ရွေးကောက်ပွဲစနစ်နှင့် ပတ်သက်၍ မျှမျှတတဖြစ်စေရန်
ဆောင်ရွက်ပေးမည်ဖြစ်ပြီး PR စနစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ ၊မညီ
ဆိုသည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်ဖြင့်
ဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဇူလိုင် ၃၁ ရက်တွင်
ပြောကြားသည်။
မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့်
ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်ကို
ပြည်သူ့လွှတ်တော်၌ ဇူလိုင် ၃၁ ရက်တွင် ဖွဲ့စည်းခဲ့ပြီးနောက် သူရဦးရွှေမန်းက
ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“အစကတည်းက
ကျွန်တော်လွှတ်တော်ကိုယ်စားလှယ်တွေကို တင်ပြခဲ့သလို ပါတီခေါင်းဆောင်တွေကို
ဖိတ်ကြားတင်ပြခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊
အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို မထိခိုက်စေအောင်
အတတ်နိုင်ဆုံးဆောင်ရွက်ပေးမယ်ဆိုတာကို ကတိတစ်ခုပေး
ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ပေးထားတဲ့ကတိအတိုင်း မျှမျှတတဖြစ်အောင်
ဆောင်ရွက်သွားမှာဖြစ်တယ်လို့ လွှတ်တော်ကို တင်ပြလိုပါတယ်”ဟု
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားသည်။
ထို့ပြင်
မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ်
ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်မှ တင်ပြလာသည့် အစီရင်ခံစာကိုလည်း
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဆွေးနွေးဆုံးဖြတ်ရမည်ဖြစ်ကြောင်း
သူရဦးရွှေမန်းက ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော်မှ
မြန်မာနိုင်ငံနှင့် သင့်တော်မည့် ရွေးကောက်ပွဲဆိုင်ရာဥပဒေကိုရေးဆွဲကာ
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီစနစ်ကိုကျင့်သုံးတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှု ရှိ၊
မရှိကို ဖွဲ့ စည်းပုံဥပဒေခုံရုံးရဲ့ အဆုံးအဖြတ်ဖြစ်ပါတယ်”ဟု
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ထည့်သွင်းပြောကြားသည်။
ဇူလိုင် ၂၉ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ သူရဦးရွှေမန်းက
“တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်အများစု လက်မှတ်ရေးထိုးပြီး
ပီအာရ်စနစ်ကျင့်သုံးမယ်ဆိုရင် ကန့်ကွက်တယ်ဆိုပြီး
ကျွန်တော့်ဆီစာရေးတင်ပါတယ်။ အဲဒီတင်တဲ့အခါမှာ ပါတီခေါင်းဆောင်များ
ဖိတ်ပြီးဆွေးနွေးပါတယ်။ ဒီနေ့နိုင်ငံမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊
အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အရေးကြီးတယ်။
ကျွန်တော်တို့ လွှတ်တော်အတွက် ဒါကိုအဓိကထား ဆောင်ရွက်နေတယ်။
ကျွန်တော့်အနေနဲ့ မျှမျှတတ ဖြစ်အောင် ဆောင်ရွက်ပေးမယ်လို့
ကတိပေးပြောကြားခဲ့ပါတယ်။ တင်လာတဲ့အဆိုကို သေချာလေ့လာပြီးတဲ့အခါမှာ
ပီအာရ်စနစ်ကို လွှတ်တော်က ကျင့်သုံးဖို့ ဆုံးဖြတ်မယ်ဆိုရင် ကျွန်တော့်အနေနဲ့
လက်မခံနိုင်ပါဘူး။ ဘာကြောင့်လဲ ခုနကပြောသလိုပဲ ပီအာရ်စနစ်အပြင်
ပီအာရ်စနစ်နဲ့ အပြိုင်ဖြစ်တဲ့ လက်ရှိစနစ်ကို ယှဉ်တွဲပြီးလုပ်ရင်လည်း
လုပ်နိုင်တယ်ဆိုတဲ့ အသိလည်းရှိပါတယ်”ဟု သူရဦးရွှေမန်းက ပြောကြားသည်။
No comments:
Post a Comment