Friday, August 1, 2014

တရားရေး ဝန်ထမ်းများ ပါဝင်သော လာဘ်ပေးလာဘ်ယူမှု ထောင်ချီ ရှိသော်လည်း သုံးမှုသာ အရေးယူ

နေပြည်တော်၊ ဇူလိုင် ၃၁
တရားရေး ဝန်ထမ်းများ ပါဝင်ပတ်သက်နေသော လာဘ်ပေးလာဘ်ယူမှုများ ထောင်ချီရှိသော်လည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးနှင့် သက်ဆိုင်သော အမှုသုံးမှုကိုသာ လာဘ်ပေးလာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီက အရေးယူ ဆောင်ရွက်ထားကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွှန့်က ပြောကြားသည်။
ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သင်္ဃန်းကျွန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်၏ တရားရေးမဏ္ဍိုင်နှင့် ပတ်သက်သော တိုင်ကြားစာများအနက် ထင်ရှားမှုရှိသော အမှုအရေအတွက် မည်မျှ ရှိသည်ကို သိလိုခြင်းနှင့် ပတ်သက်သည့် မေးခွန်းကို ဖြေဆိုရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။
တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစားများ စိစစ်ဆောင်ရွက်ရေး ကော်မတီက တရားရေး ဝန်ထမ်းများ ပါဝင် ပတ်သက်သော အမှုပေါင်း ထောင်ချီရှိသည်ဟု ဖော်ပြထားသော်လည်း လာဘ်ပေးလာဘ်ယူ အရေးယူ ဆောင်ရွက်ရေး ကော်မတီက အရေးယူ ဆောင်ရွက်ထား အမှုသုံးမှုကိုသာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ ပေးပို့ကြောင်း ဦးစိုးညွှန့်က ပြောကြားသည်။
“တိုင်ကြားသည့်အမှုနှင့် ပတ်သက်၍ လာဘ်ပေးလာဘ်ယူ အရေးယူဆောင်ရွက်ရေး ကော်မတီက ပဏာမ စစ်ဆေးမှု ပြုလုပ်ပြီး လာဘ်ပေးလာဘ်ယူ တောင်းခံကြောင်း အထောက်အထားများ မတွေ့ရှိရကြောင်း အကြောင်းကြားလာပါတယ်” ဟု ၎င်းကဆိုသည်။
ပြည်သူ့လွှတ်တော် နဝမ ပုံမှန်အစည်းအဝေးတွင် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစားများ စိစစ်ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက တိုင်ကြားစာ တစ်သောင်းကျော်တွင် တရားသူကြီးများကို တိုင်ကြားထားသည်မှာ ထောင်ပေါင်းများစွာ ရှိနေသည်ဟု ပြောကြားခဲ့သော်လည်း လာဘ်ပေးလာဘ်ယူမှု ကော်မတီက ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးနှင့် ပတ်သက်၍ ဖြစ်ပေါ်ခဲ့သော လာဘ်ပေးလာဘ်ယူအမှု သုံးမှုသာ ရှိကြောင်း ဖော်ပြထားသည်ဟု ဦးသိန်းညွှန့်က ထောက်ပြ ပြောဆိုသည်။
လာဘ်ပေးလာဘ်ယူ အရေးယူ ဆောင်ရွက်ရေး ကော်မတီက အကြောင်းကြားခဲ့သည် အမှုများမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ အတည်ဖြစ်သော ၂၀၁၃ ခုနှစ် သြဂုတ်လမှ ၂၀၁၄ ခုနှစ် ဇူလိုင်လအထိ တရားရေးမဏ္ဍိုင်နှင့် သက်ဆိုင်သော လာဘ်ပေးလာဘ်ယူမှု တိုင်စာပေါင်း ၁၃ စောင် ရှိကြောင်း၊ စုံစမ်းစစ်ဆေးပြီး မမှန်ကန်၍ ပိတ်သိမ်းသည် တိုင်စာပေါင်း ခုနစ်စောင်၊ စုံစမ်းစစ်ဆေးဆဲ တိုင်စာ ခြောက်စောင်နှင့် အရေးယူ ဆောင်ရွက်သည့်အမှု တစ်စောင်ရှိကြောင်း၊ ရန်ကင်းမြို့နယ် တွဲဖက်တရားသူကြီးအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ တရားစွဲဆိုထားကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးထံမှသိရသည်။

No comments:

Post a Comment