လယ်သမားများကို ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုအပါအ၀င် ပုဒ်မမျိုးစုံဖြင့် တရားစွဲဆိုထောင်ချမှုများ တစ်ပြည်လုံးအနှံ့များပြားလာ
လယ်သမားများကို ပိုင်နက်ကျူးလွန်မှုအပါဝင် ပုဒ်မမျိုးစုံဖြင့် တရားစွဲဆို ဖမ်ဆီးထောင်ချမှုများမှာ တစ်နိုင်ငံလုံးအနှံ့များပြားလာပြီး အစိုးရတစ်ရပ်အနေဖြင့် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်နိုင်စွမ်းရှိသည့် လယ်သမားများကို ဖမ်းဆီးထောင်ချမှုများမှာ အရုပ်ဆိုးအကျည်းတန်စေသည်ဟု လယ်သမားအရေးလှုပ်ရှားသူများနှင့် ဥပဒေကျွမ်းကျင်သူများက ပြောကြားသည်။
၂၀၁၄ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင် ယင်းဖြစ်ရပ်များမှာပိုမိုများပြားလာပြီး စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တစ်ခုတည်း၌ပင် တရားစွဲဆိုခံရသည့် လယ်သမားပေါင်း ၄၅၀ ခန့်ရှိနေပြီး ထောင်ချခံရသည့် လယ်သမားပေါင်း ၅၆ ဦးအထိ ရှိလာပြီဖြစ်သည်။
အလားတူ အခြားတိုင်းဒေသကြီး ပြည်နယ်များဖြစ်သည့် ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်လည်း မူလမြေပိုင်ရှင်လယ်သမားများကို ပိုင်နက်ကျူးလွန်မှု၊ ခိုးမှု၊ ညစ်ညမ်းစွာ ဆဲဆိုကြိမ်းမောင်းမှု အကျိုးဖျက်ဆီးမှု စသည့်ပုဒ်မမျိုးစုံဖြင့် တရားစွဲဆိုဖမ်းဆီးထောင်ချမှုများရှိနေကြောင်း သိရသည်။
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုထွန်းမြင့်အောင်က "လက်ရှိအစိုးရသက်တမ်းကပြည့်တော့မယ်။ လယ်ယာမြေကိစ္စတွေကို အခုထိပြေလည်အောင်ဖြေရှင်းပေးနိုင်ခြင်းမရှိသေးဘူး။ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ လယ်သမားတွေကို ဖမ်းဆီးထောင်ချတာတွေက မဖြစ်သင့်တဲ့ကိစ္စပါပဲ" ဟုဆိုသည်။
လယ်သိမ်းဆည်းခံမူလပိုင်ရှင် လယ်သမားများကို တရားစွဲဆိုထောင်ဒဏ်ချမှတ်မှုများနှင့်ပတ်သက်ပြီး ရှေ့နေများကွန်ရက်မှ ဦးသိန်းသန်းဦးက "ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်ပြောချင်တာ လုံးဝမလုပ်သင့်ပါဘူး။ လယ်သမားတွေက သူတို့လက်ငုတ်လယ်ယာမြေတွေကို ဆုံးရှုံးခဲ့ရတယ်။ နောက်ပြီး အသိမ်းခံရတုန်းက ၁၉၈၄ မြေသိမ်းဥပဒေနဲ့အညီ သိမ်းခဲ့တာမဟုတ်ဘူးဆိုတာ ကျွန်တော်လုံးဝပြောရဲတယ်။ လူနဲ့သူနဲ့သတ်မှတ်ပြီး သိမ်းခဲ့တာမဟုတ်ဘူး။ လယ်သမားတွေကို ကျေးကျွန်လိုသဘောထားပြီး သိမ်းခဲ့တာပါ။ ကာလပေါက်ဈေးနဲ့ လျော်ကြေးပေးပြီး သိမ်းခဲ့တာမဟုတ်ဘူး။ သမ္မတကြီးအနေနဲ့ ဆင်းရဲသားပပျောက်ရေးလို့သာပြောနေပေမယ့် ဒီလိုမျိုးလယ်သမားတွေကို ဖမ်းဆီးထောင်ချတဲ့လုပ်ရပ်တွေကို ကျွန်တော်လုံးဝရှုတ်ချပါတယ်" ဟုမှတ်ချက်ပြုသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၊ ခအုံးတာ၊ ပေကြီး၊ မြေမွန်၊ ငှက်ပျောတိုင်း၊ ထောက်ရှာအိုင်၊ ဘူးကုန်းအစရှိသည့်ကျေးရွာများမှ မြေသိမ်းခံတောင်သူများကို အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇ ဖြင့် တရားစွဲဆိုခဲ့ပြီး လက်ရှိအချိန်ထိ ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် လယ်သမားများမှာ ၆၅ ဦးအထိရှိသွားပြီဖြစ်ကာ ဆက်လက်တရားရင်ဆိုနေရသည့် လယ်သမားများမှာ ၃၀၀ ကျော်ကျန်ရှိနေကြောင်း တရားစွဲဆိုခံရသည့် လယ်သမားများက ပြောကြားသည်။
အကျိုးဖျက်ဆီးစေမှု ပုဒ်မ ၄၂၇ မှာ ငွေဒဏ်မှ အမြင့်ဆုံးထောင်ဒဏ်နှစ်နှစ်အထိချမှတ်နိုင်ပြီး တရားစွဲဆိုခံထားရသည့် လယ်သမားများမှာ ယင်းပုဒ်မဖြင့် အကြိမ်ကြိမ်တရားစွဲဆိုခံခဲ့ရပြီး ပြစ်ဒဏ်များကို သီးခြားစီကျခံစေသောကြောင့် ထောင်ဒဏ်သုံးလမှ သုံးနှစ်ခြောက်လအထိ ကျခံရတော့မည်ဖြစ်သည်။
ရှေ့နေများကွန်ရက်မှ ဦးသိန်းသန်းဦးက "ထွန်တုံးတိုက်ပွဲလုပ်တဲ့လယ်တွေကို စစ်တပ်က စီမံကိန်းလုပ်မယ်ဆိုပြီး သိမ်းပြီး သီးစားပြန်ချတယ်။ ကြားလို့မှမကောင်းဘူး။ အခုဖြစ်တဲ့ပြဿ နာတော်တော်များများက တပ်ကသီးစားနဲ့ လက်ငုတ်လယ်သမားတွေဖြစ်ကြတာ။ အမှန်က အိမ်ကြက်ချင်းအိုးမဲသုတ်ပြီး ခွပ်ခိုင်းသလိုပဲ။ အကျိုးဖျက်ဆီးမှုနဲ့ တရားစွဲတယ်ဆို သိမ်းဆည်းခံလယ်သမားတွေက သူတို့အကျိုးကို မတရားဖျက်ဆီးတာမှ မဟုတ်တာ။ သူတို့လယ်တွေကို ဥပဒေနဲ့မညီဘဲ အသိမ်းခံရတာဖြစ်တယ် သူတို့အကျိုးဖျက်ဆီးခံရတာကျ ပြန်တရားစွဲလို့မရဘူး။ ဒီလိုမျိုး အကျိုးဖျက်ဆီးမှုနဲ့ တရားစွဲထောင်ချတာက တရားမျှတမှုမရှိဘူးလို့ ပြောချင်တယ်" ဟု ပြောကြားသည်။
ယင်းအပြင် ဇူလိုင် ၂၄ ရက်ကလည်း ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၊ ကုန်းရှမ်းရွာနှင့် အိမ်မဲမြို့နယ် ခင်ဒိုးကျေးရွာမှ လယ်သမား ၁၉ ဦးကို ပန်းတနော်ရဲစခန်းတွင် ပုဒ်မ ၃၇၉/၁၄၃/၄၄၇ တို့ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ပြီး ဇွန် ၂၉ ရက်တွင် ရုံးချိန်းခေါ်ယူထားကြောင်း လယ်သမားအရေးလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုဇော်ဇော်က ပြောကြားသည်။
၎င်းက "လယ်သမားတွေက လယ်ထဲကိုရေတင်ဖို့အတွက် စစ်မှုထမ်းဟောင်းအဖွဲ့က သီးစားချထားတဲ့ငါးကန်ထဲက ရေကိုခပ်တယ်။ အဲ့ဒါငါးခိုးဖမ်းလို့ဆိုပြီး အမှုဖွင့်ဖမ်းဆီးထားတာပါ။ ဒီငါးကန်ကလည်း လန ၃၉ ကျတဲ့ ငါးကန်မဟုတ်ပါဘူး။ လယ်ထဲမှာငါးကန်ဖော်ထားတာပါ။ လယ်သမားတွေကို ဒီလယ်တွေမှာ သီးစားချပေးခဲ့တယ်။ လယ်သမားတွေက ဒီနှစ်မှာသီးစားမပေးတော့ ခုလိုမျိုးဖမ်းဆီးတာပါ" ဟု ပြောကြားသည်။
လယ်သမားအရေးလှုပ်ရှားသူတစ်ဦးဖြစ်သူ ကိုဇော်ရန်းက "တောင်သူလယ်သမားတွေ လယ်ယာမြေဆုံးရှုံးနစ်နာတယ်ဆိုတာ တကယ်ကိုမတရားနစ်နာတာပါ။ အသိမ်းခံရတယ်။ လျော်ကြေးမရဘူး။ ဒါတွေကို ပြည်ထောင်စုအဆင့်ဖွဲ့ထားတဲ့ လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင်ကိုတိုင်တယ်။ သမ္မတကိုတိုင်တယ်။ ဒါတွေကို အစိုးရက အကောင်ထည်ဖော်တယ်။ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာထွက်တယ်။ ဒါပေမဲ့ ဒီရလဒ်တိုင်းမလုပ်တော့ လယ်ယာမြေပြဿနာတွေက ပိုဆိုးလာတယ်။ ပေးသော်ပေး၏ သို့သော်မရဆိုတာမျိုးဖြစ်လာတယ်။ ဒီတော့ နစ်နာတဲ့လယ်သမားတွေက သူတို့လယ်သူတို့ပြန်ဝင်ထွန်ကြတယ်။ ထွန်တုံးတိုက်ပွဲတွေ လုပ်တယ်။ လုပ်တော့ပုဒ်မမျိုးစုံနဲ့ ဖမ်းဆီးထောင်ချတယ်။ ဒါတွေက စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာမဖြစ်သင့်ပါဘူး။ အစိုးရအနေနဲ့ လယ်ယာမြေပြဿနာတွေကို အမြန်ဖြေရှင်းပေးသင့်နေပါပြီ" ဟုပြောကြားသည်။
ဇူလိုင် ၂ ရက်ကကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ပေးပို့ခဲ့သည့် သ၀ဏ်လွှာတွင် အစိုးရနှင့်တပ်မတော်က သိမ်းဆည်းထားသည့် လယ်ယာမြေဧက ၄၇၀၀၀၀ ကျော်အနက် ဧက ၃၅၀၀၀၀ကျော်အား အသုံးပြုရန်လိုအပ်၍ စွန့်လွှတ်မည်မဟုတ်ကြောင်းနှင့် ပြန်လည်စွန့်လွှတ်ခြင်းမပြုဘဲ အသုံးပြုရန်လိုအပ်သည့်မြေဧကများကို နိုင်ငံတော်စီမံကိန်းများ၊ တပ်မတော်တပ်ဖွဲ့များ စိုက်/မွေးခြံများအတွက် အသုံးပြုရန်လိုအပ်နေသည့်အတွက် သိမ်းဆည်းထားသည့် လယ်ယာမြေများအနက် ဧက ၃၅၁၀၃၃ ဒသမ ၇၃၈ ဧကအား ပြန်လည်လွှဲပြောင်းပေးမည်မဟုတ်ကြောင်း ပါရှိသည်။
ထိုသို့ ပြန်လည်စွန့်လွှတ်မည်မဟုတ်သော ဧကသုံးသိန်းကျော်အား နိုင်ငံတော်စီမံကိန်းအတွက် လိုအပ်သည်ဟုဆိုရာတွင် အဆိုပါစီမံကိန်းများကို အများမြင်သာအောင် ပွင့်ပွင့်လင်းလင်းချပြရန်လိုအပ်ကြောင်း သိမ်းဆည်းခံလယ်သမားများနှင့် လယ်သမားအရေးဆောင်ရွက်နေသူများကဆိုသည်။
လယ်သမားအရေးလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုဇော်ရန်းက "နိုင်ငံတော်စီမံကိန်းအတွက် လိုအပ်လို့သိမ်းထားတယ်ဆိုရင် ဘယ်စီမံကိန်းလဲ၊ ဘာကြောင့်လဲဆိုတာ ပွင့်ပွင့်လင်းလင်းချပြရမယ်။ တိုင်းဒေသကြီးပြည်နယ်တွေမှာသိမ်းထားတဲ့ လယ်မြေတွေက ကျွန်တော်စုံစမ်းသိရသလောက်ကတော့ ကွက်လပ်တွေပဲဖြစ်နေတာများတယ်" ဟုဆိုသည်။
သိမ်းဆည်းခံလယ်ယာမြေများနှင့် ဖမ်းဆီးတရားစွဲဆို ထောင်ချခံနေရသည့် လယ်သမားများနှင့်ပတ်သက်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင်းလင်းလူ့အဖွဲ့အစည်းကလည်း ဇူလိုင် ၂၄ ရက်က သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပြီး စိုက်ပျိုးရေးကိုအခြေခံသည့် မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်စွမ်းရှိသောလယ်သမားများ ဖမ်းဆီးချုပ်နှောင်ခံနေရခြင်း၊ စိုက်ပျိုးမြေများ လက်လွှတ်ဆုံးရှုံးနေရခြင်းသည် တိုင်းပြည်၏ စိုက်ပျိုးစီးပွားကဏ္ဍကို များစွာထိခိုက်စေသဖြင့် မြေသိမ်း လူဖမ်းလုပ်ရပ်များအား ပြင်းထန်စွာကန့်ကွက်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပမှုပပျောက်ရေးလုပ်ငန်းစဉ်များကို အစိုးရတစ်ရပ်အနေဖြင့် ကြွေးကြော်ရုံ သက်သက်မျှမဟုတ်ဘဲ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း သတိပေးထုတ်ပြန်ခဲ့သည်။
သတိပေးထုတ်ပြန်ခဲ့သည်။

No comments:
Post a Comment