Tuesday, July 29, 2014

လွှတ်တော်တွင်းစကားများ ဖေ့စ်ဘွတ်ခ်ပေါ်ရောက်ကိစ္စ မွန်ဝန်ကြီးချုပ်ပြောပြီ


မော်လမြိုင်၊ ဇူလိုင် ၂၈
- လွှတ် တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်တွင် ပြောဆိုခွင့်ရနေသည် များကို လူမှုကွန်ရက် စာမျက်နှာများ တွင်မရေးသင့်ဟု မွန်ပြည်နယ် ဝန် ကြီးချုပ်ဦးအုန်းမြင့်က ဝေဖန်ပြောဆို လိုက်သည်။
မွန်ပြည်နယ်ကုန်စည်ဒိုင်ခန်းမ တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဇူလိုင်၂၆ရက်က တွေ့ဆုံရာတွင်ယင်း ကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
''လွှတ်တော်ကိုယ်စားလှယ် တွေအနေနဲ့ လွှတ်တော်မှာ တင်ပြလို့ ရနေတာကို ဖေ့စ်ဘွတ်ခ်တွေကနေ လုပ်နေကြတယ်။ ကျွန်တော်က လွှတ်တော်ကိုယ်စားလှယ်လဲ ဖြစ် တယ်။ ဝန်ကြီးချုပ်လဲဖြစ်တယ်။ ပြဿနာပေါင်းစုံ ရှင်းပေးနေတယ်။ ကျွန်တော့်မဲဆန္ဒနယ်မှာ ကျွန်တော် သိတယ်။ လုပ်လဲလုပ်ပေးနေတယ်။ အဲဒီမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်က ကျွန်တော့်ကို ဘာမှမပြောဘဲ လွှတ်တော်တက်အော်ရင် ဘယ်လိုနေမလဲ။ သူကဘာမှ မလုပ်တဲ့သူ။ ဝန်ကြီးချုပ်က အကုန် လုပ်ပေးတဲ့သူ။ အော်သင့်သလား မအော်သင့်ဘူးလား။ ကျွန်တော်တို့ တာဝန်ပေးတဲ့အခါကျရင်အော်ပါ'' ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်ကအဆိုပါတွေ့ဆုံပွဲ၌ပြောကြားလိုက် ခြင်းဖြစ်သည်။
ဝန်ကြီးချုပ်အနေဖြင့် အုပ်ချုပ်ရေးနှင့် လွှတ်တော်လုပ်ကိုင်ခွင့်ကွဲပြားမှုကို သတိထားသင့်ပြီးလွှတ်တော် ကိုယ်စားလှယ်များအား ယခုကဲ့သို့ ဝေဖန် လိုက်ခြင်းမှာ မသင့်တော် ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောကြားလိုက် သည်။
''လွှတ်တော်ကိုယ်စားလှယ်တွေ မှာ လူထုကို ဆက်သွယ်ဖို့ဖေ့စ်ဘွတ်ခ် တွေရှိကြတယ်။ လူထုဆီကထင်မြင် ယူဆချက် တောင်းတာတွေ လုပ်တယ်။ တချို့ကိစ္စတွေကို လူထုကိုပြောပြ တယ်။ ဒါကိုမသုံးရဘူးဆိုတာ ဘာသဘောလဲ။ အစိုးရဆိုတာ ပြည်သူတွေရဲ့အသံကိုနားထောင်ဖို့လိုပါတယ်။ မှားတယ်၊ မှန်တယ်ဆိုတာတော့ သတိထားရမယ်။ အုပ်ချုပ်ရေးနဲ့ လွှတ်တော်လုပ်ပိုင်ခွင့် ကွဲပြားဖို့လိုတယ်'' ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ မွန်ပြည်နယ်လွှတ် တော်ဥပဒေ မေးခွန်းအဆိုများ အ ကောင်အထည်ဖော်မှု လေ့လာသုံး သပ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။
ဝန်ကြီးချုပ်ထောက်ပြပြောဆို သောမြို့နယ်များတွင်ဖြစ်ပွားနေသော ကိစ္စများကို လွှတ်တော်တွင်တင်ပြ နေရခြင်းမှာ ဌာနဆိုင်ရာများကို ယုံကြည်စိတ်ချရမှု မရှိခြင်း၊ ကော်မတီ များတွင် အမှန်တကယ်လုပ်ပိုင်ခွင့် မရှိခြင်းစသော အချက်များကြောင့် လွှတ်တော်တွင် တင်ပြနေရခြင်းဖြစ်သည် ဟု ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်အနေ ဖြင့် မြို့ရွာပြဿနာများကို ဖြေရှင်း ရာတွင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ စည် ပင်သာယာရေးကော်မတီ၊ မြေယာစီမံခန့်ခွဲမှုကော်မတီများတွင် အဆုံး အဖြတ်များပြီးစီးကြောင်း၊ မကြာခဏ ပြောဆိုလျက်ရှိသော်လည်း အမှန် တကယ်တွင်မူ အဆိုပါကော်မတီ များအနေနှင့် ဆုံးဖြတ်ပိုင်ခွင့် နည်းပါးနေကြောင်း ကော်မတီဝင်များက ဝေဖန်သံများထွက်ပေါ်နေခြင်း ဖြစ် သည်။
MAZ (Myitmakha)
‪#‎Democracytoday‬

No comments:

Post a Comment