Sunday, July 5, 2015

ပုဒ်မ ၅၉(ဃ) ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ၂၀၁၅ ရွေးကောက်ပွဲနှင့်အတူ တစ်ပြိုင်တည်း ကျင်းပရန် ကော်မရှင်ဥက္ကဋ္ဌထံ လွှတ်တော်နာယက ကမ်းလှမ်း

 ရန်ကုန်၊ ဇူလိုင် ၁

ပြည်ထောင်စု လွှတ်တော်အတွင်း ပြင်ဆင်ရန် မဲခွဲဆုံးဖြတ်ကာ အတည်ပြုလိုက်ပြီ ဖြစ်သည့်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ၅၉(ဃ) ပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒခံယူပွဲကို အောက်တို ဘာလကုန်နှင့် နိုဝင်ဘာ လဆန်းတွင် ပြုလုပ်မည့် ပါတီစုံရွေးကောက်ပွဲနှင့် တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်ရန် အတွက် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်သို့ အကြောင်းကြားစာ ပေးပို့မည်ဖြစ်ကြောင်း ဇူလိုင် ၁ရက်တွင် ပြုလုပ် သည့် ပြည်ထောင် စုလွှတ်တော် အစည်းအဝေး၌ လွှတ်တော်နာယက သူရဦးရွှေမန်း က ပြောကြား လိုက်သည်။

ပုဒ်မ ၄၃၆(က)၊ (ခ) အပါအ၀င် အခြေခံဥပဒေပါ ပုဒ်မ၆ခုအား ပြင်ဆင်သင့်၊ မသင့်နှင့် ပတ်သက်ပြီး ဇွန်လ ၂၅ ရက်က ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ပုဒ်မ၅၉ (ဃ) တစ်ခုသာလျှင် ပြင်ဆင်ခွင့်ရရှိ ခဲ့ပြီး နောက် ယင်းဥပဒေကို ဆက်လက် အတည်ပြုနိုင်ရန် လူထုဆန္ဒခံယူပွဲ ပြုလုပ်ရ မည် ဖြစ်သည့်အတွက် ယခုကဲ့သို့ ပြော ဆိုလိုက်ခြင်း ဖြစ်သည်။

““ဒီကိစ္စကို ကျွန်တော်တို့ အောက်တိုဘာလကုန်၊ နိုဝင်ဘာလဆန်းမှာ ပြုလုပ်မယ့်၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ ပူးတွဲပြီး ဆောင်ရွက်ရင် အချိန်၊ လုပ်အား၊ ဘဏ္ဍာငွေ ကုန်ကျမှုကို လျော့ချနိုင်တဲ့အပြင် အကျိုးသက်ရောက်မှုကိုလည်း ထိခိုက်တဲ့ အခြေအနေမရှိကြောင်း သုံးသပ်တွေ့ရှိ ရပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉၊ ပုဒ်မခွဲ (ဃ) ပြင်ဆင်နိုင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ယခုနှစ်မှာ ကျင်းပပြုလုပ်မည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲမှာ ပူးတွဲ ပြုလုပ်နိုင်ဖို့အတွက် ပြည်ထောင်စု လွှတ်တော်နာယက ထံမှ ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ထံသို့ အကြောင်းကြားစာ ပေးပို့၍ အဆိုပြုကမ်းလှမ်းမှာ ဖြစ်ကြောင်း အသိပေးကြေ ညာပါတယ်”” ဟု လွှတ်တော်နာယက သူရဦးရွှေမန်း က ပြောကြားလိုက်သည်။

အဆိုပါ ပုဒ်မ ၅၉ (ဃ) ပြင်ဆင်မှုမှာ ယခင်က သမ္မတအနေဖြင့် စစ်ရေးအမြင် ရှိရမည်ဆိုသည့်အစား ကာကွယ်ရေး အမြင်ရှိရမည်ဟူ၍ စကားလုံးအရသာ အနည်းငယ် ပြင်ဆင်ထားခြင်းဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော်က အတည်ပြုမှသာလျှင် ပြောင်းလဲပြင်ဆင် ခွင့် ရမည်ဖြစ်သည်။ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အဓိကကျသည့် ပုဒ်မ ၄၃၆ အပါအ၀င် အခြားပုဒ်မ ၅ ခုအား မဲခွဲဆုံးဖြတ်ရာတွင် လုံလောက်သည့် ထောက်ခံမဲ မရခဲ့သည့်အတွက် ပြင်ဆင်ခွင့် မရှိကြောင်း လွှတ်တော်တွင်း ကြေညာ ခဲ့စဉ်ကလည်း တပ်မတော်သား ကိုယ်စားလှယ်များက ၀ိုင်းဝန်း လက်ခုပ်တီးသြဘာ ပေးခဲ့သည့် အတွက် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့သေးသည်။

ယင်းသို့ ပုဒ်မ ၄၃၆ အပါအ၀င် အရေးကြီးပုဒ်မများ မဲခွဲဆုံးဖြတ်ခဲ့ရာတွင် ပြင်ဆင်ရေးအား ကန့်ကွက်ခဲ့ကြသည့် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ထွက်ပေးရန် အတွက်လည်း ဇွန်လ ၃၀ ရက်က ရန်ကုန်မြို့ သိမ်ကြီးဈေးတွင် ကျောင်းသားများက ဦးဆောင်ကာ ဆန္ဒဖော်ထုတ်ပွဲတစ်ရပ် ပြုလုပ်ခဲ့ကြသည်။

MH-0025

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment