Monday, November 3, 2014

သင်ပုန်းမချေ … ဥဒါန်းဘယ်မကျေ စတမ်း – အံ့ခေါင်မင်း

စစ်တပ်ဆိုရင် ကြောက်မယ်လို့ထင်၊ ရမ်းချင်တိုင်းရမ်းသမျှ ငြိမ်ခံနေကြမယ်ဆိုရင် ကျုပ်တို့တွေ သမိုင်းမလှ … ရာဇ၀င် ရိုင်းကြရတော့မပေါ့။ ဒီတော့ စစ်တပ်မကလို့ ဘာကြီးပဲဖြစ်ဖြစ် အယုတ်အရမ်းသဏ္ဌာန် အစွယ် ထုတ်ပြလာရင် ထုတ်လာတဲ့ အစွယ်ကျိုးအောင် ကျုပ်တို့ပြည်သူတွေက ဦးချိုးဖို့ လိုလိမ့်မယ် … ငြိမ်ခံကြမှာ မဟုတ်ကြောင်း သရုပ်သကန် ပြကြရမယ် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တယ်လည်း အကျင့်၊ အကြံ၊ လုပ်ရပ် သကန်တွေကို မဖျောက်နိုင်ကြသကိုးဗျ။ တကယ်ပါပဲဗျာ။ ဒီဇာတ်၊ ဒီအချိုး၊ ဒီလုပ်ပေါက်မျိုးနဲ့ပဲ ကျုပ်တို့တွေ ခံခဲ့ကြရတာ မဟုတ်လား။ ဟော၊ အခုလည်း ကြည့်လေ… ဒီအဆင်၊ ဒီအကွက်နဲ့ပဲ ကျုပ်တို့ရဲ့ သတင်းထောက်ကြီး တစ်ယောက် ဖြစ်တဲ့ကိုပါကြီး အသေဆိုးနဲ့ သေရပါရောလား။
ဟုတ်တယ်ဗျို့။ ကျုပ်ကတော့ ကိုပါကြီးအဖြစ်ကို အသေဆိုးလို့ပဲ သတ်မှတ်တယ်။ ဘယ်နှယ်ဗျာ။
အတိုင်းတိုင်း အပြည်ပြည်မှ ကြားလို့မတော် ကိုယ့်နိုင်ငံထဲမှာပဲ တိုက်ပွဲဖြစ်လို့ တိုက်ပွဲဖြစ်တဲ့ သတင်းသွားယူပြီး ပြန်လာတဲ့ သတင်းထောက်ကို ကိုယ့်နိုင်ငံ စစ်တပ်က ဖမ်းဆီးပြီး သတ်ပစ်ရတယ်လို့။ ကျုပ်ကပဲ နှစ်ဆယ်ကျော်၊ သုံးဆယ် မစွန်းသေးတဲ့ လူငယ်ပိုင်း အရွယ်မို့လို့လား မသိဘူး။ ဒီအဖြစ်မျိုး မကြားဖူးလေဘူး။ အဲ… မကြားဖူးဘူး ဆိုပေမယ့် ကြားဖူး၊ ကြုံဖူးတာတော့ ကျုပ်တို့ သတင်း မီဒီယာသမားတွေကို မတော်တရော် အယုတ်အရမ်း ပုဒ်မတွေ တတ်လို့ ခွေးအတွေ အမဲလိုက်သလို ထောင်ထဲ ဆွဲထည့်၊ နှိပ်စက် ညှဉ်းပန်းမှု အမျိုးမျိုး လုပ်ကြ တာကိုတော့ ကြားဖူးသပေါ့ဗျ။ အခုက အဲဒီ အဆင့်ထက်ပိုပြီး လက်ရဲဇက်ရဲ ဘီလူးသဘက်စီးပြီး အသေ ပစ်သတ်တယ် ဆိုတော့။
သူတို့ကတော့ သတင်း ထုတ်ပြန်တယ်ဆိုလား …လံကြုတ် လုပ်ကြံတယ်ဆိုတာလား မသိပါဘူးဗျာ။ အဲဒါကြီး ထုတ်ပြန် လာတာတော့ ဖတ်ရသဗျ။ ဘာတဲ့ဗျာ .. ကိုပါကြီးဟာ ကရင်လက်နက်ကိုင်အဖွဲ့ (KKO) က ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင်ဆိုသူ ဖြစ်သတဲ့။ အစိုးရစစ်တပ်နဲ့ DKBA လက်နက်ကိုင် အဖွဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် စက်တင်ဘာလ (၃၀)ရက်နေ့က ကျိုက်မရောမြို့ စက်လှေဆိပ်ကို နယ်မြေ ရှင်းလင်းပွဲ လုပ်တဲ့အခါ စက်လှေတစ်စီးပေါ်ကနေ အမျိုးသားတစ်ဦးကို ဖမ်းဆီး ရမိတာကြောင့် နယ်မြေခံ တပ်က စစ်ဆေးတဲ့အခါ ILO အဖွဲ့က ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင်ဆိုသူ ဖြစ်ပါတယ်လို့ ထွက်ဆိုချက် ပေးသတဲ့ဗျ။ ဒါနဲ့ စစ်တပ်က ဖမ်းထားစဉ်မှာ ညဘက် အပေါ့သွားမယ်ဆိုပြီး ကင်းစောင့် စစ်သားကို လုံးထွေးပြီး သေနတ်လုယူ ထွက်ပြေးဖို့ ကြိုးစားတာကြောင့် ကင်းစောင့် စစ်သားက ပစ်ခတ်ဖမ်းဆီး တာကြောင့် သေနတ်ဒဏ်ရာနဲ့ အသေပစ်ခတ် ဖမ်းဆီးမိသတဲ့ဗျ။ ကဲ … ကဲ ထားပါတော့ဗျာ၊ ကျုပ်က စစ်ရေးစစ်ရာတွေလည်း သိပ်သိလှတာ မဟုတ်ပါဘူး။ နိုင်ငံရေးရာ ပရိယာယ်တွေ ဆိုတာကိုလည်း သိပ်မြင် တတ်လှတာ မဟုတ်ပါဘူးဗျာ။
ကျုပ်မြင်တာကတော့ ဒီထုတ်ပြန်ချက် ဆိုတာကြီးက ဘူးလုံးနားမထွင်းကြီး ဆိုတာပဲဗျ။ ဘာကြောင့်ဆိုတော့ ရှင်းရှင်းပဲဗျာ။ ကိုပါကြီးလည်း ပစ်သတ်ခံရလို့ သေသွားပြီ။ သူတို့ ဖမ်းတဲ့အခါက၊ သူတို့ ပစ်သတ် လိုက်တဲ့ အခါက အဖြစ်အပျက် ဆိုတာကလည်း သူတို့က လွဲလို့ ဘယ်သူမှ မျက်မြင် ရှိကြတာ မဟုတ်ဘဲဗျ။ ဒီတော့ သူတို့အပြော၊ သူတို့အဟောနဲ့ သူတို့ပေါ့ဗျာ။
ကြားဖြတ် ပြောရဦးမယ်ဗျ။ အဲဒီ သတင်းထုတ်ပြန်ချက်ဆိုလား ..လံကြုတ် လုပ်ကြံချက် ဆိုတာလားကြီးက အောက်တိုဘာလ (၂၃)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တာဖြစ်ပြီး အောက်တိုဘာလ (၂၄) ရက်နေ့မှာမှ ထူးထူး ခြားခြားကိုပဲ သတင်းစာ တစ်စောင်ထဲမှာပဲ သတင်းဦး၊ သတင်းထူးကြီးအဖြစ် ပါလာတယ်။ အဲဒီ ထုတ်ပြန် ချက်ကြီး ပါလာတဲ့ သတင်းစာဆိုတာကလည်း အခြားမဟုတ်ဘူးဗျ။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့ အတွင်းရေးမှူးဖြစ်သူ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူထားတဲ့ The Voice နေ့စဉ်သတင်းစာ ဖြစ်တယ်ဗျ။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့က ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၄) ရက်နေ့က တွေ့ဆုံဆွေးနွေးမှု ရှိခဲ့ပြီး တပ်မတော်နဲ့ မီဒီယာကြား သတင်းရယူ ထုတ်ပြန်ရေးတွေကို ဆွေးနွေးခဲ့သဗျ။ အဲဒီဆွေးနွေးမှုအဖြစ် တပ်မတော်က ထုတ်ပြန်တဲ့ သတင်းတွေကို စာနယ်ဇင်း ကောင်စီကနေတစ်ဆင့် သတင်းမီဒီယာတွေကို ပြန်ဖြန့်ပေးမယ်လို့ သဘောတူမှုရှိခဲ့တယ်။ ဒါပေမဲ့ ကိုပါကြီး ကိစ္စ သတင်းထုတ်ပြန်ချက်ကတော့ စာနယ်ဇင်း ကောင်စီကို တပ်ဘက်က မေးလ်နဲ့ ပေးပို့ခဲ့ပေမယ့် ဘယ်သတင်း မီဒီယာဆီကိုမှ ထိုထုတ်ပြန်ချက်ကို စာနယ်ဇင်း ကောင်စီကတစ်ဆင့် ပြန်လည်ပေးပို့တာမျိုး မရှိခဲ့ ဘူးလို့ ကြားရတယ်ဗျ။ ကျုပ်ကတော့ ဒီဖြစ်ရပ်ကို ဘယ်လို နားလည်ရမှန်း မသိတာ အမှန်ပဲဗျ။ စည်းကိုက်ဝါး ကိုက် … လက်ဝါးချင်း ရိုက်ကြတဲ့ အဖြစ်မျိုးတွေ မဖြစ်ပါစေနဲ့လို့တော့ ဆုတောင်းရတာပဲဗျို့။ ကဲ ..ကဲ ထားပါ တော့လေ။ ကိုပါကြီးကိစ္စ ပြန်ဆက်ကြဦးစို့ကွယ်တို့။
တပ်ဘက်က ကိုပါကြီးဟာ လက်နက်ကိုင်အဖွဲ့က ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီး အဆင့်ရှိသူလို့ ထုတ်ပြန် ပေမယ့် ကျုပ်ကြားနေ၊ သိနေရသမျှကတော့ ကိုပါကြီးဟာ အလွတ်တမ်း သတင်းထောက် တစ်ဦးသာ ဖြစ်တယ်ဗျ။ ကိုပါကြီးအနေနဲ့ နိုင်ငံရေးနဲ့ နွှယ်ယှက်မှုကို တရားဝင် သိရသမျှကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပထမဦးဆုံး ဗဟိုလူငယ်(၁၉)ဦးထဲမှာ ပါဝင်ခဲ့ပြီး ကရင်ပြည်နယ် တာဝန်ခံအဖြစ် ဆောင်ရွက် ဖူးတာရယ်၊ သုံးရောင်ခြယ် အဖွဲ့ဝင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး တာဝန်တွေကို ဆောင်ရွက် ဖူးတာတွေပဲ ဖြစ်တယ်။ ဒီတော့ ကိုပါကြီးအနေနဲ့ နိုင်ငံရေး အသိအမြင်၊ နိုင်ငံရေးလုပ်ကွက် အတွေ့အကြုံ၊ နိုင်ငံရေး အဆက်အသွယ် မနည်းလှဘူးပေါ့။ ဒီလိုလူမျိုး တစ်ယောက်က သတင်းထောက်အဖြစ် လုပ်ကိုင်နေပြီး အခုလို တိုက်ပွဲဖြစ်တဲ့ နေရာတွေအထိ စွန့်စားသွားလာ သတင်းယူမှုတွေ ပြုတဲ့အခါ အကွက် စေ့စေ့စုံစုံ သိမြင် ရယူနိုင်မှာတော့ အမှန်ပဲ။ ဒီတော့ ကိုပါကြီးကို တပ်က ဖမ်းဆီးတဲ့အခါမှာ တပ်နဲ့ DKBA တို့ရဲ့ တိုက်ပွဲ အကြောင်းကို ကျုပ်တို့ သိနေကြားနေ ရတာတွေထက် ပိုတဲ့ စုံစုံလင်လင် သတင်း အချက်အလက်တွေ ကိုပါကြီးဆီမှာ ရှိနေနိုင်စရာ အကြောင်းသပေါ့ဗျာ။ ဘယ်လို သတင်း အချက်အလက်တွေလဲ ဆိုတာတော့ သွားလေသူ ကိုပါကြီးနဲ့ ကိုပါကြီးဆီက မှတ်တမ်းမှတ်ရာ အချက်အလက်တွေကို သိမ်းဆည်း ထားလိုက် နိုင်သူတွေသာ သိနိုင်ပေလိမ့်မယ်ဗျ။ ဒီတော့ မတော်တဆ နယ်မြေရှင်းလင်းရေး လုပ်မှုနဲ့ကြုံလို့ ဖမ်းဆီးခံ လိုက်ရတဲ့ ကိုပါကြီးဟာ အလွတ်တမ်း သတင်းထောက် တစ်ဦးအဖြစ် တိုက်ပွဲဖြစ်စဉ်ကို သတင်းလာယူသူမှန်း သိသော်လည်း ဖမ်းဆီးထားတာကနေ ပြန်လွှတ်မပေးနိုင်ဘဲ အခုလို သေဆုံးသွားရတဲ့ အခြေအနေအထိ အကြောင်း တစ်ခုခုကြောင့် ကြုံခဲ့သလားဆိုတာလည်း စဉ်းစားစရာပဲဗျို့။
ဘယ်လိုပဲဖြစ်ဖြစ် ကိုပါကြီးကြုံရတဲ့ အဖြစ်ဟာ နိုင်ငံသား တစ်ဦးအနေနဲ့ ဘယ်လိုမှ မဖြစ်သင့်၊ မဖြစ်ထိုက် …မကြုံသင့်၊ မကြုံထိုက်တဲ့ အဖြစ်ဆိုတာတော့ အသေအချာပဲဗျ။ နိုင်ငံသား တစ်ဦးကို ကိုယ့်နိုင်ငံက စစ်တပ်က ပစ်သတ်လိုက်တဲ့ ကိစ္စအပေါ် လက်နက်ကိုင် အဖွဲ့အစည်းက ဖြစ်ကြောင်း ထွက်ဆိုတယ်၊ ထွက်ပြေးဖို့ ကြိုးစားလို့ အသေပစ်ခတ် ဖမ်းဆီးလိုက်ရတာပါ ဆိုတဲ့ ကိုယ့်ဖဲ ကိုယ်ချိုးထားတဲ့ ထုတ်ပြန်ချက်လေး ထုတ်ပြန် ရုံနဲ့တော့ ပွဲပြီးမီးသေ လုပ်လို့မရဘူးဗျ။ ကိုပါကြီးဖြစ်ရပ်ဟာ သတင်း မီဒီယာသမား တစ်ယောက် ဖြစ်စဉ် ဆိုတာထက် နိုင်ငံသား တစ်ဦးအနေနဲ့ ဥပဒေရဲ့ အကာအကွယ်ကို မရဘဲ အသက် ဆုံးရှုံးရတာမျိုးကို နိုင်ငံသားတိုင်း အနေနဲ့ ငြိမ်ခံနေလို့ မဖြစ်ဘူးဗျို့။
အခု ကိုပါကြီး ဖြစ်ရပ်ဟာ နိုင်ငံသား တစ်ဦးအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံရတာပေါ့၊ နိုင်ငံသား တစ်ဦးအနေနဲ့ အနိုင်ကျင့် စော်ကားခံရတာပေါ့။ ဒီတော့ ငြိမ်ခံနေလို့ မဖြစ်ပေဘူးကွယ်တို့ .. ငြိမ်ခံနေလို့ မဖြစ်ဘူး။ လက်နက်နဲ့ လုပ်ပိုင်ခွင့်ကိုင်ပြီး နိုင်ငံသားတွေအပေါ် အနိုင်ကျင့်ချင်တိုင်း ကျင့်နေတာတွေ ရပ်တန်းက ရပ်သွားအောင် ကျုပ်တို့ပြည်သူတွေက ၀ိုင်းကြ.. ၀န်းကြ၊ ပြည်သူ့အင်အားကို ပြကြဗျို့။ စစ်တပ်ဆိုရင် ကြောက်မယ်လို့ထင်၊ ရမ်းချင်တိုင်း ရမ်းသမျှ ငြိမ်ခံနေကြမယ်ဆိုရင် ကျုပ်တို့တွေ သမိုင်းမလှ … ရာဇ၀င် ရိုင်းကြရတော့မပေါ့။ ဒီတော့ စစ်တပ်မကလို့ ဘာကြီးပဲဖြစ်ဖြစ် အယုတ်အရမ်းသဏ္ဌာန် အစွယ် ထုတ်ပြလာရင် ထုတ်လာတဲ့ အစွယ်ကျိုးအောင် ကျုပ်တို့ ပြည်သူတွေက ဦးချိုးဖို့ လိုလိမ့်မယ်…ငြိမ်ခံကြမှာ မဟုတ်ကြောင်း သရုပ်သကန် ပြကြရမယ်။ ကိုပါကြီးတစ်ယောက် ပေးဆပ် လိုက်ရတာတွေကို ကျုပ်တို့အနေနဲ့ သင်ပုန်းချေလို့ မဖြစ်ဘူး။ အခုဆိုရင် စစ်တပ်ကနေပြီး ဗိုလ်မှူးကြီး တစ်ဦး ဦးဆောင်ပြီး ကိုပါကြီး ဖြစ်ရပ်အပေါ် စုံစမ်း စစ်ဆေးဖို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့တယ်ဆိုကြတယ်။ ဒီအဖွဲ့ကလည်း ကိုယ့်ဖဲကိုယ်ချိုး .. ကိုယ့်ဇာတ်ကွက် ကိုယ်ဆင်မယ့်အဖွဲ့ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရဦးမှာပဲ။ ယုံကြည်ကြရတယ် မဟုတ်ဘူးလေ။ ကျုပ်တို့ ပြည်သူ့တွေ အနေနဲ့တော့ အမှန်ကို အမှန်အတိုင်း မဖြစ်သမျှ ဥဒါန်း ဘယ်မကျေစတမ်း စိတ်မွေးကြစမ်းပါဗျို့။

အံ့ခေါင်မင်း
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

 

 

 

No comments:

Post a Comment