Wednesday, July 30, 2014

သူ့လိုနိုင်ငံရေးသမား ရှားသွားပြီ


[ Opinion ]
သူ့လိုနိုင်ငံရေးသမား ရှားသွားပြီ
မြန်မာပြည်မှာ နိုင်ငံရေးအစ သခင်ခေတ်က လို့ ပြောနိုင်ပါတယ်။ ကျွန်ဖြစ်ရတဲ့ ဘဝကို မကျေနပ်လို့ “သခင်” လို့ အမျိုးသားရေး စိတ်ရှိတဲ့ လူငယ်တွေ မြှောက်ပေးတဲ့သူတွေထဲမှာ ကျွန်တော်ကတော့ သခင်ဘသောင်းဆိုတဲ့ ပုဂ္ဂိုလ်ကြီးကို သဘောကျမိတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်ကြီးကတောင် သခင်ဘသောင်းကို သခင်အဖွဲ့ကို ဖန်ဆင်းတဲ့ “ထာဝရဘုရားသခင်” ဆိုပြီး တင်စားခေါ်ဝေါ် ခဲ့ရသူဖြစ်ခဲ့ပါတယ်။ ခရစ်ယာန် သမ္မာကျမ်းမှာ ထာဝရဘုရားက စကြဝဠာကြီး နဲ့တကွ လူသတ္တဝါအပေါင်းကို ဖန်ဆင်းတော်မူတယ်လို့ ဆိုတယ်။ မြန်မာနိုင်ငံ မှာလည်း သခင်လို့အမည် တပ်ပြီး နိုင်ငံရေးကို စိုက်လိုက်မတ်တတ် လုပ်ဆောင်တဲ့ သခင်အောင်ဆန်းတို့လို လူငယ်မျိုးတွေ ပေါ်ပေါက်လာစေဖို့ သခင်စိတ်နဲ့ မြှင့်တင်ပေးခဲ့သူ ဖြစ်တာကြောင့် သခင်ဘသောင်းကို ကျွန်တော် အလွန်ကြည်ညို လေးစားမိပါတယ်။
သခင်ဘသောင်းဟာ သခင်ဝါဒကို ဖန်တီးသူ၊ တို့ဗမာသီချင်းကို ဝိုင်အမ်ဘီ သခင်တင်နဲ့ ပူးပေါင်းဖန်တီးသူ၊ ပန်းသာမစာဥဝတ္ထု ရေးသားသူ၊ ဆရာဝန်ပါပဲ ပြဇာတ်ကိုရေးသားသူ၊ ဗုဒ္ဓစကြဝဠာ ကျမ်းကို ဘာသာပြန်ဆို ရေးသားခဲ့သူ၊ ကိုယ့်မင်းကိုယ့်ချင်းပါတီကို ထူထောင်ခဲ့သူ၊ မြန်မာပြည် စာအုပ်အသင်းက ကြီးမှူးကျင်းပတဲ့ ဘာသာပြန်စာပေဆုကို ၅ ကြိမ် ရရှိခဲ့သူ၊ ၁၀ တန်းမအောင်ဘဲ တက္ကသိုလ်တွင် ဘာသာပြန်နည်းပြ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ရသူ၊ ကောလိပ်ကျောင်း ဝင်းအတွင်း လံချားစီးပြီး ဝင်လာစဉ် ဂိတ်စောင့်ကုလားက ရိုင်းပျစွာ တားဆီးသဖြင့် ကုလားရင်ဝကို ဖနောင့်ဖြင့် ဆောင့်ကန်ခဲ့သူ၊ ၁၉၂၀ မန္တလေးကျောင်းသား သပိတ်ကို ဦးဆောင်ခဲ့သူ၊ “လာမည့်ဘေး၊ ပြေးတွေ့” ဆိုတဲ့ သခင်ကျင့်ဝတ်ကို တီထွင်ခဲ့သူ၊ ဒို့ဗမာအစည်းအရုံးကို စတင်ထူ ထောင်သူအဖြစ် မှတ်တမ်းတင်ရမယ့်သူ တစ်ဦးဖြစ်ပါတယ်။ မြန်မာ့သမိုင်းမှာ အင်္ဂလိပ်အစိုးရကို သူ့လို တစ်ယောက်တည်း ရဲဝံ့စွာ အာခံရဲသူ ရှားပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံမှာ ၁၉၃၀ ပြည့်နှစ် ကုလား-ဗမာ အဓိကရုဏ်း ဖြစ်ချိန်၊ သခင်ဘသောင်းဟာ အောက်ပါကြေညာချက်ကို ရိုက်နှိပ်ပြီး စောင်ရေတစ်သောင်းကို ရဲဝံ့စွာ ထုတ်ဝေခဲ့တယ်။
ဗမာပြည်သည် ဒို့ပြည်
ဒို့ပြည်ကို ချစ်ပါ။
ဗမာစကားသည် ဒို့စကား
ဒို့စကားကို လေးစားပါ။
ဗမာစာသည် ဒို့စာ
ဒို့စာကို ချီးမြှင့်ပါ။
အထက်ပါ ရဲရဲတောက် ကြေညာချက်ကို ထုတ်ပြန်ဝံ့တဲ့ သူ့ရဲ့သတ္တိကို ဘယ်လို နိုင်ငံရေးသမားမျိုးနှင့် နှိုင်းယှဉ်လို့ ရမှာလဲ။
သခင်ဘသောင်းဟာ အဦးဆုံး၊ အစောဆုံး၊ အစဆုံးတွေကို လုပ်ဆောင်ခဲ့ပေမယ့် သူဟာ နေရာယူတတ်သူတစ်ယောက် မဟုတ်ဘူး။ သခင်သမိုင်းမှာ သခင်ဗစိန်၊ သခင်အောင်ဆန်း၊ သခင်နု၊ သခင်ရှုမောင် ဆိုသူတွေသာ ထိပ်တန်း နိုင်ငံရဲ့နေရာတွေကို ရောက်လာကြပေမယ့် သခင်ဝေါဟာရနဲ့ သခင်ဝါဒကို စတင် ပျိုးထောင်ခဲ့တဲ့ သခင်ဘသောင်းကတော့ ဘယ်တော့မှ ရှေ့တန်းကို မထွက်ဘူး။ သခင်ပါတီကို သူကိုယ်တိုင် စထောင်ပေမယ့် သူ့ပါတီမှာ ဘယ်တော့မှ ဝင်မလှုပ် ရှားတော့ဘူး။ နောက်ပိုင်း လုပ်နိုင်သူတွေ လုပ်ကြတာပဲ။ သခင်ဘသောင်းဟာ ဒီလို လူစားမျိုးပါ။
တစ်ခေတ်ကလူတွေဟာ တစ်ခေတ် တစ်ယောက်ဆိုသလို ထူးချွန် ပြောင်မြောက်ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဘာကြောင့် နာမည်ကျော်ခဲ့ရသလဲ။ သူကွယ်လွန်ခဲ့တာ နှစ်ပေါင်း ၆၇ နှစ်တိုင် ကြာခဲ့တာတောင် ပြည်သူတွေဘာကြောင့် အလေးအမြတ် ပြုနေရသလဲ။ ဗိုလ်ချုပ်အောင်ဆန်းဟာ “မစားဘဲ စွန့်ခဲ့လို့” ဆိုတဲ့ အဖြေလေးကို ကျွန်တော်ကြိုက်တယ်။
ဟုတ်တယ်၊ ဗိုလ်ချုပ်ဟာမစားဘဲ စွန့်ခဲ့တာကြောင့် ပြည်သူတွေက ကြည်ညိုကြတာ။ ဗိုလ်ချုပ်လို နိုင်ငံရေးသမားမျိုး၊ နိုင်ငံခေါင်းဆောင်မျိုး နောက်ထပ်ပေါ်ဖို့ မလွယ်ပါဘူး။ ဒီလိုပါပဲ သိက္ခာရှိအောင် နေပြီးတော့ နိုင်ငံရေးကို စွန့်စား လုပ်ဆောင်ခဲ့ပေမယ့် ဘာအခွင့်အရေးမှ မယူဘဲစွန့်ခဲ့တဲ့ သခင်ဘသောင်းလို ပုဂ္ဂိုလ်မျိုးတွေ ကိုလည်း ကျွန်တော်တို့ ဂုဏ်ပြုဖော်ဆောင်သင့်ပါတယ်။
ဒီခေတ် နိုင်ငံရေးသမား ဆိုတဲ့သူတွေကို ကျွန်တော်တစ်ခု မေးချင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်မျိုး၊ သခင် ဘသောင်းလို ပုဂ္ဂိုလ်မျိုးတွေ လုပ်ခဲ့သလောက် ခြေဖျားမြူမှုန်လောက် မီအောင် လုပ်နိုင်ခဲ့ကြသလား။ သူတို့လို စွန့်လွှတ်အနစ်နာခံပြီး လုပ်ဆောင်ခဲ့ကြ ပါသလား။ လိပ်ပြာသန့်သန့်နဲ့ ပြန်ဖြေ စေချင်ပါတယ်။
မြန်မာ့ ခေတ်သစ်နိုင်ငံရေးကို သုံးသပ်ကြည့်ရင် “လုပ်ပြပြီး စားရသူတွေက လုပ်ပြပြီး စားနေကြတယ်။ ရုပ်ပြပြီး စားရသူတွေက ရုပ်ပြပြီး စားကြတယ်။ ဒုက္ခပြပြီး စားသူတွေက စားကြတယ်။ ဗုဒ္ဓပြပြီး စားသူတွေက စားကြတယ်။ ကိုယ့်ကိုယ်ကိုယ် မညာနိုင်ပါဘူး။ လိပ်ပြာသန့် တယ်ထင်ရင် ဆက်လုပ်နိုင်ပါတယ်။ ကိုယ့်သမိုင်း ကိုယ်ရေးကြပါတယ်” ဆိုတဲ့ Facebook ပေါ်က စာသားလေးတစ်ခု ကိုသာ ညွှန်းချင်ပါတယ်။
ရည်ညွှန်း ။ နမ်းကြာညို လက်ရွေး စင်စာများ၊ ညိုမြ
(ကျော်ဗလ)
(ဤကဏ္ဍတွင် ဖော်ပြသော အကြောင်းအရာများသည် စာရေးသူ၏ အာဘော်သာဖြစ်ပြီး The Voice ၏ အာဘော်မဟုတ်ပါ)

No comments:

Post a Comment