~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်တော်ငယ်စဉ်က ကျောင်းပိတ်ရက်တချို့မှာ ဘိုးဘွားမိဖများရဲ့ ဇာတိချက် ကြွေမွေးရပ်မြေ၊ ကွမ်းခြံကုန်းမြို့ ကလေးဆီကို ပြန်ပြီးနေတဲ့ အခါနေပါတယ်။ တချို့ကျောင်းပိတ်ရက်တွေမှာ ကျတော့ ရန်ကုန် မှာရှိတဲ့ ဦးလေး တွေ၊ အဒေါ်တွေအိမ်တချို့မှာ သွားနေခဲ့ပါတယ်။ တစ်ခါတစ်ခါ မှာတော့ အဒေါ်တစ်ယောက်နေတဲ့ ရန်ကုန် မင်္ဂလာတောင်ညွန့်က လမ်းတစ်လမ်းမှာ သွားနေပြီး တစ်ခါတစ်ခါမှာတော့ ရန်ကုန် ကျောက်မြောင်း ရပ်ကွက် ထဲက လူပျိုကြီး၊ အပျိုကြီး၊ ဦးကြီး၊ ဒေါ်ကြီး၊ ဒေါ်လေးများ စုဝေးနေထိုင်ကြရာ အိမ်တစ်အိမ်မှာသွားနေပါတယ်။
အိမ်တစ်အိမ်လုံးမှာ လူပျိုကြီး၊ အပျိုကြီး မောင်နှမတွေ စုစုဝေးဝေးချစ်ချစ် ခင်ခင်နေထိုင်ကြတဲ့ အိမ်ကလေး ပါ။ အကြီးဆုံးဖြစ်တဲ့ ဦးကိုကိုကြီးက ဌာနဆိုင်ရာတစ်ခုမှာ အရာရှိပါ။ သူ့ညီမအပျိုကြီးတွေဖြစ်တဲ့ ကြီးကြီး ဒေါ်အုန်း ခင်၊ ဒေါ်စိမ်းရင်နဲ့ဒေါ်လေး ဒေါ်သိန်းခင်တို့ ညီအစ်မတစ်တွေက ကျောက်မြောင်းဈေးထဲမှာ စတိုးဆိုင်ဖွင့်ပြီး ဆိုင် ထိုင်ရောင်းကြပါတယ်။ သူတို့ကိုလည်း ၀ိုင်းကူရပါတယ်။သူတို့ရဲ့မောင်တွေ ထဲကတစ်ယောက် ဖြစ်တဲ့ဦးလေး ဦးထွန်းရင်က အိမ်မှာပဲ ခဲစာလုံးနဲ့ စာစီစာရိုက်တဲ့ ပုံနှိပ်စက်ကလေး ထောင်ထားတော့ ၀ိုင်းကူလုပ်ရင်း ပုံနှိပ် စက်ဗဟုသုတတွေ ရပါတယ်။…
သူတို့ရဲ့တူ တစ်ယောက်ဖြစ်တဲ့ ကိုချစ်သောင်းက အင်ဂျင်နီယာကျောင်းသား၊ သူခေါ်သွားလို့ စာအုပ်တွေငှားဖို့ ဆိုပြီး usis စာကြည့်တိုက်နဲ့ British Council စာကြည့်တိုက်တွေကို ကျွန်တော်လည်းရောက်ဖူးပြီး စာအုပ်ငှား ဖြစ်ခဲ့၊ဖတ်ဖြစ်ခဲ့တယ်။ အဲဒီဦးကြီး၊ ဒေါ်ကြီး၊ ဒေါ်လေး၊ လူပျိုကြီး၊ အပျိုကြီးတွေထဲမှာ ရှားရှားပါးပါး အိမ်ထောင် သည် ဇနီးမောင်နှံတစ်ယောက်စ နှစ်ယောက်စလည်းရှိတာပေါ့။ ဦးလေးဦးညွန့်မောင်က သူတို့ရဲ့မောင်နှမ အရင်းလေ။ မင်္ဂလာညွန့်ဖလင်းဆိုတဲ့ ရုပ်ရှင်ကုမ္ပဏီတည်ထောင်ထားတယ်။ ကိုယ်တိုင်ဒါရိုက်တာ လုပ်၊ ဇာတ်ညွှန်းရေးပြီး မင်းသားအဖြစ် သရုပ်ဆောင်ဝင်ရိုက်ကူးပါတယ်။ စာရေးဆရာကြီးမောင်ထင်ရေး တဲ့““ငဘ”” ၀တ္ထုကိုရုပ်ရှင်ရိုက်တော့ ဦးလေးဦးညွန့်မောင်က အဓိကဇာတ်ကောင်တောင် သူလယ်သမားကြီး ငဘနေရာက ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့ပါတယ်။
သူက““မြိုင်ယံဘွား””ရုပ်ရှင် ဇာတ်ကားနဲ့ နာမည်ကျော်လာတဲ့ မင်းသား အေ၀မ်းညွန့်မောင်။ သူ့ ဇနီးအန်တီ ဒေါ်မေမြင့်ကလည်း ““ပွဲခါညောင်ရေ””ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင် ရွှေစင် ရုပ်ဆုရခဲ့တဲ့ အကယ်ဒမီမေမြင့်။ သူတို့နဲ့နီးနီးကပ် ကပ်နေခဲ့ရင်း မြန်မာ့ရုပ်ရှင်လောက သတင်းတွေလည်း ဗဟုသုတရသလို၊ ရုပ်ရှင်ရိုက်ကွင်း စတူဒီယိုကြီးတွေထဲလည်း ရောက်ဖြစ်ခဲ့ပါတယ်။ တစ်ခါမှာတော့ ဦးလေး အေ၀မ်းညွန့်မောင်နဲ့ အန်တီဒေါ်မေမြင့်တို့ ဇနီးမောင်နှံက အထင်ကရ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို Black and White Film အဖြူအမည်းဖလင်နဲ့ မြင်ကွင်းကျယ် (cinemascope) စီနီမာစကုပ် ရိုက်ကူးဖို့ အဲဒီ ကျောက်မြောင်း အိမ်ကလေးမှာပဲ တိုင်ပင်ခဲ့ကြတယ်။
ရန်ကုန်မြို့မှာရှိတဲ့ ကမ္ဘာ့ အထင်ကရစာရင်းဝင် သိဂုင်္တ္တရကုန်းတော် မဟာပေါ်က လေးဆူ ဓာတ်ပုံ ရွှေတိဂုံစေတီ တော်မြတ်ကြီးနဲ့ပတ်သက်တဲ့ ““ရွှေတိဂုံသမိုင်း” လို့ အမည်ရတဲ့ ဇာတ်ကားကြီးကို ရိုက်ကူးထုတ်လုပ်ဖြန့် ချိပြသ ဖို့ စီစဉ်တိုင်ပင်ခဲ့ကြပါတယ်။ ရွှေတိဂုံသမိုင်းနဲ့ ပတ်သက်လာရင် တောတွင်းသား ““မောင်ဒီ””ဆိုတာလည်း ပါဝင်ပါသေးသတဲ့။ အဲဒီတောတွင်းသား နေထိုင်သွားလာ ကျင်လည်လှုပ်ရှား ခဲ့ဖူးတာကတော့ ကျွန်တော်တို့ရဲ့ ဟံသာဝတီခရိုင်ထဲမှာရှိတဲ့ တွံတေးတောကြီးတန်း တစ်ဝိုက်ပေါ့။ ကျွန်တော်တို့ ငယ်ငယ်တုန်း ကတောကြီး တန်းဟာနက်ရှိုင်းပြီး သစ်ကြီးဝါးကြီးတွေနဲ့ စိမ်းစိုမှိုင်းဝေ တောကြီးတန်းပေပဲ။
ရုပ်ရှင်ဇာတ်ကားရိုက်ကူးတဲ့အခါမှာ သဘာဝကျအောင်လို့ ဇာတ်ကို အစမပျိုးခင်ကတည်းက ရိုက်ကွင်း ရိုက် ကွက် (Location) တွေလိုက်ရှာ ထားကြရပါတယ်။ ဦးလေးဦးညွန့်မောင်တို့အဖွဲ့ တွံတေးတော ကြီးတန်းထဲကို သွားပြီး ရိုက်ကွင်းရိုက်ကွက် ကောင်းမယ့် နေရာလေးတွေ ကြိုတင် သွားရှာကြတော့ ကျွန်တော်လည်းအဖော် အဖြစ် လိုက်သွားခဲ့ပါတယ်။ ကျွန်တော့် ဘိုးဘွားများ ကိုးကွယ်ဆည်းကပ်ကြရာ ““မဟာဝုန်တောရ ကျောင်း”” ကလေးမှာ တစ်ပါးတည်း သီတင်းသုံးနေတဲ့ ဆရာတော်ကြီးဦးစနိ္ဒမာရဲ့ အရိပ်အာဝါသမှာ ခဏတာ ကျွန်တော် တို့ခိုလှုံခဲ့ကြရပါတယ်။
ဆရာတော်ကြီးရဲ့အေးရိပ်ဆာယာကျောင်းသင်္ခမ်းမှာ ယာယီစခန်းချ တည်းခိုကြရင်း တွံတေးတောကြီးတန်းထဲ မှာ ရုပ်ရှင်ရိုက်ကွင်း နေရာ ရှာခဲ့ကြပါတယ်။ ခုခေတ်လူငယ် လုံမငယ်လေးတွေကို ကြုံတုန်းမှာ ဗဟုသုတလေး တွေပြောပြချင်ပါသေးတယ်။ ရွှေတိဂုံ စေတီတော်ကြီးရဲ့သမိုင်းကို ရုပ်ရှင်ရိုက်ကူးကြပြီဆိုတဲ့ အခါကျတော့ ရုပ်ရှင်ကြည့်ပရိသတ်ကို အသိဉာဏ်ပေးတဲ့ အပိုင်းလေးတွေလည်း ထည့်သွင်းပြီး ဦးလေးဦးညွန့်မောင်တို့က ရိုက်ကူးသွားကြပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ ““တာမွေ””ရပ်ကွက် ဆိုပါတော့။ အဲဒါရှေးတုန်းက မြွေကြီး တစ် ကောင်က မောင်ကံဆိုတဲ့ လူတစ်ယောက်လာရာ လမ်းကိုဆီးကြိုပြီး တားဆီးလို့““တားမြွေ”” ကနေ ရွေ့လျား ရင်း နောင်အခါကျတော့ ““တာမွေ””ရယ်လို့ ဖြစ်လာတာကိုလည်း ရုပ်ရှင်ထဲမှာ စာတန်းထိုးပြီးဖော်ပြခဲ့ကြ ပါတယ်။
ကြည့်မြင်တိုင်ဆိုတဲ့ ရပ်ကွက်ကျတော့လည်း ဟိုအဝေးနေရပ်ဖြစ်ပြီး တောင်ကုန်းမို့မို့ပေါ် က ရွှေတိဂုံစေ တီ တော်ကြီးကို လှမ်းမျှော်ကြည့်လိုက်တဲ့အခါ ““ကြည့်လို့ မြင်နိုင်ပြီ”” ““ကြည့်မြင်နိုင်”” လို့ နေရာသတ် မှတ်ခဲ့ရာက နောက်ပိုင်းကာလတွေ ရွေ့လျားလာတဲ့အခါမှာ ““ကြည့်မြင်တိုင်”” ရယ်လို့ ခေါ်တွင် လာကြတဲ့ အကြောင်းလည်း အဲဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ စာတန်းထိုးပြီး ဖော်ပြခဲ့ကြ ပါသေးတယ်။ ထို့အတူပဲ ရွှေတိ ဂုံစေတီတော်ကြီး ရှိရာအရပ်ကို ခရီးပြင်းနှင်လာခဲ့တဲ့ လူစွမ်းကောင်း မောင်ကံဟာ မောလှပါပြီ ““မောပြီ””ဆိုပြီး ခဏရပ်နားတဲ့ နေရာကျတော့ ““မောပြီ””ဆိုတဲ့ ဝေါဟာရကနေ ကာလရွေ့လျားလာတဲ့အခါ ““မှော်ဘီမြို့””ရယ်လို့ ဖြစ်လာပါ သတဲ့။
ဟိုတုန်းက မြန်မာ့ရုပ်ရှင်ဇာတ်ကားကောင်းကြီး တစ်ကားဖြစ်ခဲ့ဖူး တဲ့ မြင်ကွင်းကျယ် ရွှေတိဂုံသမိုင်းဇာတ်ကား ကြီးလည်း ရိုက်ကူးပြီးစီးပြီ ဆိုတော့ မင်္ဂလာညွန့်ဖလင်း ကုမ္ပဏီကပဲ တစ်ပြည်လုံးကို ဖြန့်ချိပြသပါတယ်။ ဦးလေးဦးညွန့်မောင်တို့၊ အန်တီ အကယ်ဒမီဒေါ်မေမြင့်တို့ရဲ့ ချစ်ပရိသတ်တွေက ကျွန်တော်တို့ ကွမ်းခြံကုန်းမြို့ ကလေးမှာလည်း ရှိကြတယ်လေ။ ဟိုတုန်းက ရုပ်ရှင်ရွှေခေတ်ပေကိုး။ တောမြို့လေးဆိုပေမယ့် ကွမ်းခြံကုန်းမှာ ““ဘုရားကြီးရုံ””ရယ် ““မီးသတ်ရုံ””ရယ် ၂ရုံတောင်ရုပ်ရှင်ရုံတွေရှိ ခဲ့ပါတယ်။ ဇာတ်ကားရဲ့ ဖလင်ထုပ်တွေကို ““ကားထုပ်””လို့လည်းခေါ်ပါတယ်။ အဲဒီပုံးကြီးတွေနဲ့ ဧရာဝတီခရီးသည်တင် သင်္ဘောပေါ်တင်ရင်း ရန်ကုန်က မနက်ခင်းလိုက်လာ လိုက်ကြတာလမ်းမှာ ကျိုက်ထော်ကို ၀င်ပါတယ်။
ဟိုတုန်းက ဒလနဲ့ ကွမ်းခြံကုန်းဟာ ကားလမ်းမပေါက်သေးတော့ သင်္ဘောနဲ့ပဲပေါ့။ ကျိုက်ထော်ကျတော့ သင်္ဘောဘေး နားလာကပ်ပြီး လှေတွေနဲ့ လာရောင်းကြတဲ့ ထမင်းထုပ်လေးတွေ ၀ယ်စားကြရတယ်။ ညနေပိုင်း ဒေးဒရဲမှာ တစ်ထောက်ဝင်နားပြီး သင်္ဘောကြီး ဆက်ထွက်လာလိုက်တာ ကွမ်းခြံကုန်းမြို့လေးရောက်တော့ ညနေစောင်းပါပြီ။ ဇာတ်ကားထုပ်တွေကို ရုံမန်နေဂျာလက်ထဲ အပ်ထားခဲ့ပြီး သမ္ဗန်တစ်စီးနဲ့ ခရီးဆက်ခဲ့ကြတာ တစ်မိုင်သာသာဝေးတဲ့ သုံးခွရွာလေးကိုရောက်တော့မှ ညစာစားပြီး ညအိပ်အနားယူကြတယ်။ ရွာအနောက်ပိုင်း မှာရှိတဲ့ မဟာဝုန်ရတနာစံ ကျောင်းဆရာတော် ဦးဝိစိတ္တကလည်း ဦးလေး ဦးညွန့်မောင်တို့ မောင်နှမညီအစ်ကို တွေရဲ့ ဆရာတော်ဖြစ်နေလို့ပါ။
အဲဒီမှာ ညအိပ်ကြတော့ ရွာသူရွာသားတွေက ရုပ်ရှင်မင်းသားနဲ့ မင်းသမီးကို ခဏခဏလာ ကြည့်လိုက်ကြတာ ဆရာတော်ရဲ့ ကျောင်းမှာညလုံးပေါက် ““အောက်လင်းဓာတ်မီး””ထိန်ထိန်ညီးလို့ပါပဲ။ ကွမ်းခြံကုန်း သတင်း နားစွင့်လိုက်ကြပြန်တော့ ရွှေတိဂုံသမိုင်း ဇာတ်ကားကိုကြည့်ကြတာမှ“၂”ရုံ လုံးအုန်း အုန်းကျွက်ကျွက်ပဲတဲ့။ ကျွန်တော်တို့ မြန်မာတိုင်းရင်းသား များဟာတော ရောမြို့ပါမ ကျန်သံဃာတော်တွေကိုလည်း ရိုသေကိုင်းရှိုင်း ကြတယ်။ ဘုရားစေတီများကိုလည်း ကိုးစားယုံကြည်သဒ္ဓါပွားလို့ ၀ပ်တွားမပျက် ရှိတတ်ကြတယ်။
ဘုရားသမိုင်းစေတီတော် သမိုင်းစာအုပ်စာတမ်း““မော်ကွန်း””ကျောက်စာ များက အစတန်ဖိုးထား တတ်ကြ တယ်။ ဒါကြောင့် လည်း ရွှေတိဂုံစေတီတော်ကြီးရဲ့ သမိုင်းကိုဇာတ်လမ်းဇာတ် ကွက် ဝေေ၀ဆာဆာနဲ့ရိုက်ကူး သရုပ်ဆောင်တင်ပြလိုက်တဲ့အခါ ပရိသတ်ရဲ့ စိတ်ဓာတ်နဲ့ သိပ်ဟပ်ခဲ့ဖူးပါတယ်။ ပါလီမန် ဒီမိုကရေစီခေတ် က ရွေ့လျားလာပြီး စစ်အာဏာရှင်တွေကြီး စိုးမင်းမူလာကြပြန် တဲ့ ခေတ်အဆက်ဆက်ကျတော့ နောင်လာနောက် သားတွေကို ပြန်ပြီးပြချင်ပေမယ့် ပြစရာ မြန်မာရုပ်ရှင် ဇာတ်ကားကောင်းကြီးများ ရှားပါးလို့လာ ပြန်တာဘာ ကြောင့်လဲ။
သက်ဆိုင်ရာ တာဝန်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာနပိုင်းတွေ က ပြည်ပနိုင်ငံကြီးတွေမှာလိုမျိုး တန်ဖိုးထားပြီး ရုပ်ရှင်ဇာတ်ကားထုပ် အဟောင်းကြီးတွေကို နည်းပညာမျိုးစုံနဲ့ ““တုန်ခြင်း မှုန်ဝါးခြင်းမျိုး””ကအစ ကင်းဝေး အောင် စိတ်ဝင်တစား ထိန်းသိမ်းစောင့်ရှောက်သိမ်းဆည်းတာမျိုး စနစ်တကျ မရှိခဲ့ကြလို့ပါပဲ။ သိပ်ပြီးဝမ်းနည်း စရာကောင်းပါ တယ်။ တော်တော်များများ ပျက်စီးဆုံးရှုံးပျောက်ကွယ်ခဲ့ရပြီလေ။ ဒီခေတ် လူငယ်လူရွယ်တွေကို ““ရွှေတိဂုံသမိုင်း””ဆိုတဲ့ မြင်ကွင်းကျယ် မြန်မာ့ရုပ်ရှင် ဇာတ်ကားကောင်း၊ ဇာတ်ကားဟောင်းကြီး ပြန်ပြီးပြ ချင် ပေမယ့် ပြလို့မဖြစ်နိုင်တော့တာ ၀မ်းနည်းဖွယ်ရာပါ။ စီမံခန့်ခွဲမှုတွေ ညံ့ဖျင်းပြီး တာဝန်မဲ့နိုင်ကြလွန်းလှတဲ့ အဲဒီ စစ်အုပ်စုဝင် အစိုးရအစဉ်အဆက်ရဲ့ ဂယက်ဟာခုခါမှာတော့ ပိုပြီးတုန်လှုပ်ချောက်ချား စရာ ကောင်းသထက် ကောင်းလာတဲ့အတွက် အခု ၂၀၁၅ ခုနှစ်မှာ နိုင်ငံတကာက သိရှိရလေအောင် ပေါ်ပေါက်လာခဲ့ရပြန် တာက တော့ ရဟန်း ရှင်လူ ပြည်သူလူထုနဲ့ ပညာရှင်ကြီးများ ပါဝင်တဲ့ ““ရွှေတိဂုံစေတီတော် ကာကွယ် စောင့်ရှောက် ရေး””အဖွဲ့ကြီးပဲ ဖြစ်ပါတယ်။
ဘာကြောင့် ကာကွယ်စောင့်ရှောက်ရသလဲ ဆိုတာကတော့ အများပြည်သူ သိရှိပြီးဖြစ်ကြောင်းပါ။ ရွှေတိဂုံစေတီ တော်ကြီးရဲ့အနီးတစ်ဝိုက်မှာ ဒဂုံစီးတီးအိမ်ရာ စီမံကိန်းအမှတ်(၁)နဲ့ ဆက်စပ်စီမံ ကိန်းတွေလာပြီး မလုပ်ကြပါနဲ့ လို့ ၀ိုင်းဝန်းကာကွယ် စောင့်ရှောက်နေကြရတာပဲ ဖြစ်ပါတယ်။ အခု ဇွန် ၂၀ရက်၊ ၂၀၁၅နေ့ ညနေပိုင်းမှာတော့ ““ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့””က ဦးဆောင်ဆရာတော်ကြီးတွေကို သက်ဆိုင်ရာ အစိုးရအာဏာပိုင် အဖွဲ့အစည်းနဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ကလာပြီး လျှောက်ထားကြတာကတော့ ဒီစီမံကိန်းကို လုံးဝဖျက်သိမ်းပါတော့မယ်တဲ့။ ၁၅ ရက်အတွင်းမှာ ဒဂုံစီးတီး အိမ်ရာစီမံကိန်း တရားဝင်ရပ်ဆိုင်းဖို့ နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးထားတဲ့ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပေးပါမယ်လို့လည်း ကတိပေး လျှောက်ထားသွားကြတယ်တဲ့။ ရှေးလူကြီးများ ဆိုရိုးစကားကတော့ ရေအသက်တစ်မနက်၊ ထမင်းအသက် ခုနစ်ရက်တဲ့။ ရွှေတိဂုံစေတီတော်မြတ်ကြီးတည်ရှိရာ သမိုင်းဝင်အထင်ကရ သိဂုင်္တ္တရ ကုန်းတော်မဟာအတွက် ပြည်သူလူထုဘက်က စိုးတထိတ်ထိတ်နဲ့ မျှော်လင့်ချက်ကတော့ ၁၅ ရက် ဖြစ်နေပြန်ပါပေါ့လားခင်ဗျာ။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment