မန္တလေးမြို့တော်တွင် ဖြစ်ပွားခဲ့သော ဘာသာရေး ပဋိပက္ခတွင် သေဆုံးသူ ဦးထွန်းထွန်း နာရေးကို လိုက်လံပို့ဆောင်စဉ် မွတ်ဆလင် သုသာန်ကို မီးရှို့ဖျက်ဆီးခဲ့သူ ၁၅ ဦးကို ဇူလိုင်လ ၃၁ ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် တရားစွဲတင်လိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။
“တကယ်ဆိုရင် သင်္ချိုင်းဖျက်ဆီး မီးရှို့တဲ့သူကို အရေးယူမယ့်အစား လူအုပ်ကြီးနဲ့ ဆူပူမှု ဖြစ်ပွားလာအောင် သွေးထိုးလှုံ့ဆော်တဲ့သူကို အရေးယူရမှာပါ။ သူတို့လေးတွေက သွေးထိုး လှုံ့ဆော်ခံရတာ။ လှုံ့ဆော်စာတွေကပ်ပြီး လုပ်တဲ့သူတွေကို ဖမ်းရမယ်။ ဓာတ်ပုံ မှတ်တမ်းတွေလည်း ရှိပါတယ်။ အခု ၁၅ ဦးက ရုပ်သေးရုပ်တွေပါ။ ရုပ်သေးကို ကြိုးကိုင်တဲ့သူကို ဖမ်းရမှာပါ။ ၅၀၅ (ဂ) က လူထုစုဝေးမှုဖြစ်အောင် သွေးထိုးလှုံ့ဆော်တာပါ။ ဒီပုဒ်မဆိုရင် ထောင်ဒဏ် ၂ နှစ် ဒါမှမဟုတ် ငွေဒဏ် အကန့်အသတ်မရှိ ကျခံရမှာ ဖြစ်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ဆိုသည်။
အဆိုပါ ကျူးလွန်သူ ၁၅ ဦးကို တရားရုံး စွဲတင်ရန်အတွက် ဥပဒေအကြံပြုချက် တောင်းခံခဲ့ပြီး နှစ်ဦးကို ပြစ်မှုပုဒ်မ ၄၃၆ အရ လည်းကောင်း၊ ၁၀ ဦးကို ပြစ်မှုပုဒ်မ ၂၉၅ အရ လည်းကောင်း၊ သုံးဦးကို ပြစ်မှုပုဒ်မ ၅၀၅ (ဂ) အရ လည်းကောင်း တရားစွဲတင်ပို့ခဲ့ကြောင်း ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။
အဆိုပါ ပဋိပက္ခ ကာလအတွင်း အသတ်ခံခဲ့ရသည့် ဦးထွန်းထွန်း နာရေးကို ဇူလိုင်လ ၄ ရက်နေ့က လူသောင်းချီ လိုက်ပါ ပို့ဆောင်ခဲ့ပြီး အေးရိပ်ငြိမ် သုသာန်တွင် သဂြုင်္ိဟ်နေစဉ် လူတစ်စုက ဖျက်ဆီးခဲ့သည့် မွတ်စလင် ဘာသာဝင်များသာ မြှုပ်နှံသည့် အုတ်ဂူအချို့နှင့် ဇရပ်ကို အစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် ပြန်လည် ပြုပြင်နေပြီ ဖြစ်သည်။

No comments:
Post a Comment