မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံတွင် မရှိခဲ့သော သတင်းပြန်ကြားရေးအဖွဲ့ (မီဒီယာယူနစ်) ကို တရားဝင် ဖွဲ့စည်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ပြောရေးဆိုခွင့်ရှိသူ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
နေ့စဉ်ဖြစ်ပွားသော မှုခင်းသတင်းများ၊ ပဋိပက္ခ ဖြစ်ရပ်များကို ပြည်သူများထံ အချိန်မီသတင်းများ ထုတ်ပြန်နိုင်ရန်၊ မကြာခဏ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်နိုင်ရန် ပထမဦးဆုံးအကြိမ် အဖြစ် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့တွင် မီဒီယာယူနစ် ဖွဲ့စည်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း ၎င်းထံမှ သိရှိရသည်။
ရဲမှူးတစ်ဦး အပါအဝင် ရဲအရာရှိ ခြောက်ဦး ပါဝင်သည့် အဆိုပါ ယူနစ် ဖွဲ့စည်းနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံ တင်ပြထားကြောင်း၊ မှုခင်းဖြစ်စဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်အလိုက် စခန်းမှူးများက မိမိနယ်မြေအတွင်း ဖြစ်ပွားသည့် မှုခင်းဖြစ်ရပ်များကို သတင်းမီဒီယာများထံ အချိန်မီ သတင်းအမှန် ထုတ်ပြန်ပေးရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက မှာကြားထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ရဲတပ်ဖွဲ့ဝင်များကို ပြည်သူနှင့် ပိုမိုနီးကပ်လာစေရန် ရည်ရွယ်ချက်ဖြင့် ဥရောပသမဂ္ဂက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ပြည်သူ့ဗဟိုပြု ရဲလုပ်ငန်းစဉ်များ လာရောက် သင်တန်းပို့ချလျက် ရှိပြီး မီဒီယာယူနစ်ကို ရဲတပ်ဖွဲ့မှ ပထမဆုံးအကြိမ် ဖွဲ့စည်းရာတွင် လိုအပ်သော အကူအညီများကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း အစီအစဉ် ဆောင်ရွက်နေသော ဥရောပသမဂ္ဂထံမှ စုံစမ်းသိရှိရသည်။
“အရင်က စစ်တပ်အုပ်ချုပ်မှု အောက်မှာ ရှိလာလို့ ရဲတပ်ဖွဲ့က မီဒီယာကို ဘယ်လို ဆက်ဆံရမလဲ၊ သတင်းကို ဘယ်လို ပေးရမလဲဆိုတာ အတွေ့အကြုံ မရှိဘူး၊ ရဲတပ်ဖွဲ့က အတွေးအခေါ်နဲ့ ပြုပြင်ပြောင်းလဲချင်တဲ့ စိတ်ဆန္ဒ သူတို့မှာ ရှိတယ်ဆိုတာ တွေ့ရပါတယ်” ဟု ဥရောပသမဂ္ဂ အဖွဲ့၏ တာဝန်ခံတစ်ဦးဖြစ်သူ Karin Decknbach က ပြောကြားသည်။
မှုခင်းဖြစ်စဉ်များနှင့် ပဋိပက္ခ ဖြစ်ရပ်များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်မှု မရှိခြင်း၊ သတင်းထိမ်ချန်ခြင်းတို့ကြောင့် မီဒီယာနှင့် ရဲတပ်ဖွဲ့ နှစ်ဖက်ယုံကြည်မှု အားနည်းခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က ပထမဆုံးအကြိမ် ဖွဲ့စည်းမည်ဟုဆိုသော မီဒီယာယူနစ်မှာ နှစ်ဖက်ယုံကြည်မှုကို ပြန်လည် ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပုဂ္ဂလိက သတင်းစာများမှ မှုခင်းသတင်းထောက်များက ပြောကြားသည်။
မြန်မာတစ်နိုင်ငံလုံးတွင် အမှုအခင်း အဖြစ်များသော ရန်ကုန်မြို့တော်တွင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၌ နေ့စဉ် မှုခင်းသတင်းကို ၁ ပုဒ်မှ ၅ ပုဒ်ကြားသာ ထုတ်ပြန်ပေးကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် မကွေးတိုင်းဒေသကြီးမှ မှုခင်းများကိုသာ ထုတ်ပြန်မှု များပြားပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမှုအခင်းများကို ထုတ်ပြန်မှု အားနည်းကြောင်း၊ မီဒီယာယူနစ် ဖွဲ့စည်းရာတွင်လည်း ပွင့်လင်းမြင်သာမှု ရှိရန်၊ ရဲတပ်ဖွဲ့နှင့် မီဒီယာ ပူးပေါင်းဆောင်ရွက်မှု အမှန်တကယ် လုပ်ဆောင်ရန် လိုအပ်ကြောင်း ပုဂ္ဂလိက နေ့စဉ်သတင်းစာ တစ်စောင်မှ မှုခင်းသတင်းထောက် တစ်ဦးက ပြောဆိုသည်။
ရဲတပ်ဖွဲ့အနေနှင့် မှုခင်းဖြစ်စဉ် အချို့နှင့် ပဋိပက္ခဖြစ်ရပ် အချို့တွင် ပြစ်မှုကျူးလွန်သူများကို အချိန်မီ ဖမ်းဆီးရမိရေးအတွက် မီဒီယာကို သတင်းထုတ်ပြန်ပေးရန် အခက်အခဲ ရှိသောကြောင့် သတင်းထိမ်ချန်ထားခြင်းထက် ယခုကဲ့သို့ မီဒီယာများကို တရားဝင် သတင်းထုတ်ပြန်ပေးမည့် မီဒီယာယူနစ် ပေါ်ပေါက်ခဲ့ပါက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဖွဲ့အစည်းများနှင့် မီဒီယာများ ယုံကြည်မှု ပိုမိုရရှိလာနိုင်ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) မှ အဖွဲ့ဝင် ကိုမြင့်ကျော်က ပြောကြားသည်။
“ရဲက တရားခံ မလွတ်အောင် သတင်းမထုတ်ပြန် ပေးချင်သလို သတင်းမီဒီယာသမားဘက်ကလည်း ကျင့်ဝတ်နဲ့အညီ သတင်းရေးသား ဖော်ပြပေးရမယ်။ ရဲတပ်ဖွဲ့ကလည်း မီဒီယာကို သတင်းမထိမ်ချန်ဘဲ ထုတ်ပြန်ပေးပြီး သူတို့ (ရဲတပ်ဖွဲ့) အခက်အခဲ ရှိတာမျိုးကို ပွင့်လင်းစွာ အသိပေးမယ်ဆိုရင် မီဒီယာနဲ့ ရဲတပ်ဖွဲ့ ပိုမိုယုံကြည်လာမှာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
မီဒီယာများကို သတင်းထုတ်ပြန်ပေးရာတွင် အချို့သော မှုခင်းသတင်းများမှာ ကာယကံရှင်၏ ဂုဏ်သိက္ခာကြောင့် လည်းကောင်း၊ အမှုမှတရားခံမှာ မီဒီယာများတွင် ပါဝင်သော မှုခင်း သတင်းအချက်အလက်ကို ဖတ်ရှုပြီး ထွက်ပြေး လွတ်မြောက်နိုင်သောကြောင့် လည်းကောင်း၊ မူးယစ်ဆေးဝါး အမှုများတွင် ကွင်းဆက်တရားခံများ လွတ်မြောက်နိုင်သောကြောင့် အချို့သော သတင်းများကို မထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးမြင့်ထွေးက ပြောကြားသည်။

No comments:
Post a Comment