
ရန်ကုန်၊ ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရတနာပုံတက္ကသိုလ်မှ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (အထက်မြန်မာပြည်) ဥက္ကဋ္ဌ ကိုနိုင်ရဲဝေအပါအ၀င် ကျောင်းသား ၄ဦးကို အမရပူရ မြို့နယ်နယ်ထိန်း အဖွဲ့မှနေ၍ ပုဒ်မ ၄ခုဖြင့်
အမှုဖွင့်ထားသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း မန္တလေးဒေသ ခံ နိုင်ငံ ရေးတက်ကြွ လှုပ်ရှားသူ ဒေါ်အမာနီက ဇူလိုင် ၁ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
အမရပူရမြို့နယ်အတွင်းရှိ ရတနာပုံတက္ကသိုလ်ဗ.က.သဥက္ကဋ္ဌ ကိုနိုင်ရဲဝေ၊ ဒုတိယဥက္ကဋ္ဌကိုအောင် ဆန်းဦး၊ ကိုဂျစ်တူး၊ ကိုဉာဏ်လင်းထက်တို့ကို အမရပူရမြို့နယ်ရဲစခန်းမှ စခန်းမှူးဒုရဲမှူးမြင့်လွင်က ပုဒ်မ ၁၈၊ ၁၄၃၊ ၁၄၇၊ ၅၀၅(ခ)တို့ဖြင့် အမရပူရမြို့နယ် ရဲစခန်း၌ အမှုဖွင့် ထားသည့်အတွက် ယခုကဲ့သို့ ဖမ်း ဆီးခေါ်ဆောင်သွား ခြင်းဖြစ်သည်။
““အမရပူရစခန်းကနေ နိုင်ရဲဝေကို အဆောင်မှာ ၀င်ဖမ်းတာ။ အောင်ဆန်းဦး တို့ နှစ်ဦးကိုလည်း ကျောင်းတက် နေရင်း နယ်ထိန်းက ခေါင်းတွေကိုရိုက်ပြီး ဖမ်းသွားတယ်။ ဖမ်းတာက ရတနာပုံတက္ကသိုလ်ရှေ့မှာ မှုတ်ဆေး မှုတ်တယ်ဆိုပြီး ဖမ်းတာပဲ။ အခြေအနေက သေချာမသိသေးဘူး။ ရတနာပုံထဲမှာ ကျောင်းသား သပိတ်ကို ထောက်ခံဆန္ဒပြတယ်ဆိုပြီး အမှုဖွင့်ထားတာလည်း ရှိသေးတယ်။ အခုလည်း ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ထားတယ်လို့ ပြောတယ်။ ရုံးထုတ်မှပဲ အကြောင်းစုံသိရမှာ””ဟု မန္တလေးဒေသခံနိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ဒေါ်အမာနီက မြန်မာသံတော်ဆင့် သို့ပြော သည်။…
ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ကိုနိုင်ရဲဝေမှာ လက်ရှိတွင်လည်း အမရပူရ မြို့နယ်တရားရုံး၌ ရတနာ ပုံကျောင်းအတွင်း ဆန္ဒထုတ်ဖော်မှုကြောင့် ပုဒ်မ ၁၈ဖြင့် တရားစွဲခံထားရသူဖြစ်သည်။
““ကျောင်းသားတွေ ပြောတာကတော့ ရတနာပုံတက္ကသိုလ်ထဲမှာ ကျောင်း သားလှုပ်ရှားမှုလုပ်တဲ့ကိစ္စ နဲ့ပတ် သက်ပြီး ဖမ်းတာလို့ပြောပေမယ့် အခုလောလောဆယ် ဆဲဗင်းဇူလိုင်လှုပ်ရှားမှုနီးတော့မှ ပိုက်စိပ် တိုက်ဖမ်း တာဖြစ်မယ်။ အခုတော့ သူတို့ကို မန္တလေးအိုးဘိုထောင်ထဲမှာ ဖမ်းထားတယ်””ဟု ဖမ်းဆီးခံကျောင်း သား ကိုအောင်ဆန်းဦး၏ ဖခင်ဦးအောင်ဆန်းဝင်းကပြောသည်။
ယခုဖမ်းဆီးခံထားရသည့် ကျောင်းသား ၄ ဦးအား လာမည့်ဇူလိုင်လ ၁၅ ရက်တွင် အမရပူရ မြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေး မည် ဖြစ်သည်။ ယင်းကဲ့သို့ ကျောင်းသားများ အား ရိုက်နှက်ဖမ်းဆီးခဲ့ခြင်းမှာ ၄ ပွင့်ဆိုင် သဘောတူညီချက်များကို ဖောက်ဖျက်ခြင်းဖြစ်သည့်အတွက် နိုင်ငံတော်အဆင့် လိမ်ညာသည့် စစ်အစိုးရနှင့် စစ်တစ်ပိုင်းလွှတ်တော်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချကြောင်းနှင့် နောင်ဖြစ်လာမည့် ကိစ္စအရပ်ရပ်သည် အစိုးရနှင့်လွှတ်တော်တွင်သာ အပြည့်အ၀တာဝန်ရှိကြောင်း ပြင်းပြင်း ထန်ထန် ရာဇသံပေးလိုက်ကြောင်း ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်၊ မန္တလေးခရိုင် ကျောင်းသားများသမဂ္ဂက ဇူလိုင်လ ၁ ရက် တွင်သတိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။
အလားတူ သာယာဝတီ အကျဉ်းထောင်၌လည်း အကျဉ်းထောင်ကို မထီမဲ့မြင်ပြုလုပ်သည်ဟုဆိုကာ ဖမ်း ဆီး ထိန်းသိမ်းခံထားရသော ကျောင်း သား ကိုအောင်မြင့်ဟန်၊ ကိုသန်းထိုက်၊ ကိုဟိန်းဇော်ဝင်း၊ ကိုကျော်စွာလင်း၊ ကိုရန်နိုင်စိုး၊ ကိုကျော်ကျော်ထွန်းတို့သည် ဇွန် ၃၀ ရက် ညပိုင်းတွင် လည်းကောင်း၊ ကိုခန့်အောင်ကိုမှာ ဇူလိုင် ၁ ရက်မနက်ပိုင်းတွင် လည်းကောင်း တိုက်ပိတ် ပြစ်ဒဏ်များ ချမှတ်ခံထားရသည်။
““တိုက်ပိတ်ပြစ်ဒဏ်ကို လွယ်လင့်တကူချမှတ်တာ မမှန်ကန်ဘူး။ ကျောင်းသားတွေက ပြစ်ဒဏ်ကျ အကျဉ်း သားမဟုတ်ဘူး။ ယုံကြည်ချက် အကျဉ်းသားတွေ ဖြစ်တယ်။ ဒီအပေါ်မှာ တုံ့ပြန်မှုဖြစ်လာရင် အကျဉ်းထောင် မငြိမ်သက်မှုကိုတွန်း အားပေးသလိုဖြစ်လိမ့်မယ်။ ထောင် ၀င်စာလာတွေ့တဲ့ မိဘ၊ ကျောင်းသားတွေနဲ့ ဆွေး နွေးပြီး တည်ငြိမ်အောင် လုပ်သင့်တယ်။ ဇွန် ၃၀ ရုံးထုတ်အပြန် ဆေးလိပ်နဲ့ကွမ်းယာ ကိစ္စက အဓိကလား၊ ဆဲဗင်းဇူလိုင် အထိမ်းအမှတ်အတွက် တရားရုံးမှာပြုလုပ်လို့ သွယ်ဝိုက်နည်းနဲ့အရေး ယူတာလားဆိုတဲ့ အချက် တစ်ချက်လည်းရှိတယ်”” ဟု ကျောင်းသားများအတွက် အမှုလိုက်ပါဆောင် ရွက်ပေးနေသော တရားလွှတ် တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
ဇူလိုင်လ ၁ရက်တွင်ပင် ဖမ်းဆီးခံကျောင်းသားနှင့် ၀န်းရံပြည်သူများအား လွှတ်ပေးရန်သာယာ ၀တီခရိုင် တရား ရုံးရှေ့တွင်““ဥပဒေ အထက်တွင် သိန်းစိန်ရှိသည်၊ သိန်းစိန် အထက်မှာ ငရဲရှိသည်”” စာတန်းပါ အင်္ကျီဝတ်ဆင် ၍ တစ်ကိုယ်တော်ဆန္ဒပြခဲ့သူ ဦးဝင်းလှိုင်ကိုလည်း ဇူလိုင် ၁ရက်ကပြု လုပ်သည့် ၅ ကြိမ်မြောက်ရုံးချိန်း တွင် နိုင်ငံ တော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅(ခ)၏ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အလုပ်နှင့်ထောင် ဒဏ် ၂ နှစ်ချမှတ်ခဲ့သည်။
သူရိန်ကျော်
သာယာဝတီတရားရုံးရှေ့တွင် တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့သည့် ဦးဝင်းလှိုင်ကို အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် ထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့ – Photo by Zaw Minn Htike
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/
No comments:
Post a Comment