အနည်းဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် အမျိုးသား ကော်မတီ အဆင့်၏ နောက်ဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး တစ်ပြေးညီ နှုန်းထားအဖြစ် အဆိုပြု နှုန်းထားကျပ် ၃၅၀၀ နှင့် ၄၀၀၀ ကြား သတ်မှတ်ထားပြီး ဇွန်လကုန်ချိန်တွင် အလုပ်သမား ၀န်ကြီးဌာနက တရားဝင် နှုန်းထားတစ်ခု ထုတ်ပြန်မည် ဖြစ်ကြောင်း အမျိုးသားကော်မတီဝင်၊ အလုပ်သမား ကိုယ်စားလှယ် ဒေါက်တာ စိုင်းစံမျိုးထွန်းက ဇွန် ၂၄ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
အမျိုးသားကော်မတီအဆင့် တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၂၂၊ ၂၃၊ ၂၄ ရက်တို့တွင် ရန်ကုန်မြို့၊ စက်မှု ကုန်သည်လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)တွင် အလုပ်သမား ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ အလုပ်ရှင် ကိုယ်စားလှယ်၊ အလုပ်သမား ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးရာမှ တရားဝင်နှုန်းထားတစ်ခု သတ်မှတ်ရန် သဘောတူညီ ခဲ့ကြခြင်းဖြစ်သည်။
““ကျွန်တော်တို့ အမျိုးသား ကော်မတီအဆင့် ဆွေးနွေးပွဲမှာ ၃၅၀၀-၄၀၀၀ ကြား သတ်မှတ်ဖို့ သဘောတူ ထားကြပါတယ်။ ၃၀၀၀ အောက်တော့ မရှိတော့ပါဘူး။ အများစုက ၃၆၀၀ လောက်ပေးမယ့် သဘောရှိပါတယ်။ ဒီလ မကုန်ခင် အလုပ်သမားဝန်ကြီးဌာနက အမျိုးသား ကော်မတီအနေနဲ့ တရားဝင် ထုတ်ပါလိမ့်မယ်။ ဒီကရတဲ့ အဖြေတွေကို အစိုးရအဖွဲ့တွေဆီ တင်ပြမှာပါ””ဟုအမျိုးသား ကော်မတီဝင်၊ အလုပ်သမား ကိုယ်စားလှယ် ဒေါက်တာ စိုင်းစံမျိုးထွန်းက ပြောသည်။
အနည်းဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရန်အတွက် အမျိုးသား ကော်မတီ အဆင့် ဆွေးနွေးပွဲကို ဧပြီ ၂၅ ရက်တွင် ရန်ကုန်မြို့၌ တစ်ကြိမ်၊ မေလ ၂ ရက်တွင် မန္တလေးမြို့၌ တစ်ကြိမ်၊ ဇွန်လ ၁၇ရက်တွင် နေပြည်တော်၌ တစ်ကြိမ်၊ ဇွန် ၂၄ရက်တွင် ရန်ကုန်မြို့၌ နောက်ဆုံးအကြိမ် ဆွေးနွေးပွဲ အပါအ၀င် စုစုပေါင်း ၇ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ယခု နောက်ဆုံး အကြိမ် တွေ့ဆုံပွဲတွင် အနည်းဆုံး လုပ်ခလစာ နှုန်းထားကို သတ်မှတ်ရန် သဘောတူညီ နိုင်ခဲ့ခြင်း ဖြစ်သည်။
အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရန်အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ အကြိမ်ကြိမ် ဆွေးနွေးခဲ့ရပြီး အလုပ်သမား ကိုယ်စားလှယ်များမှ အဆိုပြုထားသော ၃၅၀၀ ကျပ်ကို ဆောက် လုပ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ လက်မှုလုပ်ငန်းများက သဘောတူညီ ခဲ့သော်လည်း အထည်ချုပ် လုပ်ငန်းရှင်များက ၁၅၀၀ ကျပ်သာ အဆိုပြုထားသောကြောင့် အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရန် ကြန့်ကြာမှုများ ရှိခဲ့သည်။
““ကျွန်တော်တို့ကလည်း ပေးနိုင်သလောက် အပြတ်ဖြတ် ပေးထားတယ်။ ၂၅၀၀ က အတတ်နိုင်ဆုံး ကြိုးစားပြီး တော့ပေးထားတာပေါ့။ ဒါကတော့ အခြေခံပါ။ လူသစ်၊ မကျွမ်းကျင်သေးတဲ့ အလုပ်သင်တွေကို ပေးတာဖြစ်ပြီး ၀န်ထမ်းခန့်ရင်တော့ ပိုပေးတာပေါ့။ ကျွန်တော်တို့က ဘယ်လောက်ပဲ သတ်မှတ်ထားပေမယ့် နောက်ပိုင်း အဆင့်ဆင့်အလိုက် တစ်ဆင့်ချင်း တိုးပေးပါမယ် ဆိုတာကိုလည်း လက်ခံကြပါတယ်။ ဒါကို တောင်းဆိုတာပါ”” ဟု အမျိုးသားကော်မတီအဆင့် တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့အပြီးတွင် အခြေခံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်အေး က ပြောသည်။
အခြေခံ အလုပ်သမားသမဂ္ဂနှင့် အလုပ်သမားဆိုင်ရာ အဖွဲ့အစည်းများက တစ်နေ့လုပ်ခလစာ အဖြစ် ကျပ် ၄၀၀၀ မှ ၅၀၀၀ တောင်းဆို ထားသော်လည်း အထည်ချုပ် လုပ်ငန်းရှင်များက ၁၅၀၀ ထက်ပို၍ မပေး နိုင်ကြောင်း အဆိုပြု ထားခဲ့ကြသော်လည်း ဇွန် ၂၄ ရက် ဆွေးနွေးပွဲတွင် ကျပ် ၃၅၀၀ နှင့် ၄၀၀၀ ကြား သတ်မှတ်ရန် သဘောတူခဲ့ခြင်း ဖြစ်သည်။
အခြေခံလုပ်ခလစာ တိုးမြှင့်ပေးရေးနှင့် ပတ်သက်၍လည်း အလုပ်သမားများဘက်မှ ဆန္ဒဖော်ထုတ်မှုများ ရှိခဲ့သလို ဆန္ဒထုတ်ဖော်ခဲ့သည့် အလုပ်သမားများမှာ အလုပ်ထုတ်ခံရခြင်း၊ တရားစွဲဆို ခံထားရခြင်းများလည်း ရှိသည်။
သူရိန်ကျော်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment