Friday, August 1, 2014

မြန်မာကျောင်းသားများအတွက် ရှီးဗနင်းပညာသင်ဆု လျှောက်လွှာခေါ်ယူ

၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ဗြိတိန်နိုင်ငံ ရှီးဗနင်း ပညာသင်ဆုကို မြန်မာကျောင်းသားများ လျှောက်ထားရန် ရန်ကုန်မြို့ရှိ ဗြိတိသျှသံရုံးမှ လျှောက်လွှာများ ခေါ်ယူနေကြောင်းသိရသည်။
ရှီးဗနင်းသည် နိုင်ငံခြားမှကျောင်းသားများအတွက် ဗြိတိန်နိုင်ငံ၏ ဂုဏ်သိက္ခာအကြီးမားဆုံး ပညာသင်ဆု အစီအစဉ်ဖြစ်ပြီး ဗြိတိန်နိုင်ငံတွင် ဘွဲ့လွန်ပညာများ ဆက်လက်သင်ကြားရန် မြန်မာနိုင်ငံရှိ မြန်မာလူမျိုး ကျွမ်းကျင်ပညာရှင်များအတွက် အခွင့်အလမ်းတစ်ရပ်ကို ပေးအပ်နေသော အစီအစဉ်တစ်ခုဖြစ်သည်။ ဗြိတိန် တက္ကသိုလ်များ၊ အခြား ကျွမ်းကျင်ပညာ သင်ကြားရေးအဖွဲ့အစည်းဌာနများတွင် တစ်နှစ်တာ မဟာဘွဲ့များ တက်ရောက်သင်ကြားရယူနိုင်ရန်အတွက် ရှီးဗနင်း ပညာသင်ဆုများကို ချီးမြှင့်လျက်ရှိကြောင်းသိရသည်။
နိုင်ငံရေး၊ နိုင်ငံရေးသိပ္ပံ၊ နိုင်ငံတကာဆက်ဆံရေး၊ ဖွံ့ဖြိုးရေးပညာ၊ လူ့အခွင့်အရေး ဥပဒေအပါအ၀င် ဥပဒေ၊ ပဋိပက္ခ ဖြေရှင်းခြင်း၊ ကာကွယ်ခြင်း ၊ စီးပွားရေးနှင့် ဘဏ္ဍာရေး အစရှိသည့်ဘာသာရပ်များတွင် မဟာဘွဲ့ရယူရန်အတွက် လျှောက်လွှာများကို သံရုံးမှလက်ခံမည်ဖြစ်သည်။ ပညာသင်ဆုတွင် ဗြိတိန် ပြည်ဝင်ခွင့်၊ ဗြိတိန်နိုင်ငံသို့ အသွားအပြန်လေယာဉ်လက်မှတ်၊ (တစ်နှစ်တွင် ပေါင် ၁၃,၀၀၀ ထက် မပိုသော) ကျောင်းလခအားလုံး၊ လစဉ်ထောက်ပံ့ကြေးငွေနှင့် အသုံးစရိတ်များ ပါဝင်မည်ဖြစ်သည်။ ကျောင်းလခ တစ်နှစ်လျှင် ပေါင် ၁၃,၀၀၀ ထက်ပိုသော သင်တန်းကို တက်ရောက်လိုပါက ပညာသင်စရိတ် တစ်စိတ် တစ်ပိုင်း ကို လျှောက်ထားသူများ ကိုယ်တိုင်ကုန်ကျခံရမည်ဖြစ်ပြီး ပညာတော်သင် ဆုများတွင် မှီခိုသူများအတွက် စရိတ်ပါဝင်ခြင်းမရှိကြောင်းသိရသည်။
လျှောက်ထားသူများအား ပညာသင်ဆုရရှိသည့်အချိန်မှ ၁၀ နှစ်အတွင်းတွင် မိမိတို့၏ နေရင်းနိုင်ငံအတွင်း ခေါင်းဆောင်မှု နေရာတစ်နေရာသို့ ဦးတည်သည့် အလုပ်၌ အသက်မွေးရန် စိတ်အားထက်သန်မှု၊ ဗြိတိန်နိုင်ငံမှသင်ယူခဲ့သော ပညာများနှင့် အတွေ့ကြုံများကို မိမိကိုယ်တိုင်၊ မိမိနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့အတွက် အကျိုးရှိရှိ အသုံးချနိုင်စွမ်းရှိမှု၊ မိမိတို့အဆိုပြုထားသော သင်တန်းကို ပြီးမြောက်အောင်မြင်သည်အထိ တက်ရောက်နိုင်စွမ်းရှိမှုများပေါ်မူတည် ကာရွေးချယ်သွားမည်ဖြစ်သည်။ ပညာသင်ဆု လျှောက်ထားသူများ သည် လျှောက်ထားချိန်တွင် အင်္ဂလိပ်ဘာသာစကားစွမ်းရည် အနိမ့်ဆုံးသတ် မှတ်ချက်အဆင့်ရရှိရမည်ဖြစ်ပြီး ရှီးဗနင်း ပညာတော်သင်ဆု လျှောက်ထားရန် အင်္ဂလိပ်စာလိုအပ်ချက် အနိမ့်ဆုံးလိုအပ်ချက်မှာ IELTS 6.5, IBT TOEFL 79 (သို့မဟုတ်) ၎င်းတို့နှင့် ညီမျှသည့် အင်္ဂလိပ်စာကျွမ်းကျင်မှု ရှိရမည်ဖြစ်သည်။
မြန်မာလူမျိုး လျှောက်ထားသူအားလုံးသည် အင်္ဂလိပ်ဘာသာစကား လိုအပ်ချက်အတိုင်း ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထား ပြီး ပြည့်မီရမည်ဖြစ်ကာ မိမိတို့ရွေးချယ်ထားသောသင်တန်း၏ အင်္ဂလိပ်စာ ဘာသာစကားနှင့် ပညာရပ်ဆိုင်ရာ လိုအပ်ချက်များကို ပြည့်မီရမည်ဖြစ် သည်။ လျှောက်ထားချိန်တွင် မြန်မာနိုင်ငံသား ဖြစ်ရမည်ဖြစ်ပြီး သင်တန်းကာလ ပြီးဆုံးသည့်အခါ မြန်မာနိုင်ငံသို့ ပြန်ရန် စိတ်ကူးရှိသူ ဖြစ်ရမည်။ ဗြိတိန်နိုင်ငံ၏ ဒုတိယတန်းစား ဂုဏ်ထူးတန်း ဘွဲ့တစ်ခုနှင့် ညီမျှသော အဆင့်အတန်းရှိသည့် ဘွဲ့တစ်ခု ရှိထားရမည်ဖြစ်သည်။ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် လုပ်သက် ၂ နှစ် ( သို့မဟုတ် ) ၎င်းနှင့်ညီမျှသော အတွေ့အကြုံ ရှိရမည်ဖြစ်ပြီး အသက်ကန့်သတ်ထားခြင်းမရှိပေ။ လူနည်းစုတိုင်းရင်းသား အုပ်စုများ၊ မသန်စွမ်းသူများလည်း လျှောက်ထားနိုင်မည်ဖြစ်သည်။ ၂၀၁၅-၁၆ ပညာသင်နှစ် အစီအစဉ်အတွက် လျှောက်လွှာများကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက် နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာများ အားလုံးကို www.chevening.org/burma မှတစ်ဆင့် လျှောက်ထားနိုင်မည်ဖြစ်သည်။
လျှောက်ထားသူများကို ရန်ကုန်ဗြိတိသျှသံရုံးနှင့် လန်ဒန်မြို့ရှိ ရှီးဗနင်း ပညာတော်သင်ဆု ရုံးအဖွဲ့တို့ ပူးပေါင်းရွေးချယ်မည်ဖြစ်ပြီး သင့်လျော်သော သင်တန်းများတွင် အောင်မြင်သော စာသင်သားများကို နေရာချထားပေးရာ၌ ပံ့ပိုးပေးသွားမည်ဖြစ်သည်။ ဆန်ကာတင်စာရင်းတွင် ပါဝင်သော လျှောက်ထား သူများကို ၂၀၁၅ ခုနှစ်၊ မတ်လနောက်ဆုံးထားပြီး လူတွေ့စစ်ဆေးရန် ဆက်သွယ်မည်ဖြစ်ကြောင်းသိရသည်။ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ပညာသင်ဆုပေါင်း ၁၅၀၀ ခန့်ကို ချီးမြှင့်မည်ဖြစ်ပြီး ဗြိတိန်နိုင်ငံတွင် မြန်မာ လူငယ် ကျွမ်းကျင်ပညာရှင်ပေါင်း ၄၁ ဦးမှာ ရှီးဗနင်း ပညာသင်ဆုများရရှိကာ သင်ယူခဲ့ကြပြီး ဖြစ်ကြောင်းသိရသည်။ အသေးစိတ်သိရှိလိုပါက ဗြိတိသျှသံရုံး၊ ရန်ကုန်၊ အမှတ်-၈၀၊ ကမ်းနားလမ်း၊ ဖုန်း-၃၇၀ ၈၆၃၊ ၃၇၀ ၈၆၄၊ ၃၇၀ ၈၆၅ (သို့မဟုတ်) အီးမေးလ် Press.Officer@fco.gov.uk သို့ ဆက်သွယ်နိုင်မည်ဖြစ်သည်။

No comments:

Post a Comment