Wednesday, July 30, 2014

FDA ခွင့်ပြုချက်မပါသော စီပိုးကုသဆေးများ ဈေးကွက်အတွင်း ဝင်ရောက်


ရန်ကုန်၊ ဇူလိုင် ၂၉

ပြည်တွင်း ဆေးဝါးဈေးကွက်အတွင်း အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (FDA) ၏ခွင့်ပြုချက် မပါသော အသည်းရောင်အသားဝါစီ (Hepatitis C) ကုသဆေးများ ဝင်ရောက်နေသည့်အတွက် သတိပြုဝယ်ယူကြရန် အသည်းဖောင်ဒေးရှင်း အမှုဆောင်အဖွဲ့ဝင် ဒေါက်တာဖေသက်ထွန်းက ပြောကြားသည်။

ဇူလိုင်လ ၂၈ ရက်နေ့က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ UMFCCI ခန်းမတွင် ကျင်းပသော ကမ္ဘာ့အသည်းရောင် ရောဂါနေ့ အခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိဈေးကွက်အတွင်း အမေရိက၊ ဆွစ်ဇာလန်၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့မှ ဆေးဝါးများကို FDA ခွင့်ပြုချက်နှင့် တရားဝင် တင်သွင်းရောင်းချလျက် ရှိသော်လည်း နယ်စပ်မှ တရားမဝင် ဝင်ရောက်နေသော ဆေးဝါးများလည်း ရှိကြောင်း ခွင့်ပြုချက်ဖြင့် ဆေးဝါး တင်သွင်းနေသူ ဆေးကုမ္ပဏီအချို့ထံမှ စုံစမ်းသိရှိရသည်။

မကြာမီ အိန္ဒိယနိုင်ငံမှ FDA အသိအမှတ်ပြု စီပိုးကုသဆေးများ ဝင်ရောက်တော့မည် ဖြစ်ကြောင်း အသည်းရောင် အသားဝါ စီပိုးကုသဆေးသွင်းသော ဆေးကုမ္ပဏီတစ်ခုက ဆိုသည်။

“ထင်တာတော့ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်ဘက်က FDA လက်မှတ်မပါတဲ့ ဆေးတွေဝင်တာဖြစ်မယ်။ ရှစ်သောင်းလောက်နဲ့ (ထိုးဆေးတစ်လုံးလျှင်)” ဟု ဆေးကုမ္ပဏီက Medical Product Specialist က ပြောဆိုသည်။

FDA လက်မှတ်ရသော ဆေးဝါးများသည် ဈေးနှုန်းပိုမြင့်သောကြောင့် FDA လက်မှတ်မပါသော ကုသဆေးများကို သုံးစွဲနေခြင်း ဖြစ်ကြောင်း ဒေါက်တာဖေသက်ထွန်းက ရှင်းပြသည်။

အမေရိကနှင့် ဆွစ်ဇာလန်မှဆေးများသည် တစ်သိန်းသုံးသောင်းကျပ်နှင့် တစ်သိန်းရှစ်သောင်းကျပ် ဝန်းကျင်ရှိကြောင်း၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်မှ ဆေးများသည် ကျပ်တစ်သိန်းဝန်းကျင် ရှိကြောင်း ပြည်တွင်း ဆေးဈေးကွက်အတွင်းထံ စုံစမ်းသိရှိရသည်။

အသည်းရောင် အသားဝါစီပိုး အရေအတွက် ပိုးပေါ်မူတည်၍ ၂၄ ပတ်မှ ၄၈ ပတ်ကြာကုသရန် လိုအပ်ပြီး အမေရိကမှ တရားဝင်တင်သွင်းသော ထိုးဆေးတွင် အမှုန့်ကိုဖျော်၍ ထိုးရသောဆေးသည် တစ်သိန်းသုံးသောင်းကျပ်ရှိပြီး၊ ဆေးထိုး အပ်ပုံစံဖြင့်လာသောဆေးသည် တစ်လုံးလျှင် တစ်သိန်းရှစ်သောင်းခန့်ရှိကာ ထိုးဆေးကို တစ်ပတ်လျှင် တစ်လုံးထိုးရန် လိုအပ်ကြောင်း ပြည်တွင်းဆေး ကုမ္ပဏီများထံ စုံစမ်းသိရှိရသည်။


 
 

No comments:

Post a Comment