
Political View by အောင်မျိုးထွန်း
------------
၂၀၀၈ ဖွဲ့ စည်းပုံ၊ စစ်အမတ် ၂၅ ရာခိုင်နှုန်း၊ စစ်တပ်လိုလားတဲ့ ကြံ့ဖွံ့ ပါတီ၊
သူ့ ရဲ့ မိတ်ဖက်ပါတီတချို့ နဲ့  နိုင်ငံရေးအင်အားစုများ စသဖြင့် ရေပက်မ၀င်အောင်
ပြင်ဆင်ထားတာနဲ့ တင် လုံလောက်မှုမရှိနိုင်ဘူးလို့ ယူဆတဲ့အတွက် စစ်အုပ်စုဟာ
သူတို့ အာဏာ ခံကတုတ်ကို သေချာသည်ထက်သေချာအောင် အထပ်ထပ်ကာရံတဲ့
အနေနဲ့  သူတို့ ကိုယ်တိုင် သိဒ္ဒိတင်ခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ PR စနစ် ကျင့်သုံးဖို့ 
တွန်းတွန်းတိုက်တိုက် လုပ်လာခဲ့တာ ဒီနေ့ ဆိုရင် ပြည်သူ့ လွှတ်တော်ဘက်မှာ
PR စနစ် ဆွေးနွေးဖို့  အဆိုတင်သွင်းမှုတရပ် ထမြောက်အောင်မြင်ခဲ့ပါတယ်။
အမျိုးသားလွှတ်တော်မှာတော့ ဒီအဆင့်တွေကို ကျော်လွန်ခဲ့ပြီးပါပြီ။ PR စနစ် ကျင့်သုံးရေး အတွက် အမျိုးသားလွှတ်တော်မှာ NDF ပါတီအမတ် အဆိုတင်တဲ့အခါ
ကာချုပ် မင်းအောင်လှိုင် ပို့ လွှတ်လိုက်တဲ့ စစ်အမတ်အားလုံးက အဲဒီအဆိုကို
ကန့် ကွက် ခဲ့ကြပါတယ်။ နာမည်ကြီး တိုင်းရင်းသားပါတီများနဲ့  ဒီချုပ်ပါတီအမတ်များ
ဆန္ဒနဲ့  စစ်အမတ်တို့ ရဲ့ သဘောထားဟာ နီးစပ်သယောင်ရှိခဲ့လို့  အမျိုးသား
လွှတ်တော်က စစ်အမတ်များကို ၀မ်းသာအဲလဲ ချီးမွှမ်းထောပနာပြုခဲ့ကြပါတယ်။
ဒါပေမယ့် ကန့် ကွက်ခြင်းရဲ့ နောက်ကွယ်က နိုင်ငံရေးပစ်မှတ်များဟာ အနှစ်သာရချင်း
အလွန်ခြားနားတာကို သတိပြုမိကြပါတယ်။ အဆိုကို ဆွေးနွေးရန် သင့် မသင့်
မဲခွဲတဲ့ အခါ ဘယ်လိုအဖြေထွက်မလဲဆိုတာ ကြိုတင်သိထားပြီး ဖြစ်ပါတယ်။
တကယ်တမ်း ကျလာတဲ့ရလဒ်ကလည်း စစ်အုပ်စု လိုလားတဲ့အဖြေသာဖြစ်ပါတယ်။
PR စနစ်အပေါ် စစ်အမတ်များရဲ့ ရပ်တည်ချက်ကို အပေါ်ယံရှပ်ကြည့်ကြတဲ့ နိုင်ငံရေး သုံးသပ်သူတချို့ က “စစ်တပ်ကြီးတောင် ကန့် ကွက်နေပြီ” ဆိုတဲ့ ဒိုင်းလွှားကို ကောက်ယူ ဆွဲကာပြီး PR ကို အမြှောက်နဲ့ ထု ၀ုန်းဒိုင်းကျဲကြပါတယ်။ ဒါ့အပြင် ပြည်သူ့ လွှတ်တော်မှာ PR ကို တင်လာခဲ့ရင် ကန့် ကွက်မှု ရာခိုင်နှုန်းဟာ အမျိုးသားလွှတ်တော်ထက် ပိုမိုမြင့်မား လိမ့်မယ်လို့  မျှော်လင့်ထားခဲ့ပြန်ပါတယ်။
အမျိုးသားလွှတ်တော်ထဲမှာလို NDF ပါတီ ကိုယ်စားပြုအမတ်ကဘဲ PR စနစ် ကျင့်သုံးရေး အဆိုကို ပြည်သူ့ လွှတ်တော်မှာ တင်ခဲ့တာဖြစ်ပါတယ်။ ဒီအဆိုကို ပြည်သူ့ လွှတ်တော် ဘက် ရောက်မလာမီ တိုင်းရင်းသားပါတီကြီးများက အပြင်းအထန် ကန့် ကွက်မှုတွေ၊ လမ်းပေါ် ထွက် ဆန္ဒပြမယ် ကြိမ်းဝါးမှုတွေကြောင့် လွှတ်တော်လူ ဗိုလ်ရွှေမန်းကိုယ်တိုင် PR မကြိုက် သူ အမတ်မင်းများကို ခေါ်ယူပင့်ဖိတ်ပြီး ဆွေးနွေးညှိနှိုင်းတာတွေ လုပ်ခဲ့ပါသေးတယ်။ ဘယ်လို နားလည်မှုတွေ ရခဲ့သလဲဆိုတာ အသေးစိတ် ထုတ်ပြောတာမျိုး မတွေ့ ခဲ့ရပါ။
ဖြစ်နိုင်တာ ကတော့ ဗွေဆော်ဦး ကျင့်သုံးလာမယ့် PR စနစ်ကို တိုင်းရင်းသား အများစု နေထိုင်ကြတဲ့ ပြည်နယ်တွေမှာ လက်ရှောင်လိုက်တာမျိုးနဲ့  ဈေးတည့် သွားနိုင်ပါတယ်။ ဒီချုပ်ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေတဲ့လွှတ်တော် ဖြစ်တာကြောင့်လည်း
ပြည်သူ့ လွှတ်တော်ဘက်က PR မြင်ကွင်း ဘယ်လိုရှိမလဲ ဆိုတာကို ပြည်သူတွေက
အထူးတလှယ် စိတ်ဝင်စားနေပါတယ်။
အဆိုတင်သွင်းတဲ့ ဒီနေ့ လွှတ်တော် အစည်းအဝေးမှာတော့ ဗိုလ်မင်းအောင်လှိုင် စေလွှတ် ထားတဲ့ စစ်အမတ်များအားလုံးဟာ PR အဆိုကို ကန့် ကွက်ခြင်းမပြုဘဲ ထိုင်ခုံများမှာ ကျောက်ချ ထိုင်ပြခြင်းဖြင့် နိုင်ငံရေး ဂုရုကြီးတွေရဲ့  အပိုင်တွက်ကိန်းများ သွက်သွက်ခါ လွဲထွက် သွားစေ ပါတယ်။ ဟာခနဲ ဟင်ခနဲ ဖြစ်သွားစေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မတ်တပ်ရပ်ပြီး ကန့် ကွက်နေတဲ့ ပြည်သူ့ လွှတ်တော် အမတ် ၄၂ ယောက်ရဲ့  ဆန္ဒဟာ စစ်အမတ်တွေ မတ်တပ်ထရပ်ခဲ့ရင်တောင် ပြည့်ဝနိုင် မှာ မဟုတ်ပေမယ့် အခုလို ဒီချုပ်ဥက္ကဌနဲ့  အတူတူ လူမြင်ကွင်းမှာ “တူညီမျှကြောင်း” ထွက်မပြနိုင် တာကို ထောက်ချင့်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ်ထား တဲ့ စစ်အုပ်စု ရပ်တည်ချက် အထူအပါးကို ရှင်းလင်းစွာ ဖော်ပြလိုက်သလို ဖြစ်စေပါတယ်။
ဒါ့အပြင် စစ်တပ်ဘက်က ထွက်လာမယ့် လာလတ္တံ့ သော နိုင်ငံရေး ဆုံးဖြတ်ချက်များ ဟာ ပရိယာယ် ကြွယ်ဝစွာနဲ့  တွက်ဆရ ခက်ခဲမယ် ဆိုတာကို အများသိအောင် ပြသလိုက် တာဖြစ်ပြီး စစ်တပ်အမတ်တွေရဲ့  “တန်ဖိုး”ကို ကြေးဆွဲမြှင့်တင် လိုက်တာမျိုး လည်း ဖြစ်ပါတယ်။
PR အဆို တင်သွင်းတော့မှာဖြစ်လို့  ဒီနေ့  ပြည်သူ့ လွှတ်တော် အစည်းအဝေးကို ရှမ်း၊ ရခိုင် စတဲ့ တိုင်းရင်းသားပါတီကြီးများက အမတ် ၂၃ ဦး ရောက်မလာကြပါ။ တချို့ သတင်းတွေ မှာတော့ မဲခွဲလာတဲ့အခါ ပေးရမယ့် သူတို့ ရဲ့ သဘောထားကို ကြိုတင်ပို့ ထားတယ်လို့  သိရ ပါတယ်။ အဆိုပါ မဲတွေဟာ တရားဝင်သဘောနဲ့  ကန့် ကွက်တဲ့ စာရင်းထဲ ပေါင်းထည့် မထည့် ရှင်းရှင်းလင်းလင်း မသိရပါ။ သူတို့ ရောက်မလာကြတာဟာ PR စနစ်ကို မလိုလားကြောင်း အမြင့်မားဆုံး ဆန္ဒပြသပိတ်မှောက်မှုလို့  ယူဆနိုင်ပါတယ်။
တဖက်က ကြည့်ပြန်ရင် ရှေ့ ဆုံးစင်ပေါ်မှာ ငုတ်တုတ်ကြီး ထိုင်နေတဲ့ လွှတ်တော်လူ ဗိုလ်ရွှေမန်းနဲ့  ညှိပြီးသားအဖြေက လွှတ်တော်ကို တရက်စာ သပိတ်မှောက်တဲ့ တိုင်းရင်းသားအမတ်တွေအတွက် နေရထိုင်ရ ခက်စေပြီး မျက်နှာပူစရာကိစ္စ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီချုပ်ဥက္ကဌနဲ့  အတူတူ မတ်တပ်ရပ် ပွဲမထွက်ခဲ့ခြင်း၊ ဘေးမှာ ကျောက်ချ ထိုင်နေတဲ့ ကာချုပ်လူ စစ်သားတွေနဲ့  ဆန့် ကျင်သမှု မပြုခြင်းတို့ က သူတို့ ရောက်မလာနိုင်ခဲ့မှုရဲ့ အနက် အဓိပ္ပာယ်ကို အခြား အဖြေတခုဆီသို့  မလွဲမသွေ ဦးတည်စေပြန်ပါတယ်။
တိုင်းရင်းသား အမတ်များဘက်က လွှတ်တော်ကို အယုံအကြည်မရှိ ကြွေးကြော်ပြီး
အစိုးရသစ်လက်ထက်မှာ ပထမဆုံးအနေနဲ့  လွှတ်တော်အမတ်များအဖြစ်က
လုံးဝ ဥဿုံ နုတ်ထွက်လိုက်ခြင်းဖြင့် PR စနစ်ကို ဆန့် ကျင်ကြောင်း ပြသခြင်းသည်သာ
အမှန် သိပ်သည်းပြီး နိုင်ငံရေးအရ စံမီတဲ့ တိုက်ကွက်လို့  သတ်မှတ်ရမှာပါ။
ဘာမှ မကျန်တော့တဲ့ လွှတ်တော်သက်တမ်းလေးနဲ့  ပြည်သူ့ ဆန္ဒဖြစ်တဲ့ PR စနစ်
မလိုလားခြင်းကို ၀က်သားနဲ့  ချဉ်ပေါင်ဟင်း လဲသလို လဲပစ်ရမှာပါ။ လူထုကြီးရဲ့ အသည်းစိုင် ကို ဆွဲလှုပ်ခါပစ်ရမှာပါ။ တရက်မတက် တိုက်ကွက်က ခုတ်ရာတခြား ရှရာတလွဲ မှန်း သူတို့ ကြိုသိနိုင်ပါတယ်။ ဘာဘဲဖြစ်ဖြစ် “အာတဲ့သူတွေ မပီ”မီ စစ်အုပ်စုဘက် က “ပီလို့  အာ”လာကြပါပြီ။
အောင်မျိုးထွန်း

No comments:
Post a Comment