Saturday, August 2, 2014

အကျဉ်းကျခံ သတင်းမီဒီယာသမားများ ထိခိုက်နစ်နာမှု မရှိစေရန် သမ္မတ ကူညီမည်

ရန်ကုန်၊ သြဂုတ် ၁
အကျဉ်းကျခံနေရသော သတင်းမီဒီယာသမားများ ထိခိုက်နစ်နာမှု မရှိစေရေးအတွက် ၎င်း၏ လုပ်ပိုင်ခွင့်ထဲမှ ဥပဒေကြောင်းအရ ဆောင်ရွက်ပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အလေးအနက် ပြောကြားကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောကြားသည်။
နိုင်ငံတော်သမ္မတနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ သြဂုတ်လ ၁ ရက်နေ့ နံနက် ၁၀ မှ ၁၁ နာရီအထိ နေပြည်တော်ရှိ သမ္မတအိမ်တော် လယ်တောရိပ်သာ၌ တွေ့ဆုံစဉ် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတ အနေနှင့် တရားစီရင်ရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ သမ္မတ၏ လုပ်ပိုင်ခွင့်အတွင်းက ကူညီသွားမည်ဟု ကတိပြုခဲ့သော်လည်း မည်သို့ ကူညီမည်ကို အသေးစိတ် ပြောကြားခဲ့ခြင်း မရှိကြောင်း ဦးဇော်သက်ထွေးက ဆိုသည်။
ယင်းဆွေးနွေးပွဲတွင် စာနယ်ဇင်းကောင်စီကို အစိုးရအဖွဲ့နှင့် မီဒီယာများကြားရှိ ကြားခံအဖွဲ့အစည်း အဖြစ် လက်ခံပေးခဲ့ပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်သုံးခုနှင့် သတင်းမီဒီယာများအကြား နားလည်မှုလွဲသော ကိစ္စရပ်များ၊ ပဋိပက္ခများ မဖြစ်စေရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲများကို မကြာခဏ ကျင်းပသွားမည်ဟု ဦးသိန်းစိန်က ကတိပေးခဲ့သည်။
သတင်းရယူခွင့်နှင့် ပတ်သက်၍ ဝန်ကြီးဌာန အသီးသီးက အချိန်နှင့် တစ်ပြေးညီ ထိရောက်မှု ရှိသည့် တုန့်ပြန်ဖြေကြားမှု ရှိလာစေရန် အစီအစဉ်သစ် တစ်ရပ်ကို အကောင်အထည် ဖော်မည်ဟုလည်း ၎င်းက ပြောဆိုခဲ့သည်။
သမ္မတအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ တွင် သမ္မတကို အပ်နှင်းထားသည့် အခွင့်အာဏာအရ လုပ်ဆောင်ပေးမည် ဆိုခြင်းသည် ပြစ်ဒဏ်ကျ သတင်းမီဒီယာသမားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု ပြောလိုက်ခြင်း ဖြစ်ကြောင်း ယူနတီဂျာနယ်၏ အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသော တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုသည်။
“မီဒီယာများရဲ့ အမှုကို လိုက်နေတဲ့ ရှေ့နေ့တစ်ယောက် အနေနဲ့ အရမ်းကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်” ဟု ၎င်းကဆိုသည်။
သမ္မတသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံတော်၏ အကြီးအကဲအဖြစ် ခန့်အပ်ခံထားရသူ ဖြစ်၍ မည်သည့် ကိစ္စကိုမဆို ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဖြေလျှော့ပေးခြင်းများ လုပ်ဆောင်ပေးနိုင်ကြောင်း၊ သို့သော်လည်း နိုင်ငံရေး လှည့်ကွက်အရ ရေမှုတ်တစ်ဖက် မီးစာတစ်ဖက် ဖြစ်မည်ကို စိုးရိမ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတနှင့်အတူ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်သော ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ ဦးခင်ရီ၊ ဦးရဲထွဋ်တို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ ကိုယ်စားလှယ်များအဖြစ် ဦးခင်မောင်လေး၊ ဦးကျော်မင်းဆွေ၊ ဦးသီဟစော၊ ဦးဖေမြင့်၊ ဦးဇော်သက်ထွေး၊ ဦးရဲမင်းဦး၊ ဦးခင်မောင်ဌေးနှင့် ဒေါ်နန်းကလျာဝင်းတို့ တက်ရောက်ခဲ့သည်။

No comments:

Post a Comment