ရန်ကုန်၊ ဇူလိုင် ၂
ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်များအား သက်ဆိုင်ရာလွှတ်တော်များမှ ခန့်အပ်ရေးသည် ဥပဒေပြုရေးမဏ္ဍိုင်က အုပ်ချုပ်ရေးမဏ္ဍိုင်အပေါ် လွှမ်းမိုးသည့်သဘောဟုဆိုကာ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်က မူလပြဋ္ဌာန်းချက်ကို ပြင်ဆင်ရန် မသင့်ကြောင်း ဆွေးနွေးမှုမှာ ဗဟိုချုပ်ကိုင်မှုကိုလျှော့ချ လိုမှုမရှိခြင်း သာဖြစ်ကြောင်း တိုင်းရင်းသားပါတီများက ဇူလိုင်လ ၂ရက်တွင် မြန်မာသံတော်ဆင့်မှ တစ်ဆင့် ဝေဖန်လိုက် သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၀န်ကြီးချုပ် ခန့်အပ်ခြင်းကို နိုင်ငံ တော် သမ္မတက ခန့်အပ်တာဝန်ပေး ရမည်ဟု ပြဋ္ဌာန်းထားရာ ယင်းပုဒ်မကို မူလအတိုင်းသာထား ရှိရန် တပ်မ တော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်ကျော်က ဇူလိုင်လ ၁ ရက်က ပြု လုပ်သောပြည်ထောင် စုလွှတ်တော် အစည်းအဝေး၌ ပုဒ်မ
၄၃၆(ခ) ပြင်ဆင်ရေးဆွေးနွေးမှုတွင် ထည့်သွင်းဆွေးနွေးခဲ့ခြင်းအပေါ် ယခု ကဲ့သို့ ဝေဖန်လိုက်ခြင်းဖြစ်သည်။…
““သမ္မတကလည်း ဖက်ဒရယ်စနစ်နဲ့ သွားမယ်လို့ပြောထားတယ်။ ဖက်ဒရယ်ဆိုရင် ကိုယ့်ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရှိရမယ်လေ။ ဖက်ဒရယ်စနစ်မှာ သူ့တိုင်း၊ သူ့ပြည်နယ်မှာ လုပ်ပိုင်ခွင့်အတူတူရှိရမယ်လေ။ ပြည်နယ်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းခွင့်ရှိရမယ်။ အခုက ဗဟိုကချမှတ်သော တစ်ပြည်ထောင်စနစ် ဖြစ်သွားတာပေါ့။ တိုင်းရင်းသား တွေ ဘက်ကလည်း ဒါကိုမကျေလည်လို့ တော်လှန်ရေးလုပ်လာတာနှစ်ပေါင်း ၆၀ကျော်ပြီ။ ဒါမရရင် တော်လှန် ရေးက မပြီးနိုင်ဘူး။ တပ်မတော်ကမူလ အတိုင်းထားမယ်ဆိုရင် သူတို့က ၂၀၀၈ တစ်ခုလုံးကို ဘာပဲပြင်ပြင် “ဘူး”တစ်လုံးပဲ ခါနေတယ်။ သူတို့ က ၂၀၀၈ ကို အခိုင်အမာဆုပ်ကိုင် ပြီးတော့ သူတို့အာဏာတည်တံ့ရေး အတွက်ပဲလုပ်တယ်””ဟု မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးနိုင်စံလှိုင်က ပြောသည်။
ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ်ကို ၎င်းတို့သက်ဆိုင်ရာ လွှတ်တော်မှ ခန့်အပ်ခွင့်ရရှိရန် တိုင်းရင်းသားပါတီများက အစဉ်တစိုက်တောင်းဆိုနေကြပြီး သမ္မတနှင့် နိုင်ငံရေးပါတီများတွေ့ဆုံ သည့် ဆွေး နွေး ပွဲတိုင်းတွင်လည်း တိုင်းရင်းသားပါတီများ အဓိကပြင်ဆင်ရန် တောင်းဆိုနေကြသည့် အချက်လည်းဖြစ် သည်။
““ အမိန့်အရ မတ်တတ်ရပ်တယ်။ အမိန့်အရထိုင်တယ်။ အမိန့်အရ ကန့်ကွက်တယ်၊ ထောက်ခံတယ်လေ။ အဲဒီ သဘောပဲ။ ကျွန်တော်တို့က တိုင်းရင်းသားချင်းချစ်ကြည်မှုကို တပ်မတော်ဘက်က အပေးအယူလုပ် တာမျိုး ဖြစ် စေချင်တယ်။ ပြည်ထောင်စုလွှတ်တော် အမတ်တွေ၊ တပ်မတော်သားတွေ အတူလိုက်ပြီး အပြောင်းအလဲပေါ် လက်ခံဖို့လိုတယ်။ တပ်မတော်သားတွေက အမိန့်အောက်မှာ ရှိနေတာကိုး။ အမိန့်ပေးတဲ့သူကိုပဲ ညှိနှိုင်း ဖို့၊ ဒါပဲ တောင်းဆိုရမှာပေါ့။ သူတို့ ဘာသိတာမှတ်လို့လဲ။ စစ်သားစစ် တိုက်တတ်မှာပေါ့။ သူ့အလုပ်သူ မလုပ်ဘဲနဲ့ ဒီမှာ ကိုးရိုးကားရားဝင်လာတာကိုက ပြည်သူတွေ ကြားထဲမှာ မျက်စိစပါးမွေးစူးတာပေါ့။ ကိုယ့်ပရော်ဖက် ရှင်နယ် အလုပ်ကို ကိုယ်လုပ်တဲ့တိုင်းပြည် ဖြစ်စေချင်တာပေါ့။ နိုင်ငံရေးသမားက နိုင်ငံရေး အလုပ်လုပ်မှာပေါ့။ သွားနေ တဲ့ လမ်းကြောင်းကတစ်မျိုး၊ သူတို့က ကိုးရိုးကားရားဝင်လုပ်တော့ မုန်းရင်လည်းလူထုက သူတို့ပဲမုန်းမှာဗျ””ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဝေဖန်သည်။
လက်ရှိတွင် ၂၀၀၈ အခြေခံ ဥပဒေအရ သမ္မတက အဆိုစာရင်း တင်သွင်းကာ တာဝန်ပေးအပ်ခံထား ရသော ပြည်နယ်နှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်မှာ စစ်အစိုးရအဖွဲ့မှ အနားယူထားကြသော စစ်ဗိုလ်ဟောင်းများ ပင် ဖြစ်နေသည့်အတွက် ဝေဖန်မှုများလည်းရှိသည်။
ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment