
ဇူလိုင် ၂၉ ရက်က အစိုးရစစ်တပ် အရာရှိနှစ်ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ တပ်မ ၈၈ တပ်ရင်း ၁၆ က နမ့်ခမ်းမြို့နယ်၊ နောင်မတာ ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် ကျေးရွာလူကြီးလေးဦးကို ခေါ်ယူ ရိုက်နှက် စစ်ဆေးခဲ့ရာ ဒေသခံများ ထိတ်လန့်ပြီး နယ်စပ်မှ တဆင့် တရုတ်နိုင်ငံ နောင်တောင်း ကျေးရွာသို့ ထွက်ပြေး တိမ်းရှောင်သွားကြကြောင်း နမ့်ခမ်းမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းတင်ဦးက ပြောသည်။
နမ့်ခမ်းမြို့နယ်၊ နောင်ခါးကျေးရွာအုပ်စုရှိ နောင်မတာကျေးရွာသည် အိမ်ခြေ ၁၂၇၊ လူဦးရေ ၅၀၀ ၀န်းကျင် နေထိုင်သည့် ကျေးရွာဖြစ်ပြီး တရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။
“စစ်တာ မေးမြန်းတာတော့ လုပ်ပါ။ ဒါပေမဲ့ ဒီလိုမျိုး ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက် မေးမြန်းတာမျိုး မလုပ်ဖို့ တပ်မမှူးဆီ မေတ္တာရပ်ခံထားတယ်။ ပြည်နယ်အစိုးရဖွဲ့ကိုလည်း ပြောထားပါတယ်။ မနက်ဖြန် အစိုးရ အဖွဲ့ အစည်းအဝေးမှာ ဒါကို ထည့်ဆွေးနွေးမယ်လို့တော့ ပြောထားတယ်” ဟု ဦးစိုင်းတင်ဦး က ပြောသည်။
ဇူလိုင်၂၉ ရက်နေ့ ညသန်းခေါင် ၁၂ နာရီတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ ရွာသားငါးဦးကို ခေါ်ယူရိုက်နှက် စစ်ဆေးပြီးနောက် ၃၀ရက် ညပိုင်း ၉ နာရီကျော်တွင် ဒုတိယ အကြိမ်ထပ်မံ ခေါ်ယူ၍ ရိုက်နှက်စစ်ဆေးခဲ့ပြီး၊ ၃၁ ရက်နေ့နံနက် သုံးနာရီခန့် ပြန်လွှတ်ပေးလိုက်သည့် အချိန်တွင် ဒေသခံ ရွာသားများ ထိတ်လန့်ပြီးရွာလုံးကျွတ် ထွက်ပြေးတိန်း ရှောင်သွားခြင်းဖြစ်သည်။
“သူ့တို့စစ်ကားနဲ့ လာခေါ်ပြီးမှ ကျွန်တော်၊ ဥက္ကဌ ( ကျေးရွာ အုပ်ချုပ်ရေးမှူး )၊ အတွင်းရေးမှူးရော၊ ရွာဂေါပက နှစ်ယောက် အားလုံးပေါင်း ငါးယောက်ကို စခန်းထဲကိုခေါ်သွားတာ။ စစ်ဆေးတဲ့ အခါမှာ ငါးယောက်လုံးကို ရိုက်စစ်တယ်။ ခေါင်းနဲ့ မျက်နှာကို သေနတ်ကျည်ပေါက်တွေနဲ့ ရိုက်တယ်။ ဗိုက်ကိုလဲ လက်သီးနဲ့ထိုးတယ်။ ရွာသူရွာသားတွေ အကုန်လုံးက ပြေးကုန်ပြီ။ စခန်းထဲကို ထပ်ခေါ်ရိုက်ရင်လဲ ကျွန်တော်တို့မခံနိုင်တော့ဘူး” ဟု တပ်မ ၈၈ မှ ခေါ်ယူ စစ်ဆေးသည့် အထဲတွင် ပါဝင်သည့် နောင်မတာ ကျေးရွာဒေသခံ ဦးစိုင်းဆန်စိုးက ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်မတာကျေးရွာအနီး၌ ယာယီ တပ်စခန်းချ နေထိုင်သည့် တပ်ရင်း ( ၁၆ ) မှ အစိုးရ တပ်မတော် အရာရှိနှစ်ဦးသည် နမ့်ခမ်းမြို့မှ အပြန်တွင် သတ်ဖြတ်ခံခဲ့ရပြီး၊ လက်ရှိအချိန်ထိ တရားခံဖော် ထုတ်နိုင်ခြင်း မရှိသေးပေ။
ငြိမ်းချမ်းမေ
No comments:
Post a Comment