
အပိုင်း (၂)။
မင်းဟိန်းထက် - Flower News ဂျာနယ် အတွဲ(၁၀)၊ အမှတ် (၂၉)။
ထို့ပြင်ပုဒ်မ ၄ဝ၂ တွင် ရွေးကောက်တင်မြှောက် ခြင်းဆိုင်ရာ လုပ်ငန်းများ၊ ရွေးကောက်ပွဲ ခုံအဖွဲ့၏ ဆုံးဖြတ် ချက်များ၊ အမိန့်များနှင့် စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ၊ နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရဆောင်ရွက်ရသောကိစ္စရပ်များမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသာ အပြီးအပြတ် အတည်ဖြစ်စေရမည်ဟု ပြဋ္ဌာန်းထားသည်။
အဆိုပါပြဋ္ဌာန်းချက်အရ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများကို ရွေးကောက်ပွဲမပြုလုပ်မီ၊ ပြုလုပ်ချိန်များသာမက ရွေးကောက်ပွဲ ပြုလုပ်ပြီးချိန်အထိ သြဇာသက်ရောက်မှု၊ ဥပဒေအရ အရေးယူမှုနှင့် ချုပ်ကိုင်မှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကလည်း လာမည့် ရွေးကောက်ပွဲများကို ဥပဒေဘောင်အတွင်းက တရားမျှတအောင်ပြုလုပ်မည် ဟု ပြောဆိုထားသလို ၄င်း၏လုပ်ပိုင်ခွင့်ထဲမှကန့်သတ် မှုများပြုလုပ်မည်ဟု၂ဝ၁၄ခုနှစ် ပုသိမ်ခရီးစဉ်တွင်ပြော ကြားခဲ့သည်။
''Election Campaign ကာလသတ်မှတ် ပေးမယ်။ မလေးရှားမှာ ၁၅ ရက်သတ်မှတ်ပေးထားတယ်။ မနှစ်ကထက်စာရင် နှစ်ရက်တိုးပေးထားတယ်။ အရင်က ၁၃ ရက်ပဲရှိတယ်။ ကျွန်တော် နေရာသတ်မှတ်ပေးမယ်။ ပြောရမယ့်သူ သတ်မှတ်ပေးပါမယ်။ ဒီမှာ ကျွန်တော် ရွေးမယ်။ ကျွန်တော်ပြောပေါ့။ ကျွန်တော့်ရဲ့လွှတ်တော် ကိုယ်စားလှယ်ပြောပေါ့။ ပါတီကတစ်ယောက်ပြောပေါ့။ တော်ပြီ။ မဆိုင်တဲ့သူလာမပြောနဲ့။ ဝင်ချင်ဝင်၊ မဝင်ချင် နေ''ဟု ဦးတင်အေးကပြောသည်။
''ကျွန်တော် ကန့်သတ်ပါမယ်။ အချိန်ကန့်သတ် ပါမယ်။ နေရာကန့်သတ်ပါမယ်။ လူကန့်သတ်ပါမယ်။ Election Campaign ကန့်သတ်ပါမယ်။ ဒါ ကျွန်တော့်ရဲ့ လုပ်ပိုင်ခွင့်ထဲမှာရှိပါတယ်''ဟု ဦးတင်အေးကပြောသည်။
ထို့ကြောင့် ရွေးကောက်ပွဲကော်မရှင်၏ လုပ် ပိုင်ခွင့်များကို ဖွဲ့စည်းပုံဥပဒေတွင် ပြဋ္ဌာန်းထားသော ကြောင့် ကော်မရှင်၏ လုပ်ဆောင်ချက်များကို လက်မခံ နိုင်လျှင် သပိတ်မှောက်ဆန္ဒပြရုံသာ လုပ်နိုင်မည်ဖြစ် ကြောင်း ဦးသိန်းညွန့်က အကြံပေးသည်။
''သူတို့ပြောထားတဲ့ ဘောင်ထဲကပဲရအောင် လှုပ်ရှားရမှာပဲ။ ကျွန်တော်တို့အနေနဲ့က မကောင်းဘူး လို့ ထောက်ပြရုံပဲလုပ်လို့ရမယ်။ ပြောင်းလဲချင်ရင်တော့ အခြေခံ ဥပဒေကို ပြင်မှရမယ်။ အခြေခံဥပဒေဘောင် ထဲကလုပ်နေရင် မကျေနပ်ရင်တောင် ဘာမှလုပ်လို့မရ ဘူး သပိတ်မှောက် ဆန္ဒပြရုံပဲရမယ်'' ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဆိုသည်။
အဆိုပါ ရွေးကောက်ပွဲစည်းမျဉ်းစည်းကမ်း များ၊ နည်းဥပဒေများ ညွှန်ကြားချက်များကိုပြုပြင်ရန် အချိန်များစွာ ကျန်ရှိနေသေးကြောင်းနှင့် ကော်မရှင်အ နေဖြင့် လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲ ဖြစ်ရန် အမှန်တကယ် ဆန္ဒရှိပါက ပြင်ဆင်နိုင်ရမည်ဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အကြံပေးပြော ကြားထားသည်။
ကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြား ချက် အပိုဒ် ၃ တွင်ပါရှိသည့် မဲဆွယ်စည်းရုံးရေးကာလ ရက်ပေါင်း ၃ဝ သည် လုံလောက်ခြင်းမရှိသောကြောင့် ယခင်ရွေးကောက်ပွဲများနည်းတူ မဲဆွယ်စည်းရုံးရေး ကာလကို ရက်ပေါင်း ၆ဝ သတ်မှတ်ပေးသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ ကြေညာချက်တွင် ရေးသားထားသည်။
ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်အမည်တင် သွင်းပြီးနေ့မှစ၍ ၁၅ ရက်အတွင်း သက်ဆိုင်ရာ ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ လျှောက်ထားရမည့် အချက်ကို ငါးရက်ဆိုလျှင်လုံလောက်ကြောင်းနှင့် မဲရုံ အတွင်းသို့ မဲရုံကိုယ်စားလှယ်နှင့် အတူ ကိုယ်စားလှယ် နှစ်ဦးအနက် တစ်ဦးသာ နေခွင့်ရှိသည်ဆိုသည့် အချက် သည် မျက်လုံးနှစ်လုံးတည်းဖြင့် မဲရုံအဖွဲ့ဝင်များ၊ မဲပေး သူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကော်မရှင်နှင့်ကော်မရှင်အဖွဲ့ ခွဲဝင်များ၊ ကိုယ်စားလှယ်လောင်းနှင့် ရွေးကောက်ပွဲကိုယ် စားလှယ်တို့၏ လှုပ်ရှားမှုများနှင့် မဲမသမာမှု မဖြစ်စေရေး၊ တရားမဲ့ပြုကျင့်မှုများ မဖြစ်စေရေးအတွက် စောင့်ကြည့် နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် မဲရုံကိုယ်စားလှယ် နှင့်အတူ ကိုယ်စားလှယ်နှစ်ဦးစလုံးကို မဲရုံအတွင်းသို့ ဝင်ခွင့်ပေးရန်လိုအပ်သည်ဟု တောင်းဆိုထားသည်။
ကော်မရှင်မှထုတ်ပြန်ထားသည့် ရွေးကောက် ပွဲကာလအတွက် မဲဆွယ်ကာလရက်ပေါင်း ၃ဝ သည် သင့်တော်သည့် အချိန်ကာလတစ်ခုဖြစ်ပြီး ရက် ၃ဝ ထက် အချိန်ပိုယူပါက ပါတီငယ်များအတွက် နစ်နာမှု များရှိလာမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်လင်းဦးက ဆိုသည်။
''မဲဆွယ်ကာလဆိုတာ ဘယ်တိုင်းပြည်မှာမဆို ကန့်သတ်ကြပါတယ်။ ကန့်သတ်မှုမရှိရင် ငွေကြေးတတ် နိုင်တဲ့ပါတီကြီးတွေ နေရာဒေသအစုံလိုက်ပြီး မဲဆွယ် နေရင် အသာရသွားနိုင်ပြီး ငွေကြေးမတတ်နိုင်တဲ့ပါတီ ငယ်တွေ အခက်အခဲဖြစ်သွားမယ်။ ရက် ၃ဝက သင့်တော် တဲ့ အနေအထားပါ'' ဟု ဦးကျော်လင်းဦးကပြောသည်။
''တပ်မတော်အရာရှိတွေပါလို့ ဥက္ကဋ္ဌက တစ် ချိန်က စစ်ဗိုလ်ချုပ်ဖြစ်ခဲ့တာနဲ့ ဘက်လိုက်မှုတွေဖြစ် မယ်။ တရားမမျှတာတွေဖြစ်မယ်လို့ ခုချိန်မှာကြိုမှန်းထား လို့မရနိုင်ပါဘူး။ ၂ဝ၁၂ ကြားဖြတ်မှာတော့ ကော်မရှင် က အတတ်နိုင်ဆုံး တရားမျှတမှုရှိအောင် လုပ်ခဲ့တာတွေ့ ရတယ်။ ဒါပေမဲ့ ပါတီကြီးတစ်ခုကို မနိုင်အောင် ကန့်သတ် နေတာဆိုရင်တော့ ဒါဟာတရားမမျှတာပဲ။ ကော်မရှင် ဆိုတာ ဒိုင်လူကြီးကြားနေဖြစ်ရမယ်''ဟု နိုင်ငံရေးလေ့ လာသုံးသပ်သူ ဦးကျော်လင်းဦးက သုံးသပ်သည်။
ကော်မရှင်၏ ညွှန်ကြားချက်တွင် ကန့်သတ် ချက်များရှိနေသော်လည်း လာမည့်ရွေးကောက်ပွဲများ သည် ၂ဝ၁ဝ ပြည့်နှစ်ရွေးကောက်ပွဲထက် လွတ်လပ်မှုရှိ လာမည်ဖြစ်ပြီး တရားမျှတမှု ရှိမရှိကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌ၊ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်က သုံးသပ်သည်။
''၂ဝ၁၂ တုန်းကဆိုရင် မော်တော်ကားနဲ့လှည့် လည်ဟောပြောခွင့်က တစ်ရက်ပဲရတယ်။ ခုဆို အဲလို မဟုတ်တော့ဘူး။ ဒါပေမဲ့ ကော်မရှင်ရဲ့ ညွှန်ကြားချက် တွေက ပါတီတွေမဲဆွယ်ဖို့အခက်အခဲတွေ အဟန့်အတား တွေ ဖြစ်စေတာအမှန်ပဲ''ဟု ၄င်းကပြောသည်။
ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေများ၊စည်းမျဉ်းစည်းကမ်းညွှန်ကြားချက်များကို နိုင်ငံရေးပါတီများ က ပြင်ဆင်ပေးရန်ပြောဆိုနေသောကြောင့် အများစုကို ပြန်လည်ပြုပြင်ထားပြီး မကြာမီ ထုတ်ပြန်ပေးသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။
သို့သော် မဲဆွယ်စည်းရုံးရေးကာလကိုမူ ကြားဖြတ်ရွေးကောက်ပွဲ ပြီးဆုံးသည်အထိ ပြင်ဆင်ပေးမည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဆိုသည်။
''မဲဆွယ်စည်းရုံးရေးရက်က နိုင်ငံတကာမှာဆို တစ်ပတ်ကနေ သုံးပတ်အထိ အများဆုံးပဲ။ ကျွန်တော် တို့က လေးပတ်တောင်ပေးထားတာ။ ပြီးတော့ ခုဝင်ပြိုင် ကြမှာက ကြားဖြတ်ရွေးကောက်ပွဲပဲ ရွေးကောက်ပွဲကြီး မဟုတ်သေးဘူး။ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆွယ်ကာ လ ရက် ၃ဝ နဲ့ လုံလောက်လား မလုံလောက်လားကြည့် မယ်။ အဆင်မပြေရင် ရက်တိုးပေးသင့်ရင်တိုး လျှော့သင့် ရင် လျှော့ရမယ်။ လိုအပ်ရင် ပြုပြင်ရမှာပေါ့။ ခုဟာက လုပ်တောင်မလုပ်ကြည့်ရသေးဘူး။ အဆင်မပြေဘူးပဲ ပြောနေကြတယ် လုပ်ကြည့်မှသိမှာပေါ့'' ဟု ဦးသောင်းလှိုင် ကပြောသည်။
သို့သော် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ''ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေဆိုတာလွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲဖြစ်အောင် ပံ့ပိုးပေးရတာပါ။ ကန့်သတ် ရတာမဟုတ်ပါဘူး။ လွတ်လပ်ပြီး တရားမျှဖို့လဲ ခုလိုအကြံ ပေးနေကြတာပါ''ဟု ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထုတ်ပြန် ချက်အရ ၂ဝ၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည် နယ်၊ မွန်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း ဒေသကြီးတို့တွင် လစ်လပ် မဲဆန္ဒနယ်မြေများရှိနေပြီး စုစုပေါင်း ၃၄ နေရာ လစ်လပ်နေကြောင်း သိရသည်။
လက်ရှိအချိန်တွင် နိုင်ငံရေးပါတီများက လာ မည့် ရွေးကောက်ပွဲများအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာမည့် ၂ဝ၁၅ ခုနှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကြီးကို လွတ်လပ်ပြီးတရားမျှမှုရှိမရှိ ကမ္ဘာ့ နိုင်ငံများကပါ စိတ်ဝင်တစား စောင့်ကြည့် အကဲဖြတ်ကြ မည်ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ် ပြန်ထားသည့် ရွေးကောက်ပွဲ ဆိုင်ရာ ညွှန်ကြားချက်များ သည် လွတ်လပ်ပြီးတရားမျှတမှု ရှိမည့် ရွေးကောက်ပွဲ ဖြစ်အောင် စွမ်းဆောင်နိုင်ခြင်းရှိမရှိကို ၂ဝ၁၅ခုနှစ်မတိုင် မီ ၂ဝ၁၄ခုနှစ်မကုန်မီတွင် ကျင်းပမည့် ကြားဖြတ်ရွေး ကောက်ပွဲတွင် စောင့်ကြည့် မည်ဖြစ်သည်။
No comments:
Post a Comment