Saturday, July 4, 2015

အနိမ့်ဆုံး အခကြေးငွေ ၃၆၀၀ ကျပ် သတ်မှတ်မှုမှာ အဆိုပြုနှုန်းသာဖြစ်

 ရန်ကုန်၊ ဇွန် ၃၀

နေရာဒေသနှင့် လုပ်ငန်းပေါင်းစုံရှိ အလုပ်သမားများအတွက် အနိမ့်ဆုံး အခကြေးငွေအဖြစ် တစ်နာရီလျှင် ၄၅၀ ကျပ်ဖြင့် ၈ နာရီ (တစ်ရက်)အတွက် ၃၆၀၀ ကျပ် သတ်မှတ်မည်ဖြစ်ကြောင်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ဇွန်လ၂၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ရာ ယင်းသတ်မှတ်ချက် မှာ ကော်မတီဘက်က အဆိုပြု ထားသော နှုန်းထားသာဖြစ်ပြီး ယင်းအဆိုပြု နှုန်းထားကို ကန့်ကွက် လိုခြင်း၊ ပြင်ဆင် လိုခြင်းရှိပါက ကြေညာထားသည့်ရက်မှ ၁၄ ရက်အတွင်း ကန့်ကွက်ပြင်ဆင်ခြင်း ပုံစံတွင် ဖြည့်စွက် ကာ ကော်မတီ သို့ ပေးပို့ ရမည်ဖြစ်ပြီး ယင်းတို့အား ပြန်လည်စိစစ်ပြီးနောက်မှသာ အနိမ့်ဆုံးလုပ်ခလစာကို ရက်ပေါင်း ၆၀ အတွင်း အတည်ပြု ပြဋ္ဌာန်းပေးမည် ဖြစ်သည်။

အစိုးရက အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့် ပတ်သက်၍ လုပ်ငန်းစဉ် ၅ ရပ်ချမှတ်၍ လုပ်ဆောင် ခဲ့ခြင်း ဖြစ်ပြီး ယခုအတည်ပြုနှုန်းထား ထုတ်ပြန်ခြင်းမှာ လုပ်ငန်းစဉ်အမှတ် ၄ သာ ဖြစ်ကာ
ကန့်ကွက်၊ ပြင်ဆင်ခြင်း များကို ဆောင်ရွက်ပြီးမှသာ အနည်းဆုံး လုပ်ခလစာ သတ်မှတ်ချက်ကို အတည်ပြု ပြဋ္ဌာန်းမည်ဖြစ်သည်။

““ကန့်ကွက်ချင်တယ် ဆိုရင်တော့ ဒီဟာကို ထုတ်ပြန်ပြီး နှစ်ပတ်အတွင်း မည်သူမဆို ကန့်ကွက်နိုင်ခွင့်ရှိတယ်။ သတ်မှတ်လိုက်တဲ့ ဈေးနှုန်းကို အလုပ်ရှင်ကပဲ မကျေနပ်လို့၊ အလုပ်သမားကပဲ မကျေနပ်လို့ အဲဒါကို ကန့်ကွက်ပိုင်ခွင့် ရှိတယ်။ လုပ်ငန်းရှင်တွေ တော်တော်များများထဲမှာ ဒီ ၃၆၀၀ က ညီမျှတဲ့ ဈေးနှုန်းတစ်ခု ဆိုတာကို သူတို့လက်ခံတယ်။ အထည်ချုပ်ကတော့ ဒီဟာက များတယ်လို့ ယူဆတယ်။ မပေးဘူး၊ ပေးမယ်တော့ မပြောဘူး။ တကယ်တမ်းဆို ကျွန်တော်တို့ တောင်းဆိုတာက ၄၀၀၀။ ၄၀၀၀ ဆိုတာ တခြားစက်မှုဇုန် ကုန်ထုတ်လုပ်ငန်းတွေ တော်တော်များများမှာ ၄၀၀၀ ပေးနိုင်တဲ့ အဖွဲ့အစည်းရှိတယ်။ ဒီအထည်ချုပ်ကို လိုက်ပါပြီး ဈေးညှိနှိုင်းပေးရင်း ကျွန်တော်တို့ အလုပ်သမား ကိုယ်စားလှယ် ၅ ဦး ထဲကနေပြီးတော့ ဒီ ၃၆၀၀ ဆိုတဲ့ နှုန်းထားကို တစ်ပြေးညီရယူပေးခဲ့တယ်။ ၃၆၀၀ ပေါ်မှာတော့ ကန့်ကွက် တယ်လည်း မပြောဘူး၊ ထောက်ခံတယ်လည်း မပြောဘူး”” ဟု အနိမ့်ဆုံး အခကြေးငွေသတ်မှတ်ရေး အမျိုးသား ကော်မတီဝင် အလုပ်သမား ကိုယ်စားလှယ် ဦးဝင်းဇော်က ဇွန်လ ၃၀ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

ယခုသတ်မှတ်ထားသည့် နှုန်းထားအပေါ် ကန့်ကွက်၊ ပြင်ဆင်လို သူများအနေဖြင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းနှင့် ပြည် နယ်ကော် မတီများသို့ ၁၄ ရက်အတွင်း ပုံစံဖြည့် စွက်ကာ ပေးပို့ရမည်ဖြစ်ပြီး မိတ္တူကိုလည်း အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနရှိ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီနှင့် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနတို့သို့လည်း ပေးပို့ရမည်ဖြစ်သည်။

““အလုပ်သမားတွေလည်းပဲ တချို့လက်ခံနိုင်တဲ့ အလုပ်သမားတွေ ရှိနေတယ်၊ ဒီ ၃၆၀၀ ကို။ တချို့တောင်းဆို ထားတဲ့၄၀၀၀ ကို ပြန်ပြီးတော့ ကန့်ကွက် သွားမယ်ပေါ့၊ ၄၀၀၀ ပေးဖို့ပေါ့။ ၄၀၀၀ ပြဋ္ဌာန်းပေးဖို့အတွက် အဲဒီ အလုပ်သမားတွေလည်း ရှိနေတော့ ကျွန်တော်တို့ကတော့ နှစ်ပတ် အတွင်းမှာ ကန့်ကွက်ချင်တဲ့ အလုပ်သမား တွေ ဆီကနေပြီး အချက်အလက်တွေ ရယူပြီးတော့ ဥပဒေနဲ့အညီ ကန့်ကွက်မှာပါ။ တကယ်ပြောရရင် ၄၀၀၀ တောင်မှ Cover ဖြစ်ဖို့ မလွယ်ဘူး။ ၃၆၀၀ ဆိုတာ တကယ် Cover ဖြစ်၊ မဖြစ်ဆိုတာ အများကြီး စဉ်းစားနေ ရတာရှိတယ်။ ကန့်ကွက်ချင်တဲ့ အလုပ်သမားတွေ အမြင်ကလည်း မှားတယ်လို့ ဆိုလို့မရဘူး။ သူတို့ရဲ့ လက်တွေ့ ဘ၀နဲ့ဆိုင်တယ်”” ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်လင်းက ဆိုသည်။

ယခုအဆိုပြုပြဋ္ဌာန်းလိုက်သည့် နှုန်းထားမှာ အလုပ်သမား ၁၅ ဦးနှင့် အောက်ရှိသော လုပ်ငန်းငယ်များ၊ တစ်နိုင် တစ်ပိုင်လုပ်ငန်းများနှင့် သက်ဆိုင်ခြင်းမရှိဘဲ ယခုအဆိုပြုသည့် နှုန်းထားမှာ တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုပေါင်း ၂၂၀၃၂ ၏ လူတစ်ဦးချင်း ပျမ်းမျှ စားသောက်မှု ကုန်ကျစရိတ်၊ နိုင်ငံ့ဝန်ထမ်းများ၏ အနိမ့်ဆုံး အခြေခံလစာနှင့် နေ့ စားအလုပ်သမားများ၏ လုပ်ခများအပေါ် မှီငြမ်းကိုးကား၍ ညှိနှိုင်းသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

MH-0025

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment