Tuesday, July 29, 2014

အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ကူညီမည်ဟု တရုတ်နှင့် ကုလကိုယ်စားလှယ်များ NCCT ထိပ်သီးအစည်းအဝေးတွင် ပြောကြား



အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ကူညီမည်ဟု တရုတ်နှင့် ကုလကိုယ်စားလှယ်များ NCCT ထိပ်သီးအစည်းအဝေးတွင် ပြောကြား
ကချင်ပြည်နယ် လိုင်ဇာမြို့တွင်ပြုလုပ်လျက်ရှိသော NCCT ထိပ်သီးအစည်းအဝေးသို့ ဇူလိုင် ၂၈ ရက် တတိယမြောက်နေ့တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr.Vijay Nambair နှင့် တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးသံတမန်အဖွဲ့မှ Mr.Wang Yingfan ၏ကိုယ်စား Mr.Tand Ying လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြသည်။
ထိုသို့တက်ရောက်စဉ် မြန်မာနိုင်ငံ၏ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ရန်အတွက် အတတ်နိုင်ဆုံးကူညီမည်ဟု ၎င်းတို့က မိတ်ဆက်စကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ကြသည်။
"အခုအပစ်ရပ်စဲရေးလက်မှတ်ထိုးဖို့အတွက်က အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ ဆွေးနွေးရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ကုလသမဂ္ဂအနေနဲ့ နိုင်ငံအသီးသီးကလိုအပ်လာရင် အထောက်အပံ့ပေးမှုအမျိုးမျိုးကို ပေးဖို့ရှိတယ်ဆိုတာကို ပြောချင်ပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr.Vijay Nambair ကပြောကြားသည်။
ထို့အပြင် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်ရေးထိုးရန် ဆွေးနွေးပွဲများ ဆက်လက်ကျင်းပနိုင်ရေးအတွက် ယခုအစည်းအဝေးသည် လွန်စွာမှအရေးကြီးပါကြောင်း၊ ယခုကဲ့သို့တက်ရောက်ခြင်းသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထောက်ခံအားပေးမှုရှိသည်ကို ဆိုလိုပါကြောင်း၊ ဆွေးနွေးပွဲများတွင် အခက်အခဲများရှိနိုင်သော်လည်း ဖြတ်သန်းနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ကုလသမဂ္ဂအနေဖြင့် အားလုံး၏နောက်တွင် ထောက်ပံ့မှုများပေးရန် ရှိနေပါကြောင်းလည်း Mr.Vijay Nambair က ဆက်လက်ပြောကြားသည်။
NCCT အစည်းအဝေးသို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း သ၀ဏ်လွှာပေးပို့ခဲ့ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်များကို ကုလသမဂ္ဂက စောင့်ကြည့်နေပါကြောင်း၊ ယခုအချိန်သည် နိုင်ငံရေးအရ အရေးကြီးသည့်လမ်းဆုံသို့ရောက်ရှိနေသည်ကို သတိပြုရန်လိုကြောင်း၊ နှစ်ပေါင်း ၆၀ ကျော်ဖြစ်ပွားနေသော ပဋိပက္ခများကိုဖြေရှင်းရာတွင် ယနေ့အခြေအနေထိ ရောက်ရှိလာသည်ကို အားရပါကြောင်း၊ အသိအမှတ်ပြုပါကြောင်း၊ အားလုံးဝိုင်းဝန်းပါဝင်မှုသည် ဆက်လက်ပြီး ငြိမ်းချမ်းရေးကိုဦးတည်သည့်လမ်းစဉ်ကို လျှောက်လှမ်းနေခြင်းဟု ထင်မြင်မိပါကြောင်း၊ နိုင်ငံနှင့် နိုင်ငံသူနိုင်ငံသားများ၏ အနာဂတ်အတွက် ယခုဆွေးနွေးပွဲမှ အကောင်းဆုံးရလဒ်ထွက်ပေါ်လာမည်ဟု ယုံကြည်ကြောင်း ထည့်သွင်းပြောကြားသည်။
Mr.Tand Ying က တရုတ်နိုင်ငံသူ နိုင်ငံသားများသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် တည်ငြိမ်အေးချမ်းမှုကို ခံစားနေရသည့်အချိန်တွင် မြန်မာနိုင်ငံတိုင်းရင်းသားများသည် တည်ငြိမ်အေးချမ်းမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရှိန်သည် နှေးကွေးနေကြောင်း၊ ထိုကဲ့သို့ဖြစ်ပွားနေခြင်းကို တရုတ်နိုင်ငံအနေဖြင့် မလိုလားကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်မှာ တည်ငြိမ်အေးချမ်းမှုသည် အဓိကကျကြောင်း၊ အစိုးရနှင့်တိုင်းရင်းသားများအကြား အမြန်ဆုံးသင့်မြတ်ပြီး တစ်ဦးနှင့်တစ်ဦးလေးစားကာ အမြန်ဆုံးဖြေရှင်းနိုင်ပါစေဟု ဆုတောင်းပါကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ပါက စီးပွားရေးပူးပေါင်းဆောင်ရွက်စရာများစွာရှိကြောင်း ထည့်သွင်းပြောကြားသည်။
"အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီးတော့ စီးပွားရေးရော၊ ငြိမ်းချမ်းရေးရရှိရေး၊ နိုင်ငံတော်ငြိမ်းချမ်းရေးရရှိရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ တတ်နိုင်တဲ့အခန်းကဏ္ဍတွေက လိုအပ်ချက်ရှိလို့ရှိရင် အကူအညီပေးနိုင်ပါတယ်လို့ ဒီမှာ ကျွန်တော်ပြောချင်ပါတယ်" ဟု Mr.Tand Ying က ပြောကြားသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr.Vijay Nambair နှင့် တရုတ်နိုင်ငံ၏ အာရှရေးရာအထူးသံတမန်အဖွဲ့ကို NCCT က ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံလုံးအပစ်ရပ်စဲရေးအတွက် အထောက်အကူပြုနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း NCCT အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားသည်။

No comments:

Post a Comment