက်လုပ်ရေးရှိ အင်ဂျင်နီယာများကို တာဝန် ခွဲပေးသည်။ အငယ်တန်း အင်ဂျင်နီယာ အဆင့်ရှိသူများပါ လမ်းပိုင်း ““ခွဲတမ်း”” ရရှိကြသည်။ ထိုအခါ ကျွန်မမိတ်ဆွေ အင်ဂျင်နီယာလေးသည် ဌာနမှ ပထမအရစ်အဖြစ် ““စူပါရုဖ်”” ကားဖြူလေး မောင်းလာခဲ့ လေ၏။ ပထမအရစ်ချငွေက ၁၀ သိန်း။ စူပါရုဖ်က ၆ သိန်း ဖြစ်သည်။ လမ်းက ဘယ်မှာမှန်းမသိ။ အင်ဂျင်နီယာ ကတော်လေးထံ စူပါရုဖ်ကလေးကို ပေးအပ်နိုင်ခဲ့သည်။ လမ်းပိုင်း တစ်ခုလုံးတွင် ၆ သိန်းလောက်ကတော့ စာရင်းပြင်၍ လွယ်သည်။ ပစ္စည်းအချိုးကို လျှော့ထည့်ခြင်း မလုပ်လျှင် လမ်းစစ်ဆေးသောအခါ စံချိန်မီနေမည်။ ထို့ကြောင့် သူတို့ လုပ်ထုံး လုပ်နည်းမှာ အလုပ်သမားလျှော့ခြင်းဖြစ်၏။ အလုပ်ကြမ်းသမား ၂၀ သုံးပြီး ၂၅၊ ၃၀… စသဖြင့် စာရင်းတင်ခြင်းတည်း။ ထိုအလုပ်သမားခများသည် အင်ဂျင်နီယာ ကတော်အတွက် ကား တစ်စီးအပြင် စိန်နားကပ်များ၊ ခြံများ၊ တိုက်များအဖြစ် ပြောင်းလဲ သွားခဲ့ကြပေသည်။
နောက်မြင်ဖူးခဲ့သော သူတစ်ဦးမှာ ““မြေရိုင်းဖော်ထုတ်ရေး စီမံကိန်း””မှ ဖြစ်၏။ သူကလည်း ဝေးလံသီခေါင် ပြည်နယ်တစ်ခုမှဖြစ်၏။ စိုက်ပျိုးမြေ တိုးချဲ့ရေး၊ လယ်ယာကုန်ထုတ် တိုးမြှင့်ရေး၊ ပြည်တွင်းပို့ကုန် မြှင့်တင်ရေး စသည့် ဧရာမ ကြွေးကြော်သံများဖြင့် အစိုးရ ပေါ်လစီက အားတက်ဖွယ် ဖြစ်သည်။ စီမံကိန်းကို အောက်ခြေသို့ အဆင့်ဆင့် ချပေးရာ တောရိုင်း ခုတ်ထွင်ရန် စာချုပ်ထားသူသည် စရန်ငွေယူပြီး ရန်ကုန်ဆင်းလာကာ မိတ္တူစက်များ၊ ကွန်ပျူတာများ ၀ယ်ယူပြီး သူ့မြို့၌ သူ့ဇနီးက မိတ္တူဆိုင်နှင့် စာစီစာရိုက်ဆိုင် ဖွင့်လေသည်။ တောထဲတစ်ခါမှ မသွားပါ။ စာချုပ်အရ သူ့အား ၀ရမ်းနှင့် ဖမ်းသောအခါ အခြားတိုင်းသို့ ရှောင်ပြေးပြီး ယခုအခါမှာကား အိမ်နီးချင်း နိုင်ငံတစ်ခု၌ စတိုးဆိုင်ရှင်ကြီးဖြစ်ရုံမက ဇနီးအသစ်ကလေးနှင့် ဇိမ်ကျနေတော့၏။
နောက်ဖြစ်စဉ်က ပို၍ကြီးသည်။ ဆီးသီးဗန်းမဟုတ်။ ဆီးပင်ကြီးကို ၀ါးလုံးရှည်နှင့် ရိုက်ပုတ်ခြင်းဖြစ်၏။ ဆီးသီး အမှည့်များရော၊ အစိမ်းများပါ ကြွေကျကုန်သည်။ ဆီးပင်တွေ သေမကုန်တာ ကံကောင်းသည်။ ကိစ္စက လမ်းဖောက်ခြင်းပင်ဖြစ်၏။ ကားလမ်းမဟုတ်။ မီးရထားလမ်းဖြစ်သည်။ (ဘယ်လမ်းဟု မပြောရဲပါ။ စာရေးသူက ရုံးပြင်ကနားကို မသွားရဲသူဖြစ်၏။)
ထိုသို့ စီမံကိန်း အကြီးကြီး လုပ်သောအခါ ကုမ္ပဏီများကို တင်ဒါခေါ်လေ့ရှိ၏။ တင်ဒါပဲဖြစ်ဖြစ်၊ မတင်ဒါပဲဖြစ်ဖြစ် ရလေ့ရှိသူများက တစ်မျိုးတည်းပါ။ ယခုခေတ်မှာ ခရိုနီဟု ခေါ်ကြ၏။ ယခင်ကတော့ ခရိုနီဆိုသော ဝေါဟာရ မပေါ်သေးပါ။ ““လူကြီးသားသမီးများ..””ဟုသာ ပြောလေ့ရှိကြ၏။ မှန်လည်းမှန်သည်။ ထိုရပေါက်ကြီးများ အတွက်မှာ ဆင်းရဲသားများနှင့် လားလားမှ မထိုက်ဖြစ်၏။ ဤသို့ဖြင့် ပုဂ္ဂိုလ်တစ်ဦးသည် ကုမ္ပဏီ ထောင်လိုက်ပြီး အဆိုပါ စီမံကိန်း၌ လမ်းပိုင်းတစ်ခု တင်ဒါအောင်သည်။ (အချင်းချင်းတွေပဲလေ…)
သူကကျွန်မနှင့် စကားစပ်မိပြီး စာပေဆိုင်ရာ လုပ်ငန်းတစ်ခု ထောင်ချင်ကြောင်း ပြောသည်။ စာပေတိုက် တစ်တိုက် အောင်မြင်ရန်မှာ အဘက်ဘက်က ပြည့်စုံရန်လိုသဖြင့် စာပေဈေးကွက် ကျရှုံးနေချိန်တွင် မစွန့်စား သင့်ကြောင်း အကြံပြုရသည်။ ထိုအခါသူက သူ့၌အထက်ပါ စီမံကိန်းမှ သိန်းငါးထောင်မြတ်ပြီးပြီဟု ဖွင့်ပြော၏။ အရှုံးခံနိုင်သည်ဆို၏။ အမှန်မှာ ငွေဖြူဖော်တာ ဖြစ်မည်။ စာပေလုပ်ငန်းက၊ ရှုံးမှာသေချာ၍ စာရင်း ထည့်သောအခါ စာပေလုပ်ငန်းမှ အမြတ်ဟု ပြချင်ဟန်တူသည်။
ဤသို့ဖြင့် သူစာပေ လုပ်ငန်းခွဲတစ်ခု ထောင်လိုက်သည်။ ရှုံးသည်။ သူနှင့်ထပ်၍ မဆုံတော့ပါ။ ကံဆိုးချင်တော့ အလှူတစ်ခုတွင် ကျွန်မ၏ ဇာတိမြို့မှ လူတစ်ဦးနှင့် တွေ့သည်။ သူကကျွန်မနှင့် အထက်ပါ လုပ်ငန်းလုပ်သူတို့ ဆက်စပ်မှုရှိကြောင်း သိပြီး ရင်ဖွင့်ပါရစေဟုဆိုသည်။ ““ကျွန်တော်နဲ့တော့ တိုက်ရိုက် မပတ်သက်ပါဘူး။ ကျွန်တော်တို့ လုပ်ကွက်(ဆိုက်)နဲ့ ဆက်နေတဲ့ လုပ်ကွက်ပါ။ လမ်းအူကြောင်း ဖော်တာပါ။ တအားပင်ပန်း ပါတယ်။ အလုပ်ကြမ်း သမားတွေ၊ စက်ယန္တရားတွေ သုံးရတယ်။ ကုန်ကျငွေကို ကိုယ်ကအရင် စိုက်သုံးရ တယ်။ ဒါမှ အလုပ်တွင်ကျယ်တယ်လေ။ ကိုယ်က ဆပ်ကန်ထရိုက်ဆိုတော့ မူရင်းပါမစ် ရှိတဲ့လူဆီက တစ်ဆင့်ယူရတာပါ။ အဲဒါဗျာ…ခုနက ကျွန်တော်ပြောတဲ့ လုပ်ကွက်က လူခမျာ မူရင်းပါမစ်ရှင်ဆီကငွေ တောင်းလို့မရဘူး။ တရားစွဲလို့လည်း မရဘူး။ စာချုပ်မှမရှိတာ။ ဒါမျိုးက နှုတ်ကတိနဲ့ လုပ်ရတာပါ။ ခုတော့ သူ့ခမျာ။ သိန်းငါးရာ အကြွေးတောင်းမရဘူး။ ဘာမှလည်း မလုပ်ရဲရှာဘူး ဖြစ်နေတယ်။ ကြားရချက် မသက် သာဖြစ်ရ၏။
မူရင်း ပါမစ်သမားက ငွေမပေးတော့ဘူး ဆိုသောအခါ ဖြစ်ပေါ်လာမည့် ရလဒ်က စံချိန်မမီဖို့ သေချာနေသည်။ အစိုးရထံမှ ခွင့်ပြုငွေ အကျေထုတ်ပြီး လုပ်ငန်းကို သူတစ်ပါးအား လွှဲထားခြင်းက အပြစ်မကြီး သော်လည်း လုပ်နေသူကို ငွေအကျေ မပေးခြင်းကား သူမို့ လုပ်ရဲပါပေတယ် ..ဟု ချီးကျူးရမလို ဖြစ်နေသည်။
ဆုံးရှုံးရသူက အစိုးရဌာန။ နစ်နာရသူက ပြည်သူတွေပါ။
အစစ်အဆေးမရှိ။ အားလုံးငြိမ်ပြီး ထမင်းစားရေသောက် ကိစ္စသဖွယ်။ မိုးခါးရေ သောက်နေကြသည်။ အဆိုပါ ပုဂ္ဂိုလ်တစ်ဦးတည်းပင် သိန်းငါးထောင်မြတ်လျှင် လမ်းလုပ်ငန်းကြီး တစ်ခုလုံး၌ ဖိတ်ကျသွားသော တန်ဖိုးကို မှန်း၍ပင် မရပါ။ ရလဒ်ကား .. ထိုလုပ်ငန်းကြီး အကောင်အထည် ပေါ်မလာခြင်းပါ။ လူတွေက မေ့သွားကြပြီ ဖြစ်မည်။
လွန်ခဲ့သည့် ၃ နှစ်အတွင်း စာပေဟောပြောပွဲများ ကိစ္စနှင့် နယ်အစုံ ရောက်ခဲ့ရာ မိမိဇာတိမြို့လေးသို့လည်း ရောက်ခဲ့၏။ အတူလာခဲ့ကြသော စာရေးဆရာများ ပြန်သွားကြပြီး ကျွန်မက ခေတ္တ ချန်ရစ်ခဲ့သည်။ ကျေးရွာ တွေကို ပြန်ကြည့်ချင်၍ ဖြစ်၏။ ကျွန်မနေထိုင်ခဲ့သော““မြို့ကုန်းရပ်ကွက်”” ထဲတွင် ““ပေါင်းနက်ချောင်း”” ဆိုသော ချောင်းကလေးရှိပါသည်။ ရေစီးသာ၍ ရေနက်ပါသည်။ မြောက်ဘက် ကချင်တောင်တန်းများမှ စီးလာပြီး ကျွန်မတို့ ရပ်ကွက်ထိပ်၌ ဧရာဝတီမြစ်ထဲသို့ စီးဝင်သည်။ မိုးတွင်း၌ ချောင်းရေမြစ်ရေ လျှံသောအခါ မြေနိမ့်ပိုင်းများ ရေနစ်ကြ သည်။ ကွင်းပြင်ကျယ်ကြီးက အင်းပြင်ကြီး ဖြစ်သွားသည်။ ကျွန်မတို့ ကလေး တစ်သိုက် လှေလှော်ပြီး ပျော်ခဲ့ကြသည်။ လှေဖြင့် ကြိမ်ဖူးခူးကြသည်။ ကြာပန်းခူးကြသည်။ ငါးမျှား ကြသည်။ ဆောင်းဦး ရောက်သောအခါ ရေပြန်ကျသွား၏။ ဤတွင် ကွင်းထဲ၌ နုန်းတင်မြေနုများ ဖြစ်လာရာ မြေပဲခင်းများ၊ ပြောင်းခင်းများ စိုက်ကြသည်။ အလွန်အထွက် ကောင်းသည်။ မြေပဲခင်းထဲ၌ မြူရွက်များ ပေါက်လာသည်။ သုပ်စားရန် ခူးကြသည်။ ချောင်းနံဘေးမှာလည်း မြေသြဇာ ကောင်းသဖြင့် ဟင်းနုနွယ်၊ ဇရစ်၊ မာလာဖူး၊ ဋရင်ကောက် စသော ဟင်းရွက်တွေ ခူးကြသည်။ ပုရစ်တွေတွင်း အောင်းကြရာ ပုရစ်တူးကြသည်။ ပေါင်းနက် ချောင်းလေးကား ကျွန်မတို့၏ ကျေးဇူးရှင် ဖြစ်ခဲ့တော့၏။
ယခုနှစ် ပေါင်းနက်ချောင်းကို သွားကြည့်သောအခါ ရေခြောက်နေသည်။ ကမ်းနှစ်ဖက်မှာလည်း စိမ်းလန်းခြင်း မရှိတော့။ ချောင်းသေဖြစ်လုနီးပါး ဖြစ်နေသည်။ ဘာ့ကြောင့်လဲဟု သိချင်သည်။ ကျွန်မတို့ ကလေးများ၏ ပျော်မွေ့ရာ ငယ်ချစ် … ချောင်းကလေး ဘာဖြစ်သွားတာလဲဟု သိချင်သည်။
ကျွန်မဆွေမျိုးများက ရွှေကူနှင့် ၁၀ မိုင်ကွာသော ကျေးတောမှာ ရှိနေသည်။ ထိုရွာများကို ပေါင်းနက်ချောင်း ဖြတ်စီးခဲ့သည်။ ကျွန်မသည် ကျေးတောသို့သွားရင်း ပေါင်းနက်ချောင်းအဖြစ်ကို စုံစမ်းပါသည်။
““အရီးရေ.. ပေါင်းနက်ချောင်းကတော့ သွားပါပြီ။ ရေအားလျှပ်စစ် ထုတ်မယ်ဆိုပြီး၊ ဒီရွာတွေ မီးလင်းမယ်ဆိုပြီး ပေါင်းနက်ချောင်းကို ဆည်ပိတ်ကြတာတဲ့။ တစ်နှစ်တစ်ခါ အင်ဂျင်နီယာ ပြောင်းတယ်။ ရသမျှ ပိုက်ဆံ သယ်သွားတယ်။ ပေါင်းနက်ချောင်းက ချောင်းကောကြီး ဖြစ်သွားတာပဲ အဖတ်တင်တယ်။ ဘာတစ်ခုမှ ဖြစ်မလာပါဘူး …””
ကျွန်မတို့ ပေါင်းနက်ချောင်းလို အဖြစ်မျိုး မြန်မာပြည်အနှံ့အပြား ဘယ်နှခု ရှိနေမည်နည်း။ ပုလဲမြို့နယ်သို့ သွားစဉ်ကလည်း ဤအဖြစ်မျိုး ကြားခဲ့ရသည်။““ချောင်းတွေ့လျှင် တံတားဆောက်””ဆိုသော ဆောင်ပုဒ် အစား““ချောင်းတွေ့လျှင် ဆည်ပိတ်”” ဖြစ်ခဲ့သည်။ ဆည်ပိတ်တာပဲ အဖတ်တင်ပြီး စိုက်ပျိုးရေလည်းမရ။ လျှပ်စစ်ဓာတ်အားလည်း မရ။ စီမံကိန်း အင်ဂျင်နီယာတွေ ငွေပိုက်ပြီး ပြန်သွားကြသည်ဟုသာ ကြားမိခဲ့ရ၏။
သည်တော့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးပြောတာ နည်းတောင် နည်းနေပါသေးသည်။ ပွဲခင်းထဲ ဆီးသီးဗန်း မှောက်ကျရုံမက ဆီးခြံထဲက ဆီးပင်တွေကို ၀ါးလုံးရှည်နှင့် ရိုက်ချပြီး ဆီးပင်ကို မသေရုံတမည် ထားခဲ့ကြခြင်း …ဟု မြင်နေရပါသည်။
သည်တော့..စီမံကိန်း…ဟု အသံကြားလျှင် ကျောထဲကစိမ့်၏။ ““တဲပေါ်မှ တိုက်ပေါ်စီမံကိန်း”” ဆိုတာကြီး ကိုလည်း မတရားစွာ လုပ်ဆောင်ခဲ့ရာ ကျွန်မ၏ ““တိုက်ခံအိမ်”” အပါအ၀င် အာရ်စီတိုက်များကို ဖြိုဖျက်ခဲ့ကြသည်။ အိမ်ရှင်များကို စာကလေး အိမ်များထဲထည့်သည်။ ““တိုက်ပေါ်မှ တဲပေါ်”” ဖြစ်ခဲ့ကြရသည်။ ဤစီမံကိန်း၌ ဆီးသီးစားသူများကို လိုက်ကြည့်ရာ တိုက်ခန်း ၁၀ ခန်းယူသူ၊ ၂ ခန်း ယူသူအပြင် ပန်းခြံ လုပ်ပေးမည် ဆိုသော ကွက်လပ်ကို ရောင်းစားရာ လုံးချင်း လာဆောက်သူများ၏ စည်ပင်ခွင့်ပြုချက် ဆိုင်းဘုတ်၌ မူရင်းအမည်ပေါက်မှာ +၂ ..စသဖြင့် မနည်းမနော မြင်ခဲ့ရသည်။ ထိုအမည်ပေါက်မှာ ထိုစဉ်က တာဝန်ရှိသူဖြစ်၏။
(အချို့က အခုထိ ဆီးသီးလာမစားသေး။ မြေဈေးကောင်းသဖြင့် နှပ်ထားပုံရ၏။)
ဤသို့ဖြင့် ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေသော ဤဆီးသီးစီမံကိန်းများကို နောင်တက်မည့် အစိုးရကတော့ တိတိကျကျ ကိုင်ပေးတော်မူကြပါ …ဟု စတုတ္ထမဏ္ဍိုင်က သတိပေးလိုက်ရပါသည်။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment