Friday, August 1, 2014

ကျိုက်ထီးရိုးတောင်ခြေ ကင်ပွန်းစခန်းအနီး မြေဧက ၃၀၀ နီးပါးကို တစ်ဧက ကျပ် ၁၀ သိန်းဖြင့် ရွှေသံလွင်ကုမ္ပဏီသို့ ဟိုတယ်၊ စားသောက်ဆိုင်များ စီးပွားဖြစ်လုပ်ကိုင်ရန် လယ်/ဆည်ဝန်ကြီးဌာနက လွှဲပေး

ကျိုက်ထီးရိုးတောင်ခြေ ကင်ပွန်းစခန်းအနီးရှိ စိုက်ခင်းမြေဧက ၃ဝဝ နီးပါးကို တစ်ဧက ကျပ် ၁ဝ သိန်းဝန်းကျင်ဖြင့် ရွှေသံလွင်ကုမ္ပဏီသို့ လွှဲပေးရန်စီစဉ်နေကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဖြင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သတင်းရရှိသည်။
ကင်ပွန်းစခန်းနှင့် သုံးမိုင်ဝန်းကျင်သာ ကွာဝေးပြီး နိုင်ငံ၏အထင်ကရ ကျိုက်ထီးရိုးစေတီသို့ တက်ရောက်ရာလမ်းဘေးတွင်ရှိသည့် မြေဧက ၃ဝဝ နီးပါးကို လွှဲပြောင်းပေးရန် စီစဉ်နေခြင်းဖြစ်ပြီး အဆိုပါမြေဧက ၃ဝဝ မှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပိုင်ဆိုင်လုပ်ကိုင်နေသော စိုက်ခင်းမြေနေရာဖြစ်ကြောင်း သိရသည်။
ရွှေသံလွင်ကုမ္ပဏီမှ မြေဧက ၃ဝဝ နီးပါးအတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ကျပ်သိန်း ၃ဝဝဝ ကျော်သာ ပေးသွင်းရကြောင်း၊ တစ်ဧက ကျပ် ၁ဝဝ၅ဝဝဝ သာ ပေးသွင်းရကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဖြင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။
ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီအမည်ဖြင့် ရယူမည်ဖြစ်ပြီး လက်ရှိအချိန်တွင် မြေဧက ၃ဝဝ အတွက် ငွေကျပ်သိန်း ၃ဝဝဝ ကျော်ပေးသွင်းပြီးဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ နိုင်ငံတော်သို့ အဆိုပါမြေဧက ၃ဝဝ ကိုပြန်အပ်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီလီမိတက်သို့ လွှဲပြောင်းမည်ဖြစ်ကြောင်း သိရသည်။
ရွှေသံလွင်ကုမ္ပဏီသည် အဆိုပါမြေပေါ်တွင် ဟိုတယ်ဆောက်လုပ်ခြင်း၊ စားသောက်ဆိုင်များဆောက်လုပ်ခြင်း၊ ယာဉ်ရပ်နားစခန်းများ တည်ဆောက်ခြင်းစသည်ဖြင့် စီးပွားဖြစ်လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။
သုတေသနနှင့် မျိုးပွားခြံနေရာဖြစ်ပြီး ရွှေသံလွင်ကုမ္ပဏီမှ ၎င်းမြေဧရိယာအတွင်းရှိ စိုက်ပျိုးထားသော သီးနှံများနှင့် စိုက်ပျိုးကုန်ကျစရိတ်များအတွက်သာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ပြန်သွင်းပေးရခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိ မြေဈေးများဖြင့်ဆိုပါက မည်သို့မျှမရနိုင်သည့် ဈေးနှုန်းဖြစ်သော်လည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လက်ခံခဲ့ကြောင်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ကိုယ်တိုင် လက်မှတ်ရေးထိုးကာ အထက်အဆင့်ဆင့်သို့ တင်ပြပေးကြောင်းလည်း ဝန်ကြီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
ရွှေသံလွင်ကုမ္ပဏီသည် ဧက ၉ဝဝ ကျော်ကျယ်ဝန်းသော စစ်တောင်းစက္ကူ စက်ရုံကိုလည်း လုပ်ကိုင်ခွင့်ရရှိထားသည်။
ယင်းအပြင် စစ်တောင်းစက္ကူစက်ရုံပိုင် ကုန်ကြမ်းစိုက်ခင်းမြေဧက ၁ဝဝဝဝ နီးပါးကိုလည်းရယူကာ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်ပူးပေါင်းပြီး စက်မှုဇုန်များ ဖော်ထုတ်လုပ်ကိုင်ရန် စီစဉ်နေသည်။
ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီလီမိတက်သည် စစ်တောင်းစက္ကူစက်ရုံအပြင် ဧက ၁၄၆ဝ ကျော်ကျယ်ဝန်းသည့် (ကြံစိုက်ခင်းမြေအပါအဝင်) ဘီးလင်းသကြားစက်ရုံကိုလည်း တစ်လ ကျပ် ၂၅ သိန်းဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း၊ ကျပ် ၂၅ သိန်း တည်းဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ရသော်လည်း မကိုက်၍ဟုဆိုကာ ပြန်အပ်ခဲ့ကြောင်း သိရသည်။
ရွှေသံလွင်ကုမ္ပဏီသည် Sky Net ရုပ်သံလိုင်းအပါအဝင် သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ကျောက်မျက်လုပ်ငန်း၊ လမ်းတံတားလုပ်ငန်းမှအစ လုပ်ငန်းပေါင်းများစွာကို လုပ်ကိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီဖြစ်သည်။
စက်ရုံများ ငှားရမ်းလုပ်ကိုင်ရာတွင် အလွန်သက်သာသော ငှားရမ်းခများဖြင့် နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့်ရရှိပြီး Sky Net ရုပ်သံလိုင်းကို လုပ်ကိုင်ရာတွင် အကျိုးအမြတ်၏ ၉၆ ရာခိုင်နှုန်းကို ၎င်းကရရှိပြီး နိုင်ငံတော်မှ ၄ ရာခိုင်နှုန်းသာ စတင်ရရှိမည့် နှုန်းများဖြင့် လုပ်ကိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီဖြစ်သည်။

No comments:

Post a Comment