ခိုင်မာသည့် ကတိကဝတ်မရရှိပါက အပစ်အခတ်ရပ်စဲရေးလုပ်သော်လည်း အ
ချည်းနှီးသာဖြစ်မည်ဟု ကချင်လွတ်မြောက် ရေးအဖွဲ့(KIO) ဥက္ကဌ ဦးဇောင်းဟရားက
ပြောကြားသည်။
ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ဇူလိုင် ၃၁
ရက်ကပြုလုပ်သည့် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲတွင်
အလှည့်ကျသဘာပတိအဖြစ်ဆောင်ရွက်စဉ် မိန့်ခွန်းပြောကြားရာ၌ KIO ဥက္ကဌက
ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အစိုးရနှင့် KIO
တို့အနေဖြင့် အကြိမ်ကြိမ်အပစ်ရပ်စဲရေး ပြုလုပ်ခဲ့သော်လည်း
ခိုင်မာသည့်ကတိကဝတ် မရှိခဲ့သောကြောင့် နိုင်ငံရေးဆွေးနွေးပွဲများတွင်
ပါဝင်ခွင့်မရခြင်း၊ တိုင်းရင်းသားများ၏ လိုလားချက်၊ တောင်းဆိုချက်များသည်
အကောင်အထည်မပေါ်ခဲ့ဘဲ အချည်းနှီးသာဖြစ်ခဲ့ရကြောင်း၊ ထို့ကြောင့်
ခိုင်မာသည့်ကတိကဝတ်ရရှိရေးသည် KIO ၏မူဖြစ်ကြောင်း ဦးဇောင်းဟရားက
ပြောကြားသည်။
ထို့ကြောင့် ယခု အပစ်ရပ်လက်မှတ်ရေးထိုးသည့်အခါ
တိုင်းရင်းသားများ၏ ရသင့်ရထိုက်သည့် အခွင့်အရေးများရရှိရေးအတွက်
အစည်းအဝေးမှ ဆုံးဖြတ်ထားသည့်မူဝါဒအား အမြဲဆုပ်ကိုင်ထားရန်လည်း
အစည်းအဝေးတက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအား
တိုက်တွန်းပြောကြားခဲ့သည်။
“ကေအိုင်အိုရဲ့ မူကတော့ ဘာပဲဖြစ်ဖြစ်
အပစ်အခတ်ရပ်စဲဖို့ဆိုရင် မရပ်စဲခင် ကျွန်တော်တို့အနေနဲ့
ခိုင်မာတဲ့ကတိကဝတ်ရဖို့ လိုပါတယ်။ ခိုင်မာတဲ့ ကတိကဝတ်မရှိဘဲနဲ့
အပစ်အခတ်ရပ်စဲရေးလုပ်လို့ရှိရင် အလကားပဲဖြစ်မယ်”ဟု KIO ဥက္ကဌ ဦးဇောင်းဟရားက
ပြောကြားသည်။
ထို့အပြင် မိမိတို့ဆုံးဖြတ်ချက်များ၊
လိုလားချက်များအား အားပျော့သွားစေရန်၊ ပျက်ပြယ်သွားစေရန် နည်းမျိုးစုံဖြင့်
ပြုလုပ်လာမည်ကို သတိပြုရန်လိုအပ်ကြောင်း၊ မိမိတို့၏
ဆုံးဖြတ်ချက်မူများကိုစွဲကိုင်ကာ မည်သည့်အချိန်တွင်မဆို
တိုက်ပွဲဝင်သွားကြရမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။
“ဘာပဲဖြစ်ဖြစ် အပစ်အခတ်ရပ်စဲရေးလုပ်တဲ့နေရာမှာ ကျွန်တော်တို့ လူမျိုးစုရဲ့
အခွင့်အရေးနဲ့ပတ်သက်ပြီးမှ အခွင့်အရေးတစ်ခုခု အတိအကျ ခိုင်ခိုင်မာမာ
ကျွန်တော်တို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကိုရထားမှသာလျှင် ကျွန်တော်တို့
ဆုံးဖြတ်လို့ရတယ်လို့ မြင်ပါတယ်။ ဘာကြောင့်လည်းဆိုရင်
ဒီဆုံးဖြတ်ချက်မပါဘဲနဲ့ အပစ်အခတ်ရပ်စဲရေးမှာ ကျွန်တော်တို့
လက်မှတ်သွားထိုးလိုက်တဲ့အခါမှာ ကျွန်တော်တို့ ကိုယ့်လည်ပင်းကိုယ်
ကြိုးစွပ်ပြီးမှ နေတဲ့သူတွေနဲ့ အတူတူပဲဖြစ်မှာပဲ”ဟု ဦးဇောင်းဟရားက
ထည့်သွင်းပြောကြားသည်။
နိုင်ငံတွင်း၌ တိုင်းရင်းသားများအနေဖြင့်
လွတ်လွတ်လပ်လပ်အေးချမ်းစွာနေနိုင်ရေးသည် ရသင့်ရထိုက်သည့်အခွင့်အရေးများ
ရရှိမှသာဖြစ်ကြောင်း၊ ထို့ကြောင့်သာ
ဆွေးနွေးတောင်းဆိုနေကြခြင်းသာဖြစ်ကြောင်း၊ အပစ်ရပ်စဲရေးပြုလုပ်သည့်အခါ
မိမိတို့လူမျိုးစုများ၏ အခွင့်အရေးများကို ရရှိအောင်
တိုက်ပွဲဝင်သွားကြရန်လည်း အလှည့်ကျသဘာပတိက ပြောကြားသည်။
ဇူလိုင် ၃၁
ရက်က ပြုလုပ်သည့်
အပစ်ရပ်စဲရေးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဆွေးနွေးပွဲသို့ NCCT အဖွဲ့
၁၆ ဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့
တက်ရောက်ဆွေးနွေးခဲ့သည်။
ဇူလိုင် ၂၅ ရက်မှ ဇူလိုင် ၂၉ ရက်ထိ
ပြုလုပ်ခဲ့သည့် NCCT ထိပ်သီးခေါင်းဆောင်များအစည်းအဝေးတွင် ဒီမိုကရေစီအရေး၊
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနှင့် စစ်မှန်သည့်
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုသည့်မူအပေါ်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဆက်လက်ရပ်တည်သွားမည်ဟု
ဆုံးဖြတ်ချက်ချခဲ့သည်ဟု သိရသည်။
ဇူလိုင် ၂၈ ရက်မှ ၃၁ ရက်အထိ
ပြုလုပ်ခဲ့သော လိုင်ဇာအစည်းအဝေးများကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏
မြန်မာနိုင်ငံအထူးကိုယ်စားလှယ် Mr. Vijay Nambair က လေ့လာသူအဖြစ်
တက်ရောက်သကဲ့သို့ ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်များတွင် တရုတ်နိုင်ငံ၏
အာရှရေးရာအထူးသံတမန်အဖွဲ့မှ Mr.Wang Yingfan ၏ကိုယ်စား Mr.Tand Ying
သည်လည်း တက်ရောက်လေ့လာခဲ့သည်။
No comments:
Post a Comment